အရောင်တွေဟာ စိတ်ခံစားမှုတွေကို ပြောင်းလဲပေးနိုင်သလို အခန်းတွေမှာဆိုရင်လည်း ကျဉ်းစေ၊ ကျယ်စေနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ သင်သိပါသလား?။ 

တစ်ခါတစ်လေမှာ အခန်းတွေရဲ့ အကျယ်အဝန်းဟာ ကိုယ့်ရဲ့စိတ်တိုင်းကျ မဖြစ်နိုင်ပါဘူး။ အခန်းတိုင်းဟာ စတုရန်းပုံစံ အမြဲမဖြစ်တာကြောင့် အလျားရှည်ရင်လည်း ရှည်နိုင်သလို၊ အနံတိုရင်လည်း တိုနိုင်ပါတယ်။ ကိုယ်က အခန်းကျယ်ကျယ် လိုချင်ပေမယ့် အခန်းက ကျဉ်းနေတဲ့အခါ၊ ကိုယ်က အခန်းမြင့်မြင့်လိုချင်ပေမယ့် ကိုယ်အခန်းလေးက နိမ့်နေသလို ခံစားရတဲ့အခါ စိတ်အဆင်မပြေ မွန်းကြပ်မှုတွေ ခံစားလာရနိုင်ပါတယ်။ ဒီတော့ ဒီဆောင်းပါးလေးမှာ အရောင်လေးတွေ ကစားပြီး အခန်းကို ပြောင်းလဲဖို့ Tips ကလေးတွေ ဖော်ပြပေးသွားမယ်နော်။ 

- အခန်းကျယ်စေဖို့အတွက် 
အဖြူရောင်သုံးပါ။ ရုံးခန်းတွေမှာ အဖြူရောင် အသုံးများတာကလည်း ဒီအချက်ကြောင့်ပါပဲ။ ဝန်ထမ်းများတဲ့ ရုံးဌာနတွေမှာဆိုရင် အဖြူရောင် အခန်းဟာ မြင်ကွင်းကို ရှုပ်မနေစေဘဲ ကျယ်ကျယ်ဝန်းဝန်း ဖြစ်စေကာ စိတ်ကိုလည်း ကြည်လင်စေပါတယ်။ 

- အခန်းကျဉ်းစေဖို့အတွက်
 မျက်နှာကျတ်နဲ့ အခန်းတံခါးဝရဲ့ မျက်နှာချင်းဆိုင် နံရံကို အဖြူရောင်သုတ်ပြီး ဘေးနှစ်ဖက်ကို အရောင်ရင့်ခြယ်လိုက်ပါ။ ဒီနည်းလမ်းဟာ အိပ်ခန်းအတွက် သင့်တော်ပါတယ်။ အခန်းကျဉ်းသလို ဖြစ်တာကြောင့် နွေးထွေးပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ 



- အလျားကျယ်ဖို့ အတွက် 
နံရံကို အပေါ်၊ အောက် ၂ ပိုင်းခွဲပြီး အပေါ်ပိုင်းကို အရောင်အနု၊ အောက်ပိုင်းကို အရောင်အရင့် သုံးပေးနိုင်ပါတယ်။ ဒါဆိုအလျားကျယ်တယ်လို့ ခံစားရစေမှာ ဖြစ်ပါတယ်။ 

- အခန်းမြင့်တယ်ထင်ရဖို့
အခန်းနိမ့်နိမ့်လေးတွေက ဆောင်းရာသီဆိုရင် နွေးထွေးနေနိုင်ပေမယ့် နွေရာသီဆိုရင် လှောင်သလိုဖြစ်ပြီး ပူအိုက်စေတယ်နော်။ စိတ်မပူပါနဲ့ အရောင်ကို ကစားကြည့်ရအောင်....။ မျက်နှာကြတ်ကို အဖြူရောင်ထားပြီး အောက်ခြေ ကြမ်းခင်းကို အရောင်ရင့်သုံးလိုက်ပါ။ ဒါဆိုရင် အခန်းမြင့်တယ်လို့ ထင်ရစေမှာ ဖြစ်ပါတယ်။ 

- နံရံကပ် အလှဆင်ပစ္စည်းလေးတွေ ပေါ်လွင်စေဖို့
နံရံမှာ နာရီအလှလေးနဲ့ အလှဆင်ထားတာပဲဖြစ်စေ၊ ကိုယ်ဆွဲထားတဲ့ ပန်းချီလေးတွေ အလှဆင်ချင်တဲ့အခါဖြစ်စေ အခန်းထဲ ဝင်လိုက်တာနဲ့ ထင်းခနဲ မြင်သာစေဖို့ လျို့ဝှက်နည်းလမ်းလေးတစ်ခုရှိပါတယ်။ ကိုယ်အလှဆင်မယ့် နံရံကို အဖြူရောင်၊ ဒါမှမဟုတ် အရောင်ဖျော့ခြယ်ပြီး ဘေးပတ်ပတ်လည်ကို အရောင်ရင့် ခြယ်လိုက်ခြင်းပါပဲ။

ကဲ ..... Tips ကလေးတွေလည်း စုံသလောက် ဖြစ်သွားပြီဆိုတော့ ဆောင်းပါးလေးကို ဒီမှာပဲ ရပ်လိုက်တော့မယ်နော်။ ဒီဆောင်းပါးလေးဖတ်ပြီး အိမ်မှာဆေးသုတ်ဖို့ Idea အချို့ ရသွားမယ်လို့ မျှော်လင့်ပါတယ်ရှင်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

တိုက်ခန်းအဟောင်းကို လူနေထိုင်ဖို့ ပြင်ဆင်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ 

တစိမ့်စိမ့်နဲ့ ဘေးဖြစ်နေစေတဲ့ လူတော်တော်များများသတိမထားမိသော အိမ်တွင်းအန္တရာယ်တွေ 

သားသားမီးမီးတို့ရဲ့ အခန်းလေးကို ချစ်စရာကောင်းအောင် ပြင်ဆင်မယ် 

အိမ်မဆောက်ခင် ဒါတွေ အရင်သိထားမှဖြစ်မယ်နော် 

Posted By : John (ShweProperty.com)