ဘောလိဝုဒ်မင်းသမီးချောလေး Alia Bhatt ဟာ အိန္ဒိယရုပ်ရှင်လောကမှာ အနုပညာရှင်အချင်းချင်းကတောင် လေးစားအားကျရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမဟာ ဘောလိဝုဒ်မင်းသား Ranbir Kapoor နဲ့လက်ထပ်ထားပြီး မကြာခင်မှာဆိုရင် ရင်သွေးလေး မွေးဖွားတော့မှာပဲဖြစ်ပါတယ်။ ဒီနေ့တော့ Shwe Property ရဲ့ စာဖတ်သူတွေအတွက် Alia လေးရဲ့ မွန်ဘိုင်းက ဇိမ်ခံအိမ်ကြီးအကြောင်း ဖော်ပြပေးလိုက်ပါတယ်ရှင်။ 

New York Style ဖန်တီးထားတဲ့ Alia ရဲ့မွန်ဘိုင်းက ဇိမ်ခံအိမ်ကြီး 

Alia Bhatt ရဲ့ ဇိမ်ခံအိမ်ကြီးဟာ မွန်ဘိုင်းနဲ့အိမ်နီးချင်း ပင်လယ်ကမ်းခြေရှိတဲ့ Juhu မှာတည်ရှိပါတယ်။ Alia Bhatt နဲ့ သူမရဲ့အစ်မဟာ ၂၀၁၉ တုန်းက ထိုအိမ်ကြီးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စတုရန်းပေ (၂၃၀၀) အကျယ်အဝန်းရှိတဲ့ အိမ်ကြီးရဲ့အတွင်းဒီဇိုင်းကို ပြောင်းလဲဖန်တီးဖို့ နှစ်နှစ်နီးပါးတောင်အချိန်ယူခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ အိမ်ကြီးရဲ့တန်ဖိုးကတော့ Rs (13.11) crores ရှိပါတယ်။



အိမ်ကြီးရဲ့အတွင်းပိုင်းဖွဲ့စည်းပုံ

ထိုအိမ်ကို ဒီဇိုင်နာ Richa Bahl က New York စတိုင် ဖန်တီးပြောင်းလဲပေးခဲ့တာဖြစ်ပြီး Alia Bhatt ရဲ့အိမ်ကြီးမှာ အိပ်ခန်းလေးခန်း၊ ရေချိုးခန်းနှစ်ခန်းပါဝင်ပါတယ်။ Alia Bhatt ရဲ့အိမ်ကိုရောက်တာနဲ့ ပထမဆုံး အမြင်အာရုံကို ဖမ်းစားထားနိုင်မှာကတော့ စိမ်းပြာရောင်တံခါးနှစ်ချပ်ပဲဖြစ်ပါတယ်။ အိမ်အဝင်လမ်းမှာပဲ နောက်ထပ်မြင်တွေ့ရမှာက ကိုယ်တိုင်ဒီဇိုင်းပုံဖော်ထားတဲ့ ခုံတန်းရှည်တစ်ခုဖြစ်ပြီး အိမ်အဝင်ကစလို့ ဧည့်ခန်းတွေ၊ နံရံတွေ၊ ဆိုဖာတွေကအစ အဖြူရောင်အများဆုံးသုံးထားတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဆိုဖာပေါ်မှာဆိုရင် ချစ်စရာခေါင်းအုံးသေးလေးတွေ ထားပေးထားပြီး အနီးမှာတော့ စာအုပ်လေးတွေ၊ အပင်လေးတွေ၊ အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ အလှဆင်ထားတဲ့ စာအုပ်စင်လေးကို တွေ့ရမှာပါ။ Alia ရဲ့ ဧည့်ခန်းတစ်ခန်းလုံးကို ထပ်ပြီးအလှဆင်ပံ့ပိုးပေးနေတဲ့ နောက်ထပ်ပစ္စည်းလေးကတော့ ခေတ်မီဆန်းသစ်ပြီး ခမ်းနားတဲ့တန်ဖိုးကြီးမီးဆိုင်းပါပဲ။

Alia ရဲ့အိမ်ကြီးထဲမှာ သူမရဲ့တန်ဖိုးကြီးအဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် အဝတ်အစားလဲခန်း သီးသန့်ရှိသလို ထိုအခန်းထဲမှာဆိုရင်တော့ ခေါင်းအစခြေအဆုံး ပြင်ဆင်နိုင်တဲ့အလှအပပစ္စည်းများစွာ မြင်တွေ့ရပြီး ကြမ်းခင်းကိုတော့ ရောင်စုံကွက်စိပ်လေးတွေနဲ့ ဆန်းဆန်းပြားပြားခင်းကျင်းထားတာမြင်တွေ့ရမှာဖြစ်ပါတယ်။



