မာရီလင်မွန်ရိုးလို့ပြောလိုက်ရင် တစ်ခေတ်တစ်ခါက ပုရိသတွေရူးလောက်အောင် ပြုစားနိုင်စွမ်းရှိတဲ့ ညို့အားပြင်း ဟောလိဝုဒ်မင်းသမီးကို ပြေးမြင်မိကြမှာပါ။ မွန်ရိုးဟာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ကမ္ဘာကျော်မင်းသမီး၊ လူတွေကို ဟဒယရွှင်ဆေးတိုက်ကျွေးသူ၊ အဆိုတော်၊ မော်ဒယ်တစ်ဦးဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ sex symbol လို့ ပြောရလောက်အောင်ကို ညို့အားပြင်းပြီး လိုချင်သူတွေ ဝိုင်းဝိုင်းလည်ခဲ့ပါတယ်။ 

လက်ရှိမှာ မွန်ရိုးရဲ့ ဘဝအကြောင်းကို Documentry ရုပ်ရှင်ပြန်ရိုက်နေပြီဖြစ်တဲ့အလျောက် Shwe Propery ကနေလည်း မွန်ရိုးပရိသတ်တွေအတွက် မွန်ရိုး နှစ်ခြိုက်စွာဝယ်ယူခဲ့ပြီး ခေါင်းချသွားတဲ့ Los Angeles က အိမ်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ 



မွန်ရိုးရဲ့အိမ်ဟာ 12305 Fifth Helena Dr, Los Angeles, California မှာတည်ရှိပြီး 23,200 စတုရန်းပေကျယ်ဝန်းပါတယ်။ ဒီအိမ်ကြီးဟာ မွန်ရိုးကိုယ်တိုင် နှစ်ခြိုက်စွာ ရွေးချယ်ဝယ်ယူခဲ့တဲ့ တစ်လုံးတည်းသော အိမ်ဖြစ်ပြီး မွန်ရိုးရဲ့ စိတ်လုံခြုံရာနေရာလေးလို့ ဆိုပါတယ်။ 

အိမ်ရဲ့ဖွဲ့စည်းပုံ

မွန်ရိုးကိုယ်တိုင် ရွေးချယ်ဝယ်ယူခဲ့တဲ့ ဒီအိမ်ဟာ သူမရဲ့ ချစ်သူရည်းစား၊ အမျိုးသားတွေနဲ့ အတူတူဝယ်ခဲ့တဲ့အခြားအိမ်တွေလို သိပ်အများကြီးခမ်းနားနေတာမျိုးတော့မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် သူ့ရဲ့စျေးနှုန်းနဲ့ အခြားသာမန်အိမ်တွေထက် ပိုခမ်းနားလှပတဲ့ အချက်ကြောင့်သာ ဇိမ်ခံအိမ်လို့ အမည်တပ်ရပေမယ့် ဒီအိမ်လေးဟာ ပါးနီမခြယ်၊ ပေါင်ဒါမပုတ်ထားတဲ့ ကျေးတောသူမလေးရဲ့အလှလို အေးချမ်းလှပတဲ့ ရိပ်မြုံလေးတစ်ခုလို့ ဆိုရမှာပါ။ ဒီအိမ်လေးဟာ L ပုံစံ တစ်ထပ်အိမ်လေးဖြစ်ပြီးသူ့မှာ အိပ်ခန်း (4) ခန်းသာပါရှိပါတယ်။ ဒီအိမ်ကို (1929) ခုနှစ်မှာ တည်ဆောက်ထားခဲ့တာဖြစ်ပြီး မွန်ရိုးဟာ အိမ်ကိုဝယ်ပြီးပြီးချင်းမှာ အိမ်ကို စပိန်စတိုင် အလှဆင်ဖို့အတွက် Mexico ကို ကိုယ်တိုင်ခရီးထွက်ပြီး လိုအပ်တဲ့ပစ္စည်းတွေ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခဲ့ပါသေးတယ်။ 



အိပ်ခန်း (4) ခန်း၊ရေချိုးခန်း (3) ခန်း၊ အလုပ်ခန်း (1) ခန်း၊ ရေကူးကန် (၁) ကန်သာ ပါရှိတဲ့ဒီအိမ်လေးကို မွန်ရိုးက “လောကကြီးထဲကထွက်ပြေးပုန်းခိုရာ လုံခြုံတဲ့ ခံတပ်အိမ်လေး”လို့ညွှန်းဆိုခဲ့လေ့ရှိပါတယ်တဲ့။ 



အိမ်ရဲ့အပြင်ဘက်မှာ ဘာ shape ရယ်လို့ တိတိကျကျမရှိတဲ့ Freeform Swimming Pool တစ်ခုရှိပြီး ရေကူးကန်ကို အိပ်ခန်းတွေထဲကနေလည်း ထွက်လာလို့ရသလို အလုပ်ခန်းထဲကနေလည်း ထွက်လာလို့ ရတယ်လို့ဆိုပါတယ်။ မွန်ရိုးဟာ ဒီအိမ်လေးမှာ နွေးထွေးတဲ့ မီးလင်းဖိုလေးနားမှာ မာဂရီတာလေး မြုံ့ရင်း ရခဲတဲ့ ဒဏ်ရာအနာတရတွေကို ဖြေဖျောက်လေ့ရှိခဲ့ဟန်တူပါတယ်။ 

