အိမ်ရှင်မတွေ  သတိမမူမိဘဲ အမှတ်တမဲ့ဖြစ်နေတတ်တဲ့ kitchen sponges လို့ ခေါ်ကြတဲ့ အိုးခွက်၊ပန်းကန်ဆေး ရေမြှုပ်ဖတ်၊ ရေဖတ်တိုက်အတုံးအဖတ်နှင့် ဖော့တုံးလေးများအကြောင်းကို  အိမ်ရှင်မများနှင့်အတူ စာဖတ်သူများအား သတိပြုမိစေရန် ဖော်ပြပေးလိုက်ပါတယ်။

ပန်ကန်ဆေးရေမြှုပ်ဖတ်ဆိုတာ ဘက်တီးရီးယားတွေနဲ့ အမြဲပြည့်နေတတ်တဲ့အရာပါ။ ရေမြှုပ်ဖတ်၊ ဖော့တုံးလေးများကို အိုးခွက်၊ ပန်းကန်ဆေးရုံတင်မဟုတ်ဘဲ တခြားမီးဖိုချောင်သန့်ရှင်းရေး လုပ်ရာမှာလည်း အသုံးပြုတတ်ကြပါတယ်။ အိုးခွက်၊ ပန်းကန်ဆေးသုံးနဲ့ မီးဖိုချောင်သန့်ရှင်းရေးသုံး ရေမြှုပ်ဖတ်ကို သက်သက်တစ်ခုစီထားသင့်ပါတယ်။ အရောင်ခွဲ၍ (သို့ ) ရေမြှုပ်ဖတ် အမျိုးအစားမတူတာမျိုးနဲ့ သီးခြားဆီခွဲသုံးသင့်ပါတယ်။ ရေမြှုပ်ဖတ်ကို ဘက်တီးရီးယားမတက်အောင် တစ်နေ့တာသုံးပြီးလျှင် သံပုရာရည်၊ ရေနွေးပူဖြင့်ဆေးတာတို့ ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် သိပ်တော့ မထူးခြားလှပါဘူး။ သုံးပြီးသားရေမြှုပ်ဖတ်တွေမှာ အန္တရာယ်များလှတဲ့ ဘက်တီးရီးယားပိုးတွေ၊ အီးကိုလိုင်း (E.coli) နှင့် အစာအဆိပ်ဖြစ်စေတတ်သောပိုးတွေဟာ အစားအစာ အဆိပ်သင့်တဲ့ အန္တရာယ်မျိုးများကို အလွယ်တကူကျရောက်တတ်ပါတယ်။



အမေရိကန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးသုတေသနဌာနရဲ့ ပြောကြားချက်အရ ဒီလိုရောဂါပိုးတွေကို သတ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ မိုက်ခရိုဝေ့ဖ်ထဲ (၁) မိနစ်ကြာ အပူပေးလို့ရသလို ပန်းကန်ဆေးစက်ထဲသို့လည်း ထည့်ဆေးလို့ရပါတယ်။ ဒီနည်းလမ်းနှစ်မျိုးလုံးဟာ ရေမြှုပ်ဖတ်ပေါ်က ဘက်တီးရီးယားပိုးတွေကို ၉၉.၉၉၉ ရာခိုင်နှုန်း သေစေနိုင်ပါတယ်။

အခုနောက်ပိုင်းမှာ ပိုးသတ်ပြီးသား ရေမြှုပ်ဖတ်တွေကို အသုံးပြုလာတာကိုတွေ့ရပါတယ်။ အဲဒီပိုးသတ်ပြီးသား ရေမြှုပ်ဖတ်မှာ ထရိုင်ကလိုဆန် (Triclosan) ဆိုတဲ့ Chemical နဲ့ ပြုလုပ်ထားတာကြောင့် ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒါ့အပြင် ပတ်၀န်းကျင်ကိုလည်း ထိခိုက်စေပါတယ်။ ဒီရေမြှုပ်ဖတ်နဲ့သုံးတဲ့ရေတွေ မြစ်ထဲ၊ သမုဒ္ဒရာထဲသာ ပါသွားမယ်ဆိုရင် ပင်လယ်သတ္တဝါတွေအတွက် အန္တရာယ်များလှပါတယ်။ ရိုးရိုးရေမြှုပ်ဖတ်တွေကမှ ပတ်၀န်းကျင်ကို မထိခိုက်နိုင်စေပါဘူး။ ဒါ့ကြောင့် သပွတ်သီးအခြောက်ကို အမေရိကန်သဘာဝထိန်းသိမ်းရေးအဖွဲ့မှ အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ အခုနောက်ပိုင်း အိမ်တွေမှာတောင် သပွတ်ပင်ကိုစိုက်ပျိုးပြီး သပွတ်သီးကို အစားထိုးအသုံးပြုလာတာကို တွေ့ရပါတယ်။

