ကြွယ်ဝချမ်းသာမှု၊လာဘ်လာဘတွေပေါများပြီး ရွှေတွေငွေတွေ ဝင်လာမစဲ တသဲသဲဖြစ်ဖို့ ဘာတွေဆောင်၊ဘာတွေရှောင်ကြမလဲ? အိမ်တစ်အိမ်မှာ လာဘ်လာဘပွင့်ဖို့က အရေးကြီးဆုံးပါ။လာဘ်ပိတ်နေရင် ဝင်ငွေထက် ထွက်ငွေကများနေမယ်။ငွေရေးကြေးရေးခက်ခဲနေမယ်။မကုန်သင့်ပဲ ကုန်ရတာတွေများနေပါလိမ့်မယ်။တကယ်လို့မိတ်ဆွေရဲ့အိမ်ဟာ အဲ့ဒီလိုငွေကြေးပိုင်းဆိုင်ရာ အခက်အခဲလေးတွေကြုံနေရရင် လာဘ်ရွှင်ငွေရွှင်စေမယ့် ဖုန်းရွှေနည်းလမ်းကောင်းလေးတွေကိုလုပ်ကြည့်ပါလို့ အကြံပြုလိုက်ပါတယ်။

(၁) မလိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေလွှင့်ပစ်ပါ

အိမ်တစ်အိမ်မှာ မလိုအပ်တဲ့အသုံးအဆောင်ပစ္စည်း၊အဝတ်အစားကအစ မီးဖိုချောင်ပစ္စည်းတွေအဆုံး မလိုတော့ဘူး၊သုံးလို့မရတော့ဘူးဆိုရင် လွှင့်ပစ်ပါ။နောင်တစ်ချိန်အသုံးဝင်လာမှာပဲဆိုပြီးသိမ်းမထားပါနဲ့။အဲ့ဒါတွေကို လာဘ်ပိတ်စေတဲ့အနှောင့်အယှက်တွေပါပဲ။ဒါကြောင့် နှစ်လခြားတစ်ခါလောက် အိမ်ထဲက မလိုအပ်တဲ့ပစ္စည်းတွေကို လွှင့်ပစ်ပေးပါ။

(၂) အိမ်ဝင်ပေါက်ကို ဂရုတစိုက်သန့်ရှင်းပါ 

ကောင်းမွန်တဲ့စွမ်းအင်တွေ၊လာဘ်လာဘတွေဝင်လာစေဖို့ အိမ်အဝင်ပေါက်က သန့်ရှင်းသပ်ရပ်ပြီး ဝင်လာမယ့်ဧည့်သည်ကို နွေးနွေးထွေးထွေးကြိုဆိုနေသယောင်ပြင်ဆင်ပါ။ဥပမာ- အိမ်အဝင်ပေါက်နေရာမှာ ပန်းအိုးလေးတွေနဲ့အလှဆင်ထားတာမျိုး၊အိမ်ထဲကိုမဝင်ခင် ခြေနင်းခုံလှလှလေးတွေခင်းထားထားတာမျိုးလုပ်ပါ။

(၃) ဖန်ကွဲစ၊မှန်ကွဲစအပျက်အစီးတွေကိုဖယ်ရှားပါ

အိမ်ထဲမှာကျိုးပဲ့ပျက်စီးနေတဲ့အရာတွေရှိရင် ဖယ်ရှားလိုက်ပါတော့။မှန်ကွဲစ၊ဖန်ကွဲစတွေကို ချက်ချင်းလွှင့်ပစ်ပါ။အိမ်မှာပျက်စီးကျိုးပဲ့နေတဲ့အရာတွေရှိရင် အဲ့ဒါတွေဟာ အိမ်တစ်အိမ်လုံးက စွမ်းအင်ကောင်းတွေကို စုပ်ယူပစ်ထားသလိုဖြစ်စေပါတယ်။ဒါကြောင့် အိမ်ကိုသေချာလှည့်ပတ်ကြည့်ပြီး လွှင့်ပစ်စရာရှိတာပစ်၊ပြင်စရာရှိတာ ချက်ချင်းပြင်လိုက်ပါ။အဲ့ဒါဆိုရင် လာဘ်လာဘတွေပွင့်လန်းလာပါလိမ့်မယ်။



