အိမ်ပြင်တယ်ဆိုတာ ကုန်ကျစရိတ်ရှိပြီး အချိန်ပေးရတာမို့ အိမ်ရှင်များက အိမ်ပြင်ရမယ်ဆိုရင် မလုပ်ချင်ကြပါဘူး။ သို့သော်လည်း အိမ်ပြင်ပြီးတဲ့အခါမှာ အိမ်မှာနေထိုင်တဲ့သူတွေအတွက် စိတ်ပျော်ရွှင်မှုနဲ့ အိမ်တန်ဖိုးကိုမြှင့်တင်ပေးနိုင်တယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။ အိမ်ပြင်တယ်ဆိုရာမှာ အကြောင်းပြချက်အမျိုးမျိုးရှိကြပါတယ်။ ပျက်စီးလို့ပြုပြင်တာရှိသလို အဆင့်မြှင့်ဖို့ လိုအပ်လာပြီဖြစ်လို့ ပြုပြင်တာမျိုးလည်းရှိပါတယ်။ ဘယ်လိုပဲပြင်ပြင် အိမ်ပြင်ဖို့စဉ်းစားပြီဆိုတာနဲ့ ကြိုတင်တွေးထားရမယ့် အကြောင်း အရာတွေ၊ ဆောင်ရန်နှင့် ရှောင်ရန်အချက်အလက်တွေကို လေ့လာထားသင့်ပါတယ်။

အိမ်ကိုပြန်လည်ပြုပြင်တဲ့အခါမှာ ခေတ်နှင့်အမှီပြင်ဆင်ဖြစ်ဖို့နဲ့ ပုံစံအသစ်တစ်ခုကိုပြောင်းလဲနိုင်ဖို့က အရေးကြီးပါတယ်။ တကယ်လို့ အိမ်မှာအသုံးပြုနေတဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ ပရိဘောဂတွေကိုပါ အသစ်ဝယ်ပြီးအစားထိုးနိုင်တယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။ တိုးပွားလာတဲ့ မိသားစုဦးရေအရေအတွက်အရ အခန်းသစ်ချဲ့ထွင်တာမျိုးဆိုရင်တော့ နံရံတွေကိုအသစ်ပြန်ဖွဲ့တာမျိုးပြုလုပ်လေ့ရှိပါတယ်။ အဲလိုပြုပြင်တဲ့အခါ မှာ အိမ်အတွင်းကိုဝင်ရောက်လာမယ့်အလင်းရောင်ကို မပိတ်မိစေဖို့အထူးသတိပြုရပါမယ်။ ရှိရင်းစွဲအကျယ် အဝန်းကို အခန်းထပ်ဖွဲ့တာဖြစ်လို့ အိမ်ကလေးကျဉ်းမြောင်းသွားတယ်လို့ မခံစားရအောင်အလင်းရောင်ကိုပိုပြီး ဂရုပြုသင့်တာဖြစ်ပါတယ်။ 



၁။ အိမ်မှာနေထိုင်သူတို့ရဲ့ ပျော်ရွှင်မှုနဲ့ သက်တောင့်သက်သာရှိမှု

ပျော်ရွှင်ခြင်းဟာ လူသားတိုင်းမျှော်လင့်တောင်းတကြတဲ့အရာတစ်ခုပါ။ အလုပ်ကပင်ပင်ပန်းပန်းပြန်လာလို့ အိမ်ရောက်တဲ့အခါမှာ သက်တောင့်သက်သာအနားယူနိုင်မှသာ ဘဝရဲ့ ပျော်ရွှင်ခြင်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်က အိမ်ပြုပြင်သင့်ခြင်းရဲ့ ပထမဆုံးအချက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ အိမ်ရဲ့ အပြင်အဆင်တွေက ဟောင်းနွမ်းနေတာပဲဖြစ်ဖြစ်၊ ပြုပြင်ဖို့လိုတာပဲဖြစ်ဖြစ် ပြန်လည်ပြုပြင်လို့ မတုံ့ဆိုင်းသင့်ပါဘူး။ ငွေကြေးအခက်အခဲရှိနေတယ်ဆိုရင်တောင် အိမ်မှာရှိတဲ့ ပရိဘောဂတွေကို နေရာပြန်ချတာပဲ ဖြစ်ဖြစ်လုပ်လိုက်ပါ။ စိတ်ရဲ့ပျော်ရွှင်ခြင်းကိုရရှိစေပြီး လန်းဆန်းလာပါလိမ့်မယ်။

၂။ လုံခြုံမှုအတွက် ပြုပြင်ခြင်း

အိမ်ပြင်ခြင်းရဲ့ အခြားအကြောင်းအရာတစ်ခုကတော့ လုံခြုံမှုရှိစေဖို့ဖြစ်ပါတယ်။ အိမ်မှာနေတဲ့ မိသားစုဝင် တွေရဲ့ လုံခြုံမှုအတွက် အမိုးအကာ၊ ခေါင်မိုးနဲ့ တံခါးတွေကို မကြာခဏစစ်သင့်ပါတယ်။ ခေါင်မိုးမှာ အပေါက်ရှိနေပြီလား။ သစ်သားတွေ ဆွေးနေပြီလား အစရှိသဖြင့်စစ်ဆေးသင့်ပါတယ်။ သို့မှသာ လေဒဏ်၊ မိုးဒဏ်တို့ကို ကြံ့ကြံ့ခံနိုင်မှာဖြစ်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ သီရိဂေဟာကိုပိုင်ဆိုင်နိုင်မှာပါ။

