အပင်ငယ်လေးတွေက လူရဲ့ကံကြမ္မာနဲ့ လာဘ်လာဘအပေါ် သက်ရောက်မှု ရှိတယ်ဆိုတာ တော်ရုံလူကတော့ ယုံချင်မှ ယုံမှာပေါ့နော်။ ဒါပေမယ့် ယုံတဲ့သူတွေလည်း ရှိသေးတယ်လေ။ အခုပြောပြမယ့် အချက်အလက်တွေက တရုတ်ဖုန်းရွှေတွေရဲ့အယူအဆသာဖြစ်ပါတယ်။ 
 
တရုတ်လူမျိုးတွေက ဘာပဲလုပ်လုပ် တရုတ်ဖုန်းရွှေတွေရဲ့ အယူအဆအတိုင်း လုပ်ဆောင်လေ့ရှိကြပါတယ်။ ဆိုတော့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အပင်စိုက်ခြင်းက မကောင်းတဲ့အလုပ်မဟုတ်လေတော့ ကြိုးစားကြည့်တာလည်း မမှားပါဘူး။
 
ဝါးပင်ပု (Lucky Bamboo)
 
Dracaena Sanderiana မျိုးစိပ်ဖြစ်တဲ့ ဝါးပင်ပုလေးတွေဟာ တရုတ်ဖုန်းရွှေအယူအဆအရ ကံကောင်းစေပြီး ငွေရွှင်စေတဲ့ အပင်ဖြစ်ပါတယ်။ ဝါးပင်ပုဆိုပေမယ့် တကယ့်ဝါးပင်အစစ်ရဲ့ မျိုးစိပ်ဖြစ်တဲ့ Poaceae နဲ့တော့ မတူပါဘူး။ ဝါးပင်ပုလေးတွေကို စောင့်ရှောက်ဖို့ဆိုရင် ပင်စည်လေးတွေကို မကြာခဏ ညှပ်ပေးရပါတယ်။ မြေထက် ရေထဲမှာ ပိုရှင်သန်တဲ့အတွက် အိုးထဲမှာ ရေနဲ့ကျောက်စရစ်ခဲလေးတွေထည့်ပြီး စိုက်ရပါတယ်။ 
 


ဝါးပင်ပုရဲ့ရိုးတံလေးတွေအရ ကံကောင်းပုံခြင်းက ကွာခြားပါသေးတယ်။ ရိုးတံသုံးခုဆိုရင် ပျော်ရွှင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းနဲ့ အသက်ရှည်ခြင်းအတွက်ဖြစ်ပြီး ၅ခုနဲ့၆ခုဆိုရင် ချမ်းသာကြွယ်ဝခြင်း၊ ကံကောင်းခြင်းအတွက် ဖြစ်ပါတယ်။ ရိုးတံ ၇ခုဆိုရင်တော့ ကျန်းမာရေးကောင်းမွန်ခြင်းလို့ ယူဆကြပါတယ်။
 
အလှစိုက်ရာရာဘာပင်
 
ရာဘာပင်ဟာ ပတ်ဝန်းကျင်လေထုကို သန့်စင်ပေးတဲ့ အပင်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါတင်မက Ficus elastic မျိုးစိပ်ဖြစ်တဲ့ အလှစိုက်ရာဘာပင်ဟာ ချမ်းသာကြွယ်ဝခြင်း၊ အောင်မြင်ခြင်းနဲ့ ကံကောင်းခြင်းကို ပေးစွမ်းနိုင်တယ်လို့ တရုတ်ဖုန်းရွှေအယူအဆမှာ ရှိပါတယ်။ အလှစိုက်ရာဘာပင်ကို rubber fig, indian rubber bush, rubber bush လို့လည်း ခေါ်ကြပါတယ်။ အလှစိုက်ရာဘာပင်မှာ အရွက်ဝိုင်းဝိုင်းလေးတွေ ထွက်ရင် ကောင်းမွန်တဲ့စွမ်းအင်တွေကို စုတ်ယူပေးနိုင်တယ်လို့လည်း ဆိုကြပါတယ်။
 
