မိုးတွင်းရောက်ပြီဆိုရင် အိမ်ခန်းတွင်း လေထု စိုစွတ်ထိုင်းမှိုင်းပြီး အစိုပြန်တာ၊ အနံ့အသက် မကောင်းတာ စတာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီ့အခါ နေအိမ်အတွင်းက စိုထိုင်းထိုင်း အငွေ့အသက်တွေဟာ လူကိုသက်တောင့်သက်သာ မရှိစေတဲ့အပြင် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်လာစေပါတော့တယ်။ ဒါ့ကြောင့် အပြင်မှာ မိုးတွေရွာနေလည်း အိမ်ထဲမှာ စိုထိုင်းမှုကင်း သန့်ရှင်းသပ်ရပ်စေဖို့ ငွေကုန်ကြေးကျနည်းနည်းနဲ့ ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို ဒီဆောင်းပါးလေးနဲ့ ဖော်ပြလိုက်ပါတယ်။

၁။ သစ်သားပရိဘောဂတွေကို အရောင်တင်ပါ

မိုးရေပေါက်တွေရဲ့ စိုထိုင်းမှုဟာ သစ်သား ပရိဘောဂတွေကို ဖျက်စီးပစ်နိုင်တာကြောင့် ပြန်လည်ပြုပြင်ထိန်းသိမ်းတဲ့ အနေနဲ့ အရောင်တင်ဆီ သုတ်လိမ်းထားနိုင်ပါတယ်။ အရောင်တင်ဆီ သုတ်လိမ်းပေးလိုက်ခြင်းဖြင့်  သစ်သားတစ်ခုနဲ့ တစ်ခုကြား အစိုပြန်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီနေရာမှာ သတိထားရမှာကတော့ အိမ်မှာရှိတဲ့ သစ်သားအသုံးအဆောင်တွေကို သန့်ရှင်းရေး လုပ်တဲ့အခါ ရေစိုဝတ်နဲ့ မသုတ်ပစ်ဖို့ လိုပါတယ်။ ရေစိုသွားတဲ့အခါ ရာသီဥတု စိုထိုင်းမှုနဲ့ပါ ပေါင်းပြီး မှိုစွဲတာတွေ၊ အနံ့အသက် မကောင်းတာတွေထိပါ ဖြစ်လာနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

၂။ အိမ်ခေါင်မိုးနဲ့ မျက်နှာကျက်တွေကို ထိန်းသိမ်းပါ

အိမ်ခေါင်တိုင်လုံမှ တစ်အိမ်လုံး မိုးလုံနိုင်မှာ ဖြစ်တာကြောင့် အိမ်ခေါင်မိုးနဲ့ မျက်နှာကျက်တွေကို သေချာစစ်ဆေးဖို့ လိုပါတယ်။ ခေါင်မိုးပေါက်နေတာ၊ မျက်နှာကျက်တွေ ကျိုးပဲ့နေတာမျိုးတွေ တွေ့ရင် အမြန်ပဲ ပြင်ဆင်လိုက်ဖို့ အကြံပေးပါရစေ။ ဘာကြောင့်လဲဆိုတော့ ခေါင်မိုးမှ မိုးယိုခြင်းက အိမ်ကိုစိုစွတ်စေပြီး အိမ်ရဲ့ ခိုင်ခံ့မှုကိုလည်း ပျက်စီးစေတာကြောင့်ပါပဲ။ မျက်နှာကျက်ပြား တစ်ခုနဲ့ တစ်ခုအဆက်ကြားမှာ ရေစိမ့်ဝင်မှုနည်းစေတဲ့ သုတ်ဆေးတွေ သုတ်ထားပေးတာဟာလည်း စိတ်ချရစေပါတယ်။ 