၃။ အိမ်ရဲ့ တန်ဖိုးကိုမြှင့်တင်ရန်

အိမ်ကိုပြန်ရောင်းတော့မယ်လို့ စဉ်းစားပြီဆိုရင်တော့ လိုအပ်တဲ့နေရာလေးတွေကို အနည်းငယ်ပြုပြင်လိုက်ရုံနဲ့ ဈေးကောင်းရနိုင်တယ် ဆိုတာကတော့ အရေးကြီးတဲ့အချက်တစ်ချက်ပါ။ ညစ်ထေးနေတာတွေကို ပြန်လည်သစ်လွင်သွားအောင် ပြင်ဆင်လိုက်ပါလို့ အကြံပြုချင်ပါတယ်။ အိမ်ကို ပြန်ရောင်းဖို့စိတ်ကူးထားတဲ့အခါမှာ အဓိကပြုပြင်သင့်တာကတော့ အိမ်ထဲကို ဝင်တဲ့တံခါးမကြီး၊ ဧည့်ခန်း၊ ရေချိုးခန်းနဲ့အိမ်သာတို့ ဖြစ်ပါတယ်။ အိမ်ဝင်ပေါက်တံခါးမကြီးဟာ အိမ်ဝယ်ဖို့လာကြည့်သူရဲ့ စိတ်အာရုံကို ဖမ်းစားမှု အများဆုံးဖြစ်ပါတယ်။ အဲဒီနောက် အိမ်နဲ့ပတ်သက်ပြီးစကားပြောဆိုတဲ့အခါမှာ ဧည့်ခန်းမှာ ပြောဆိုလေ့ရှိတာကြောင့် ဝယ်သူရဲ့ စိတ်အာရုံကိုဖမ်းစားနိုင်တဲ့ ဒုတိယမြောက်နေရာဖြစ်ပါတယ်။ ရေချိုးခန်းနဲ့ အိမ်သာကိုလည်း စနစ်တကျပြုပြင်ထားတယ်ဆိုရင် ဈေးကောင်းရဖို့ အခွင့်အလမ်းတွေရလာမှာ သေချာပါ တယ်။ ပိုမိုသစ်လွင်တောက်ပတဲ့ အဆင်မြင့်အသုံးအဆောင်တွေ၊ ပြင်ဆင်မှုတွေကို မလုပ်ဖြစ်သေးဘူး ဆိုရင်တောင် ရှိရင်းစွဲအပြင်အဆင်လေးကို ကြည့်ကောင်းအောင်၊ အဟောင်းပုံသဏ္ဍာန်မဖြစ်အောင် ပြုပြင် ထားသင့်ပါတယ်။ သို့မှသာ အိမ်ဝယ်မည့်သူရဲ့အမြင်အာရုံကို စွဲဆောင်နိုင်မှာဖြစ်ပြီး ဈေးလည်းပိုရနိုင်မှာပါ။



၄။ အိမ်ရဲ့အခြေခံဒီဇိုင်းကို လစ်လျူရှုခြင်း

တခါတရံမှာ အိမ်ကိုပြုပြင်ချင်လွန်းတဲ့စိတ်တစ်ခုနဲ့ အားပါးတရပြင်မိတာမျိုးတွေဖြစ်တတ်ပါတယ်။ ဥပမာ – အိမ်ကိုစတင်တည်ဆောက်ပြီး ပြင်ဆင်နေထိုင်ခဲ့စဉ်က classic ဒီဇိုင်းကို နှစ်ခြိုက်ခဲ့တဲ့အတွက် အိမ်မှာသုံးထားတဲ့ ခန်းဆီးလိုက်ကာ၊ ပရိဘောဂ၊ ကြမ်းခင်းကစလို့ အပြင်အဆင်အားလုံးကို classic အရသာပြင်ဆင်ခဲ့ပြီး ယခု အိမ်ပြင်တဲ့အခါမှာ မော်ဒန်ဒီဇိုင်းပြုပြင်မယ်ဆိုရင် ပရိဘောဂတစ်ခုတည်းကို ပြောင်းပစ်လိုက်ရုံနဲ့ အိမ်ရဲ့ အလှတရားတစ်ခုဟာပေါ်လွင်သွားမှာမဟုတ်ပါဘူး။ ဆိုလိုချင်တာက အိမ်ရဲ့ နဂိုရှိရင်းစွဲဗိသုကာအသွင်အပြင်ကို ပြန်လည်အသုံးချမှာလား၊ အသွင်အပြင်အားလုံးပြောင်းလဲမှာလား ဆိုတာကို သတိပြုစေချင်တာပါ။

၅။ သစ်ပင်ပန်းမန်နှင့် မြေယာအလှကို သတိပြုပါ

အိမ်တွေကို အသွင်သစ်တစ်ခုအဖြစ်ပြောင်းလဲတဲ့အခါမှာ အစိမ်းရောင်ရှိတဲ့သစ်ပင်၊ ပန်းပင်လေးများကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါတယ်။ အစိမ်းရောင်သည် ရှုမြင်သူတို့အတွက် အမြင်အေးစေတဲ့အပြင် အိမ်အလှဆင်ခြင်းအတွက် ပံ့ပိုးပေးသောအရာတစ်ခုပါ။ တကယ်လို့ ရေလောင်းဖို့၊ နေပြပေးဖို့အတွက် အဆင်မပြေနိုင်ဘူးဆိုရင် သစ်ပင်အတုလေးတွေကို ထည့်သွင်းတန်ဆာဆင်ပါ။ အစိမ်းရောင်သွင်ပြင်သစ် တစ်ခုက အိမ်မှာနေထိုင်သူတို့အတွက် စိတ်ချမ်းမြေ့မှုကိုပေးစွမ်းမှာ အသေအချာပါ။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အခန်းကိုကျယ်သယောင်ဖြစ်သွားစေမဲ့ပြင်ဆင်မှုများ