(၄) မီးဖိုချောင်ကိုသန့်ရှင်းသပ်ရပ်အောင်ထားပါ

သန့်ရှင်းသပ်ရပ်နေတဲ့မီးဖိုချောင်ဟာ ငွေဝင်လာစေဖို့ ဆွဲဆောင်နိုင်စွမ်းရှိတယ်လို့ဖုန်းရွှေနည်းအရ အယူအဆရှိပါတယ်။မီးဖိုချောင်က မလိုအပ်တဲ့ပစ္စည်းတွေကိုရှင်းပါ။လတ်ဆတ်တဲ့အစားအသောက်တွေ၊အသီးအနှံတွေသာရှိပါစေ။ရေခဲသေတ္တာကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။ဒယ်အိုး၊ဒယ်ပိုင်းတည်မယ့် မီးခလုတ်တွေပျက်စီးနေရင်လည်း ချက်ချင်းပြင်လိုက်ပါ။ဒါဆိုရင် ပိုပြီးငွေရွှင်ပါလိမ့်မယ်။

(၅) အိမ်ရှေ့တံခါးကို ဆေးအနီသုတ်ပါ

ဖုန်းရွှေအယူအဆအရ အနီရောင်ဟာ ကံကောင်းစေတဲ့အရောင်ဖြစ်ပါတယ်။ဒါ့အပြင် မကောင်းတဲ့စွမ်းအားတွေကို မသက်ရောက်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့် လာဘ်ပွင့်ချင်တယ်ဆိုရင် အိမ်ရှေ့တံခါးကိုဆေးအနီသုတ်ပေးသင့်ပါတယ်။

(၆) ရေတံခွန်အသေးလေးထားပါ

ဖုန်းရွှေနည်းအရ အမြဲစီးဆင်းနေတဲ့ ရေတံခွန်ဟာ ချမ်းသာကြွယ်ဝခြင်းရဲ့ ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။အိမ်အရှေ့ ဒါမှမဟုတ် အနောက်တောင်အရပ်မှာ ရေတံခွန်အသေးလေးဖြစ်ဖြစ် ထားမယ်ဆိုရင် လာဘ်ခေါ်သလိုဖြစ်ပြီး ငွေဝင်လာပါလိမ့်မယ်။ရေတံခွန်ထားပြီးတဲ့အခါမှာလည်း ပုံမှန်လေးသန့်ရှင်းပေးပြီး ရေလည်းအမြဲစီးဆင်းနေအောင်ထားပါ။ရေတံခွန်လေးထဲမှာ ဒင်္ဂါးပြား ၂၇ ပြားထည့်ထားပေးမယ်ဆိုရင်တော့ ဒင်္ဂါးပြားရဲ့သတ္တုဓာတ်စွမ်းအင်ပါ ပိုရရှိပြီး ရွှေဝင် ငွေဝင် လာဘ်ပိုပွင့်လာစေပါတယ်။

ဒီအချက်လေးတွေထဲက ကိုယ်လုပ်နိုင်တဲ့အချက်လေးတွေကိုလိုက်လုပ်ပေးမယ်ဆိုရင် ပိတ်နေတဲ့ လာဘ်တွေပွင့်လန်းလာပြီး လာဘ်ရွှင်ငွေရွှင်တဲ့အိမ်လေးဖြစ်လာပါလိမ့်မယ်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့ချပေးနိုင်တဲ့ အိမ်မှုကိစ္စများ

အေးချမ်းသာယာပျော်ရွှင်တဲ့အိမ်လေးဖြစ်ဖို့ ဒီလိုဖုန်းရွှေနည်းလေးတွေသုံးကြမယ်

သင့်အိမ်ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ အဆောင်ယောင် အပြင်အဆင်များ

သင့်အိမ်မှာ မီးကွင်းဂမုန်းပင် စိုက်ထားပါသလား၊ မစိုက်ရသေးရင် စိုက်ထားပါ

Posted By : Ra Wai (ShweProperty.com)