၃။ အိမ်နံရံ မှိုတက်နေလား စစ်ဆေးပေးပါ။

အပေါ်မှာပြောသလို အိမ်ခေါင်မိုးယိုခြင်းကြောင့်သော်လည်းကောင်း၊ အစိုပြန်လာခြင်းကြောင့်သော်လည်းကောင်း မိုးရာသီမှာ အိမ်နံရံဆေးတွေ ဖောင်းကြွလာပြီး အလိတ်လိုက်ကွာတာ၊ မှိုတက်တာတို့ ဖြစ်တတ်ပါတယ်။ မှိုစွဲနေတဲ့ နံရံကို တွေ့ပြီဆိုရင် အဲ့ဒီ့နံရံနားမှာ ရှိနေတဲ့ အသုံးအဆောင် ပစ္စည်းတွေ၊ သစ်သားပရိဘောဂတွေကို ဖယ်ရှားလိုက်ဖို့ လိုပါတယ်။ မဟုတ်ရင် သစ်သားပရိဘောဂတွေပါ မှိုစွဲကုန်မှာဖြစ်ပြီး အချို့အသုံးအဆောင်တွေ သုံးလို့မရတော့တဲ့အထိ ဖြစ်စေတတ်ပါတယ်။ မှိုတက်နေတဲ့ နံရံတွေအတွက် - 

- ဆပ်ပြာနဲ့ ရှာလကာရည် ရောစပ်ထားတဲ့ အရောအနှောကို စပရေးနဲ့ ဖြန်းပြီး ပန်ကန်ဆေး ဖော့နဲ့ ပွတ်တိုက်ပေးခြင်း
- စပရေး ဗူးထဲမှာ ချွတ်ဆေး တစ်ဆ၊ ရေ ၉ ဆ ထည့်ပြီး နံရံကို ဖြန်းကာ ပွတ်တိုက်ခြင်း
- မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည်ထည့်ကာ ပွတ်တိုက်ပေးခြင်းဖြင့် သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။ 

၄။ ကြမ်းခင်းသန့်ရှင်းရေးအတွက် ပိုးသတ်ဆေး အသုံးပြုပေးပါ။

အစိုဓာတ်ရှိတဲ့ အခန်းဟာ ပိုးမွှားတွေ ပေါက်ဖွားဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် မိုးတွင်း အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ပိုးသတ်ဆေးကို အသုံးပြုပေးနိုင်ပါတယ်။ ပိုးသတ်ဆေးဟာ ပိုးမွှားတွေကို သေစေနိုင်တဲ့ ဓာတုဆေးတစ်မျိုးဖြစ်တာကြောင့် အခုလိုမိုးရာသီမှာ ပိုးသတ်ဆေး အသုံးပြုပြီး သန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံးပါပဲ။

၅။ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။

သင့်အခန်းဟာ လေဝင်လေထွက်မရှိဘဲ လှောင်ပိတ်နေမယ်ဆိုရင်တော့ အခန်းတွင်း လေထုဟာလည်း ညစ်ညမ်းနေမှာ အမှန်ပါပဲ။ ဒါ့ကြောင့် အခန်းတွင်းက အပူငွေ့တွေနဲ့ အနံ့အသက်ဆိုးတွေ ပျောက်ကွယ်သွားအောင် အိမ်ပြတင်းပေါက်တွေကို ဖွင့်ထားဖို့ မမေ့ပါနဲ့။ မိုးသည်းသည်းမည်းမည်း ရွာနေရင်တော့ တံခါးတွေ ပိတ်ထားသင့်ပေမယ့် မိုးတိတ်သွားရင်တော့ တံခါးကို ပြန်ဖွင့်ထားဖို့ အကြံပြုလိုက်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

အိမ်သန့်ရှင်းရေးလုပ်ရုံနဲ့ အံ့သြစရာကောင်းအောင်ရရှိမယ့် အကျိုးကျေးဇူး (၆) မျိုး

အိမ်မှာ ဆေးဝါးတွေဆောင်ထားမယ်ဆိုရင် ဒီအချက်တွေကို အရင်လေ့လာပါ

အဲကွန်း မသုံးပဲ မိမိအိမ်ကို အပူဒဏ်သက်သာအောင် ပြုလုပ်နည်း(၄) မျိုး

အိမ်တွင်းမှာ အသက်ရှူပြဿနာတွေ ကင်းဝေးစေဖို့
 
Posted By : Ra Wai (ShweProperty.com)