ဒါပေမယ့် မွန်ရိုးဟာ သူချစ်တဲ့အိမ်ကလေးမှာ အချိန်အကြာကြီးနေမသွားရရှာပါဘူး။ အိမ်ကလေးကို သူ့စိတ်ကြိုက် စပိန်စတိုင်အိမ်ကလေးအဖြစ် မွမ်းမံပြင်ဆင်ပြီးနောက် အိမ်တစ်အိမ်မှာ အခြေချလေ့မရှိခဲ့တဲ့ မွန်ရိုးဟာ ဒီအိမ်ကလေးမှာ မြဲနေခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလိုအခြေကျ​ပြီး ခြောက်လလောက်အကြာမှာ မွန်ရိုးဟာ ဒီအိမ်ကလေးထဲမှာပဲ ဆေးလွန်ပြီး သေဆုံးသွားခဲ့ရှာပါတယ်။ အိမ်ကလေးရဲ့မျက်နှာစာက တံတိုင်းတွေပေါ်မှာထွင်းထားတဲ့ “Cursum Perficio” မြန်မာလို “ငါ့ခရီးရဲ့အဆုံးသတ်”၊ “လာခဲ့တဲ့ခရီး အဆုံးသတ်ခဲ့ပြီ” လို့ အဓိပ္ပါယ်ရတဲ့ လက်တင်စာသားတွေဟာ မွန်ရိုးအတွက် တကယ်ဖြစ်သွားခဲ့ပြီပေါ့။ 



နောက်ထပ်ပိုပြီးဝမ်းနည်းစရာကောင်းတာတစ်ခုက လုံခြုံနွေးထွေးတဲ့ safe house လေး၊ ပုန်းခိုရာလေးလို့ မွန်ရိုးယုံကြည်ခဲ့တဲ့ သူမရဲ့ အိမ်ကလေးမှာ အတွင်းက နံရံတွေနဲ့ အမိုးတွေပေါ်မှာ စုံစမ်းထောက်လှမ်းရေးကိရိယာတွေတပ်ဆင်ထားခဲ့တာကို နောက်ထပ်အိမ်ကိုဝယ်ယူလိုက်သူ​တွေက အိမ်ပြင်ဆင်ရင်းနဲ့ရှာဖွေတွေ့ရှိလိုက်တဲ့ဖြစ်ရပ်ပါပဲ။ မွန်ရိုးမသေဆုံးခင် John F.Kennedy နဲ့ ပတ်သက်နေခဲ့တယ်ဆိုတဲ့ ကောလဟလတွေထွက်ရှိခဲ့တာကြောင့် အဲဒီအချိန်မှာ သမ္မတရဲ့ ထောက်လှမ်းရေးတွေက ဒီကိရိယာတွေ လာတပ်ဆင်ထားခဲ့တာလည်းဖြစ်နိုင်တယ်လို့ လူတွေက ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမယ့် သတင်းအတည်ပြုချက်တော့ မရှိခဲ့ပါဘူး။ ဒီအကြောင်းတွေကို မွန်ရိုးတော့ သိမသွားရှာဘူးပေါ့လေ။ 



မွန်ရိုးဟာ ရက်ရက်စက်စက်လှပြီး ဘဝကို ရှုပ်ရှုပ်ထွေးထွေးနေထိုင်ခဲ့ပေမယ့် ရိုးရှင်းအေးချမ်းမှုကိုမြတ်နိုးတဲ့ အမျိုးသမီးငယ်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ ဒီရိုးရှင်းတဲ့အိမ်ကလေးက သက်သေပြသွားခဲ့တာပါပဲ။ သူ ပုန်းခိုရာအိမ်ကလေးကနေ လောကကြီးထဲကို ဘယ်တော့မှပြန်ထွက်မလာတော့တဲ့ အမျိုးသမီးလေးပေါ့။ 

အခုပြောပြသွားတာကတော့ အလှနတ်သမီး မာရီလင်မွန်ရိုးရဲ့သူမကိုယ်တိုင် ပထမဆုံးနဲ့နောက်ဆုံးဝယ်ယူနေထိုင်ခဲ့တဲ့ Los Angeles က ဇိမ်ခံအိမ်အကြောင်းပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

LIONEL MESSI ရဲ့ ယူရို (5) သန်းခွဲတန် အိပ်မက်ဆန်သော ကမ်းခြေအိမ်ကြီးသို့ အလည်တစ်ခေါက်

BRAD PITT ရဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ ဒေါ်လာ သန်း (၄၀) တန် ရှေးဟောင်းအိမ်ကြီးအကြောင်း

ALIA လေးရဲ့ အမိုက်စားအပြင်အဆင်နဲ့ အိမ်ကြီးကို အလည်တစ်ခေါက်

SELENA GOMEZ နဲ့ HAILEY BIEBER ဘယ်သူက ပိုကြီးကျယ်ခမ်းနားတဲ့အိမ်ကို ပိုင်ဆိုင်ထားလဲ

Posted By : Ra Wai (ShweProperty.com)