အခုခေတ်ထဲမှာ စက်ပစ္စည်း ရုပ်ဝတ္တုတွေ တိုးတက်လာနေသလို လေထုညစ်ညမ်းမှုတွေကလည်း တစ်နှစ်ထက် တစ်နှစ် ပိုပို ဆိုးလာပါတယ်။ ဒါပေမယ့် သဘာဝ လေသန့်စင်စက်လေးတွေဖြစ်တဲ့ အပင်လေးတွေ ရှိနေသေးတာကတော့ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ။ အခုတလော ကိုဗစ်လို အသက်ရူလမ်းကြောင်းကို အဓိက တိုက်ခိုက်တဲ့ ကူးစက်ရောဂါတွေ ရှိနေသေးတော့ အောက်စီဂျင် လုံလုံလောက်လောက် ရဖို့ ပိုလိုအပ်တာပေါ့။ 

ပထမဆုံး အိမ်ထဲမှာ အပင်စိုက်လို့ အကောင်းဆုံး နေရာလေးတွေကို သိထားဖို့ လိုပါတယ်။ 

- ဝရံတာ 

တိုက်ခန်းတွေ၊ အိမ်ခန်းတွေမှာ အပင်စိုက်နေကျ နေရာကတော့ ဝရံတာပါပဲ။ လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းကောင်းရတာကြောင့် အပင်လေးကောင်းစွာ ရှင်သန်နိုင်ဖို့ များစွာ အထောက်အကူ ပြုပါတယ်။ 

- ရေချိုးခန်း

ဆပ်ပြာအနံ့အသက်တွေနဲ့ အလုံပိတ်နေတဲ့ ရေချိုးခန်းဟာလည်း အပင်လေးတွေ စိုက်ဖို့အကောင်းဆုံးနေရာတစ်ခုပါပဲ။ နေရောင်ခြည်မရနိုင်တဲ့ နေရာဖြစ်လို့ နေရောင်ခံဖို့ သိပ်မလိုတဲ့ အပင်လေးတွေ စိုက်ပေးသင့်ပါတယ်။ အပင်လေးတွေဟာ အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်တာကြောင့် ရေချိုးခန်းကို အနံ့ဆိုးတွေရန်မှ သက်သာစေပါတယ်။ 

- အိပ်ခန်း

သင့်အိပ်ခန်းရဲ့ စာကြည့်စားပွဲမှာ ဘွန်ဆိုင်းအပင်ငယ်လေးစိုက်ထားခြင်းဟာ သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ညဘက်ကာဗွန်ဒိုင်အောက်ဆိုက် မထုတ်လွှတ်ပေးတဲ့ အပင်ဖြစ်ဖို့ လိုပါတယ်။ ညဘက်ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်ပေးတဲ့ အပင်တွေဟာ လူကို အသက်ရူကြပ်စေတာကြောင့် အန္တရာယ်များပါတယ်။ 

ကဲ....ဒါဆို အိမ်ထဲမှာ အလှဆင်သလိုလေးလည်းဖြစ်၊ အောက်စီဂျင်လည်းရအောင် ဘယ်လိုအပင်လေးတွေ စိုက်ကြမလဲ? ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်လိုက်နော်။ 



(၁) ပင်စိမ်း

ရှားရှားပါးပါး ညဘက် အောက်စီဂျင်ထုတ်လွှတ်ပေးတဲ့ အပင်တွေထဲမှာ ပင်စိမ်းပင်လည်း ပါဝင်ပါတယ်။ ပင်စိမ်းဟာ လေထုကို သန့်စင်ပေးနိုင်တဲ့ အပင်အဖြစ်လည်း နာမည်ကြီးတဲ့အပြင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိတာကြောင့် စားစရာ အတို့အမြုပ်၊ အသုပ် စသဖြင့် အသုံးပြုနိုင်တာကြောင့် စိုက်လို့အကျိုးမလျော့တဲ့ အပင်လည်း ဖြစ်ပါတယ်။ 