ခရမ်းရောင်သစ်ခွပန်းပင် 
 
ယဉ်ကျေးမှု ဓလေ့ထုံးစံများစွာမှာ သစ်ခွပန်းဟာ ချစ်ခြင်းရဲ့ လှပခြင်းရဲ့သင်္ကေတအဖြစ် သတ်မှတ်ထားကြတာပါ။ သစ်ခွတွေ အများကြီးထဲကမှ ခရမ်းရောင်သစ်ခွဟာ မင်္ဂလာအရှိဆုံးသစ်ခွဖြစ်တယ်လို့ ရှေးလူကြီးတွေက ယုံကြည်ကြပါတယ်။ 
 
တရုတ်ဖုန်းရွှေအယူအဆမှာ ဆိုရင်လည်း သစ်ခွဟာ ပျော်ရွှင်ခြင်း၊ ကောင်းမွန်တဲ့အချစ်ရေး၊ ပေါများကြွယ်ဝခြင်းရဲ့ သင်္ကေတဖြစ်ပါတယ်။ ဒါကြောင့် မိသားစု၊ ချစ်သူတွေနဲ့ အဆင်ပြေချင်သူတွေ ပေးသင့်တဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။
 
ကျောက်စိမ်းပင် 
 

Crassula Ovata မျိုးစိပ်ဖြစ်တဲ့ ကျောက်စိမ်းပင်ဟာ ကံကောင်းခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းတွေ ယူဆောင်လာပေးတယ်လို့ တရုတ်ဖုန်းရွှေတွေက ယူဆကြပါတယ်။ ကျောက်စိမ်းပင်ကို money plant, dollar plant, cauliflower-ears, money tree ဆိုပြီး အမျိုးမျိုး ခေါ်ကြပါတယ်။ ကျောက်စိမ်းပင်ရဲ့ အရွက်ဝိုင်းဝိုင်းဖောင်းဖောင်းလေးတွေက ပိုက်ဆံအကြွေစေ့နဲ့တူတာကြောင့် ချမ်းသာကြွယ်ဝခြင်းရဲ့ သင်္ကေတအဖြစ် မှတ်ယူကြပါသည်။
 
ကျောက်စိမ်းပင်ဟာ ညတာရှည်ပြီး အေးမျှတဲ့ ဆောင်းရာသီမျိုးမှာ အပွင့်ပွင့်တတ်ပါတယ်။ တကယ်လို့ သင်က ကံကောင်းနေတယ်ဆိုရင် ဆောင်းရောက်တဲ့အခါ သင့်အိမ်က ကျောက်စိမ်းပင်လေးမှာ ကြယ်ပုံစံအပွင့်အဖြူ (သို့)ပန်းရောင်လေးတွေ ပွင့်လာပါလိမ့်မယ်။ အဲဒီအပွင့်လေးတွေက အနံ့သင်းသင်းလေးတွေလည်း ထွက်လာပါလိမ့်မယ်။
 
ငွေပင် 
 
တရုတ်တွေက ငွေပင်ဟာ ပိုက်ဆံတွေဝင်လာအောင် ဆွဲဆောင်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒီအပင်ဟာ Pachira Aquatica မျိုးစိပ်ဖြစ်ပါတယ်။ ကျောက်စိမ်းပင်လိုပဲ ငွေပင်ဟာ ကံကောင်းခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းတွေကို သယ်ဆောင်ပေးနိုင်ပါတယ်။ ငွေပင်ကရတဲ့ မျိုးစေ့တွေကို ရောင်းချရင်းကနေ ဆင်းရဲသားတစ်ယောက်ဟာ ကြွယ်ဝချမ်းသာသွားတယ်ဆိုတဲ့ ဒဏ္ဍာရီတွေလည်း ရှိပါတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
 
အိပ်ခန်းထဲမှာထားသင့်တဲ့အပင်လေးများ
 
ဘာကြောင့်သစ်ပင်စိုက်ပျိုးပြီး အိမ်တွင်းအလှဆင်သင့်တာလဲ
 
အာနိသင်ကောင်းပြီး အင်းဆက်တွေကို ဝေးဝေးပြေးစေတဲ့ အိမ်စိုက်အပင်များ
 
ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း
 
Credit By: Social Media
Posted By : Sint Sint, ShweProperty.com