ဧည့်သည်တွေအတွက်လည်း ကျယ်ဝန်းလှတဲ့ နားနေဆောင်တစ်ခုလည်းရှိပြီး ထိုနားနေဆောင်မှာတော့ New York က အခန်းအပြင်အဆင်တွေအတိုင်း ခေတ်မီဆန်းသစ်ပြီး တန်ဖိုးကြီးတဲ့အသုံးအဆောင်တွေ၊ ပရိဘောဂတွေနေရာယူထားတာ မြင်တွေ့ရမှာပါ။ နံရံတွေအားလုံးကို အဖြူရောင်ပဲသုတ်ထားပြီး သက်တောင့်သက်သာဖြစ်စေတဲ့ တန်ဖိုးကြီးဇိမ်ခံဆိုဖာကြီးတွေ၊ လှပဆန်းပြားတဲ့ကြမ်းခင်း၊ အပူပိုင်းဒေသမှာပေါက်ရောက်တတ်တဲ့ သစ်ပင်ပန်းပင်အလှတွေကို ထိုးဖောက်မြင်တွေ့နိုင်တဲ့ ကြီးမားကျယ်ပြန့်တဲ့ပြတင်းပေါက်တွေရှိနေတာဟာလည်း  Alia ရဲ့အိမ်ကိုအဓိက ထူးခြားလှပနေစေတဲ့အချက်တွေပါပဲ။

Alia ရဲ့အိပ်ခန်းမှာဆိုရင်လည်း အဖြူရောင်ကို အများဆုံးသုံးထားပြီး ဇာတ်ညွှန်းတွေကို သက်တောင့်သက်သာနဲ့ အခန်းထဲမှာဖတ်နိုင်ဖို့ အလင်းအမှောင်ချိန်ညှိစနစ်ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Alia ရဲ့အခန်းလေးက Alia  မွေးထားတဲ့ကြောင်လေးသုံးကောင်ရဲ့ သဘောအကျဆုံးနေရာလေးလည်း ဖြစ်ပါတယ်။ 



ထမင်းစားခန်းလေးကိုလည်း ခေတ်နဲ့အညီ ဆန်းသစ်စွာဖွဲ့စည်းထားတဲ့အပြင် စိမ်းနုရောင်ဖျော့ဖျော့မီးဖိုချောင်ဗီရို၊ အဖြူရောင်နံရံ၊ အကွက်စိပ်စပ်လေးနဲ့ ခေတ်ဆန်ဆန်လှနေတဲ့ ကြမ်းခင်းတွေကိုလည်း လိုက်ဖက်လှပစွာမြင်တွေ့ရပါတယ်။ ထမင်းစားခန်းထဲက လက်ဖက်ရည်ဘားလေးကလည်း လက်ဖက်ရည်အရမ်းကြိုက်တဲ့ Alia နဲ့အစ်မဖြစ်သူရဲ့ အကြိုက်ဆုံးနေရာလေးဖြစ်တယ်လို့ သိရပါတယ်။

ဒါကတော့  Alia ရဲ့ အချိန်နှစ်နှစ်ကြာပြင်ဆင်ခဲ့ရတဲ့ဇိမ်ခံအိမ်ကြီးရဲ့ အကြောင်းလေးဖော်ပြသွားတာပါ။  လက်ရှိမှာတော့ Alia လေးက ချစ်ရသူ Ranbir Kapoor နဲ့လက်ထပ်ပြီး သူမရဲ့အိမ်ကြီးကို Honeymoon Suite အဖြစ်ပြောင်းလဲပြီး အတူတူနေထိုင်နေတယ်လိို့သိရပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

မင်းသမီးတစ်ပါးလို နေထိုင်နေတဲ့ JENNIE (BLACK PINK) ရဲ့ ကိုယ်ပိုင်အိမ်ကြီးအကြောင်း

လီမင်ဟိုပိုင်ဆိုင်တဲ့ US $4 သန်းကျော်တန်အိမ်ကြီးကို အလည်တစ်ခေါက်

ဘာကြီးလဲဟလို့ ရေရွတ်မိစေမယ့် ဆန်းဆန်းပြားပြား အိမ်များ

ကစားသမားဘဝမှအနားယူချိန်တွင် နေထိုင်ရန် ရည်ရွယ်တည်ဆောက်နေတဲ့ ရော်နယ်ဒိုရဲ့နေအိမ် တည်ဆောက်စရိတ် ပေါင် ၁၇ သန်းအထိကုန်ကျနေ

Posted By : Ra Wai (ShweProperty.com)