( ၂ ) ရှားစောင်းပင်

စိုက်ရလွယ်၊ ရှင်သန်လွယ်ပြီး အိမ်သုတ်ဆေးနဲ့ တခြားဓာတုသန့်စင်ပစ္စည်းတွေမှာ တွေ့ရတဲ့ အဆိပ်အတောက်တွေကို စင်ကြယ်စေနိုင်တဲ့ ရှားစောင်းပင်ဟာလည်း အိမ်မှာစိုက်သင့်တဲ့ အပင်တစ်ခုပါပဲ။ ဒါ့အပြင် အသားအရေ အလှအပနဲ့ ဆေးအတွက်ပါ ရှားစောင်းကို အသုံးပြုနိုင်တာကြောင့် ကုန်ကျစားရိတ်ကိုလည်း လျှော့ချနိုင်ပါတယ်။ 

(၃) ဂမုန်း

လေထုကို ၆၀% ထိ သန့်စင်အောင် စွမ်းဆောင်နိုင်တယ်လို့ နာမည်ကြီးပါတယ်။ ရေချိုးခန်းမှာ ထားဖို့ အသင့်တော်ဆုံးပါပဲ။ သူ့ရဲ့ အစွမ်းသတ္တိကတော့ လေထုနဲ့ပတ်ဝန်းကျင်က မှို၊ အန္တရာယ်ရှိတဲ့ ရေခိုးရေငွေ့တို့ကို စားသုံးပစ်နိုင်ခြင်းကြောင့် လေထုကို သန့်စင်ပေးပါတယ်။

(၄)  အိုင်ဗွီ( Ivy ) ပင် လေးများ

အိမ်ရှေ့ခြံစည်းရိုး၊ အိမ်ရှေ့ဝရံတာမှာ တွဲလောင်းလေးတွေကျပြီး အမြင်အာရုံကို တစ်မျိုးလေး ဖမ်းစားနိုင်တဲ့ အိုင်ဗွီ ( Ivy) ပင်လေးတွေဟာ သစ်သားနဲ့ ပရိဘောဂ၊ ကောဇောတွေကို သန့်စင်တဲ့ ဆေးတွေမှာ ပါတဲ့ အဆိပ်အတောက်ဓာတ်ကို ဖယ်နိုင်ပါတယ်တဲ့။ရေချိုးခန်းမှာ ထားဖို့လည်း သင့်တော်သလို အိမ်ရှေ့ဝရံတာမှာ ထားရင်လည်း အိမ်ကို Vintage စတိုင် အလှဆင်ထားသလိုလေး ဖြစ်စေပါတယ်။

( ၅ ) ဒေစီပင်လေးတွေ

ဒေစီပင်လေးတွေဟာ ညဘက်အခါ အောက်စီဂျင်ကို လွှတ်တာမို့ အိပ်ခန်းမှာထားဖို့ သင့်တော်ပါတယ်။ အိမ်မှာ နေရာကျယ်ကျယ် မရှိတဲ့အခါ ဘွန်ဆိုင်းလုပ်ထားတဲ့ ဒေစီပင်လေးတွေကို ရွေးချယ်နိုင်ပါတယ်။ 

အိမ်လေး ဘယ်လောက်ပဲ ကျဉ်းပါစေ အပင်လေးတွေစိုက်ဖို့ နေရာလေးတစ်ခုတော့ ပေးဖို့ အကြံပေးပါရစေ။ အပင်လေးတွေက အလှဆင်တယ် ဆိုတာထက် များစွာသော အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တာကြောင့် အပေါ်မှာဖော်ပြထားတဲ့ အပင်လေးတွေကို အိမ်မှာ တစ်ပင်လောက်တော့ စိုက်ထားသင့်တယ်နော်။  

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ဖန်ခွက်နဲ့ ရေရှိရုံဖြင့် အိမ်ထဲမှာ အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်၊ စားပင် (၅) မျိုး

ကျန်းမာရေးထိုခိုက်စေလို့ အိမ်မှာ မစိုက်သင့်တဲ့ အပင် (၁၀)မျိုး

သင့်အိမ်မှာ မီးကွင်းဂမုန်းပင် စိုက်ထားပါသလား၊ မစိုက်ရသေးရင် စိုက်ထားပါ

ငွေနည်းနည်းနဲ့ အိမ်တွင်းအလှဆင်နိုင်မယ့် နည်းလမ်းတွေ

Posted By : Ra Wai (ShweProperty.com)