မီးဖိုချောင်နှင့် ပန်းကန်ဆေးတဲ့နေရာကို အသုံးပြုပြီးတာနဲ့ ရေနွေးပူဖြင့်ဆေးကြောပြီး သန့်ရှင်းအောင်ထားပါ။ ရေမြှုပ်ဖတ်ကိုလည်း သုံးပြီးလျှင် ရေစင်အောင်ညှစ်ပြီးထားပါ။ ရေမြှုပ်ဖတ် ရေစိုနေလျှင် ဘက်တီးရီးယားပိုးတွေ လွယ်ကူစွာ ပေါက်ဖွားတိုးပွားနိုင်ပါတယ်။ ဝါးနှင့်ပြုလုပ်ထားတဲ့ ရေမြှုပ်ဖတ်၊ ရေမြှုပ်တုံးလေးများကို အခုချိန်ခါမှာ လူသုံးများလာတာကိုလည်း တွေ့ရှိရပါတယ်။ ဝါးရဲ့သဘာ၀ဟာ ဘက်တီးရီးယားနဲ့ မှိုတက်တာကို ခုခံနိုင်တဲ့ စွမ်းအားရှိတာကြောင့် ဖြစ်ပါတယ်။

ရေမြှုပ်ဖတ်၊ ရေမြှုပ်တုံးလေးများ အနံ့အသက်ဆိုးတာကို ပျောက်စေချင်တယ်ဆိုရင်တော့ Mrs. Clean USA website ရဲ့ ပြောကြားချက်အရ ရေပုံးထဲသို့ရေဖြည့်ပါ။ ပြီးလျှင် ၂/၃ အစွန်းချွတ်ဆေး (အရောင်ချွတ်ဆေး) နဲ့ရောမွှေပြီး ရေမြှုပ်ဖတ်ကို မိနစ် ၃၀ လောက်ထည့်စိမ်ထားလျှင် အနံဆိုးများပျောက်ပါတယ်။ တချို့ မှာ ရေနွေးနဲ့ ရှာလကာရည်အရောထဲမှာ ထည့်စိမ်ပါတယ်။ အဆင်ပြေတဲ့နည်းနဲ့ လုပ်ကြည့်လို့ရပါတယ်။ ရေမြှုပ်ဖတ်လေးကို နှစ်ရက်၊ သုံးရက် တစ်ခါလောက် မိုက်ကလိုဝေ့ဖ်နဲ့ ခွက်ထဲရေထည့်ပြီး ရေမြှုပ်ဖတ်ကိုထည့်ကာ အပူပြင်းပြင်းဖြင့် (သို့) ပန်းကန်ဆေးစက်ထဲ ထည့်ဆေးလို့ရပါတယ်။ ရေမြှုပ်ဖတ်ကို သုံးပြီးလျှင် ဆပ်ပြာဖြင့် စင်အောင်ဆေးပြီး ရေစင်အောင်ညှစ်ထားပါ။



ရေမြှုပ်ဖတ်တစ်ခုကို ဘယ်လောက်အချိန်ထိ သုံးလို့ရပါသလဲဆိုရင်တော့ ကိုယ်သုံးတဲ့ရေမြှုပ်ဖတ်အမျိုးအစားနဲ့ အရွယ်ပေါ်မူတည်ပါတယ်။ ဂရုတစိုက်နဲ့အသုံးပြုမယ်ဆိုရင် ရေမြှုပ်ဖတ်တစ်ခုရဲ့ သက်တမ်းက ၂ ပတ် ကနေ ၈ ပတ် လောက်ခံပါတယ်။ ရေမြှုပ်ဖတ်ကို အမွှေးတွေ အမျှင်တွေ အရမ်းဖွာအောင်ထိမသုံးပါနှင့်။ အန္တရာယ်များပါတယ်။ ရေမြှုပ်ဖတ်ရဲ့ အမွှေးအမျှင်တွေ အိုးခွက်ပန်းကန်ဆေးတဲ့အခါ ကပ်ပါသွားတတ်ပါတယ်။

အခုအခါမှာ ရေမြှုပ်ဖတ်လေးတွေကို အိမ်ရှင်မတွေနဲ့အတူ အားလုံးသတိပြုမိစေရန်အတွက် ချစ်စရာ၊  ဆွဲဆောင်စရာ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ ကာလာစုံကို ဆိုင်တော်တော်များများမှာ ၀ယ်ယူလို့ ရနေပါပြီ။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

သင့်အိမ်ခန်း သို့မဟုတ် ရုံးခန်းထဲက HOUSEPLANTS လေးများကို ဘယ်လိုဂရုစိုက်ရမလဲ

သင့်ကျန်းမာရေးကောင်းအောင် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ

အခန်းတွင်း လေသန့်စင်ပေးနိုင်မယ့် အပင်လေးတွေ စိုက်ကြည့်ရအောင်

Credit By: Greenway Myanmar
Posted By: Ra Wai (ShweProperty.com)