စိန်၊ ရွှေအစရှိသော ရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကိုပေးကမ်းတဲ့နေရာမှာ စာချုပ် ချုပ်ပြီးပေးကမ်းလို့လည်းရတယ်၊ စာချုပ်မချုပ်ဘဲလည်း ပေးလို့ရပါတယ်။
မြေ၊ အိမ် အစရှိတဲ့ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းတစ်စုံတစ်ရာကို ပေးကမ်းမယ်ဆိုရင်တော့ ပေးကမ်းခြင်း စာချုပ်ပြုလုပ်ရပါမယ်။

ပစ္စည်းပိုင်ရှင်အနေနဲ့ မိမိပိုင်ပစ္စည်းတွေကို မိမိဆန္ဒအလျောက်် ပေးကမ်းခွင့်ရှိတယ်လို့ အခြေခံသဘောအားဖြင့် ဆိုရမှာဖြစ်ပေမယ့် မိမိပိုင်ပစ္စည်းအားလုံး ပေးခွင့် ရှိ၊မရှိ ဆိုတဲ့ပြဿနာတစ်ရပ် ရှိပါတယ်။ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး၊ လွှတ်တော်စာမျက်နှာ ၄၇၁ အမှုမှာ ပါတဲ့ အချက်က သတိပြုရမယ့်အချက်ပဲဖြစ်ပါတယ်။

အသက်၂၇ နှစ်အရွယ်ရှိ ဒေါ်ရွှေရီဆိုသူဟာ မသေမီ ၉ ရက်အလိုမှာ မှတ်ပုံတင်အရာရှိကို အိမ်ကိုခေါ်ပြီး ပေးကမ်းစာချုပ်ပြုလုပ်မှတ်ပုံတင်စေပါတယ်။ စာချုပ်မှာ သူ့ရှိသမျှပစ္စည်းအားလုံးကို နှစ်ပေါင်းများစွာ သူ့ကိုပြုစုနေခဲ့တဲ့သူကို ပေးကမ်းလိုက်ခြင်းဖြစ်ပါတယ်။ ဒေါ်ရွှေရီဟာ နှစ်ပေါင်း အတော်ကြာကြာ ကိုယ်ရေပြားရောဂါဖြစ်နေပြီး မှတ်ပုံတင်စာချုပ် ချုပ်လုပ်တဲ့အချိန်မှာတော့ ကျန်းမာရေးမကောင်းတော့ပါ။

ဒီလိုချုပ်ဆိုတဲ့ စာချုပ်ကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ မညီညွတ်တဲ့အတွက် တရားလွှတ်တော်က အတည်မပြုပါဘူး။ တရားလွှတ်တော်က အကြောင်းရင်းနှစ်ရပ်ပြပါသည်။ ပထမအကြောင်းက သေခါနီးဆဲဆဲ ပေးကမ်းတာဖြစ်ပါတယ်။ ဒုတိယအကြောင်းက သေသူဟာ ရှိသမျှပစ္စည်းအားလုံးကိုပေးကမ်းတာဖြစ်ပါတယ်။

အထက်ဖော်ပြပါ စီရင်ထုံးနဲ့ ဓမ္မသတ်ခြောက်စောင်တွဲအခန်း၈၊ ပုဒ်မ ၇၅ တို့ကိုထောက်ထားပြီး ပစ္စည်းရှင်ဟာ မိမိပိုင်ပစ္စည်းကို မိမိဆန္ဒအလျောက် ပေးကမ်းခွင့်ရှိပေမယ့်် အမွေစားအမွေခံတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်လောက်အောင် ရှိသမျှပစ္စည်းအားလုံး ပေးကမ်းခွင့်မရှိဘူးဆိုတဲ့သဘောပါ။



ဒါကြောင့် ပေးကမ်းခြင်း စာချုပ် ချုပ်ဆိုရာမှာ...

၁။ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို ပေးကမ်းတာဆိုလျှင် စာချုပ်ပြုလုပ် ချုပ်ဆိုရပါမည်။
၂။ အဆိုပါစာချုပ်ကို မှတ်ပုံတင်ရပါမည်။
၃။ အလိုအလျောက် မေတ္တာသက်၀င်ချစ်ခင်မှုဖြင့် ပေးကမ်းတာမျိုးဖြစ်ရပါမယ်။
၄။ ပေးကမ်းခြင်းခံရသူက ပေးကမ်းခြင်းကို လက်ခံသဘောတူကြောင်း ဖော်ပြပါရှိရပါမယ်။
၅။ ပေးကမ်းတဲ့ ပစ္စည်းစာရင်းဇယား ဖော်ပြပါရှိရပါမယ်။
၆။ ဆိုင်ရာက ထုတ်ပေးတဲ့ ပစ္စည်းတည်ရှိရာမြေပုံ၊ မြေရာဇ၀င် ပူးတွဲပါရှိရပါမယ်။
၇။ ပေးကမ်းသူပိုင်ဆိုင်ကြောင်း မရွေ့မပြောင်းနိုင်တဲ့ပစ္စည်း ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထား ပူးတွဲဖော်ပြပါရှိရပါမယ်။
၈။ စာချုပ်မှာ အသိသက်သေနှစ်ဦး အနည်းဆုံးပါရှိရပါမယ်။
၉။ ပေးကမ်းစဉ်မှာ ပေးသူအနေနဲ့ အသက်ရှင်လျက်ရှိနေမှ ပေးနိုင်ခွင့်ရှိပါမယ်။
၁၀။ လက်ခံသူအနေနဲ့လည်း အသက်ရှင်ဆဲရှိမှသာ လက်ခံနိုင်ပါမယ်။ သေဆုံးမှဆိုလျှင် ပေးကမ်းခြင်း ပျက်ပြယ်ပါမည်။
၁၁။ တည်ရှိလတ္တံပစ္စည်း ဒါမှမဟုတ် အနာဂါတ်ပစ္စည်းကိုပေးကမ်းခြင်းမပြုနိုင်ပါဘူး။
၁၂။ အပေးခံရတဲ့သူဟာ တစ်ဦးထက်ပိုနေပြီး တစ်ဦးက ပေးကမ်းတာကို လက်မခံရင် လက်မခံသူအတွက်သာ ပေးကမ်းခြင်း ပျက်ပြယ်ပြီး ကျန်လက်ခံသူတွေအတွက််တာ့ ပေးကမ်းခြင်းက အတည်ဖြစ်ပါတယ်။
၁၃။ ပေးသူပိုင် ပစ္စည်းအားလုံးကို ပေးတာဆိုလျှင် ပေးစဉ်အခါက ပေးသူမှာ တင်ရှိနေတဲ့ကြွေးမြီးအားလုံးအတွက် ပေးတဲ့ပစ္စည်းနဲ့အညီ လက်ခံသူအပေါ်မှာ တာ၀န်ရှိပါသည်။
၁၄။ ပစ္စည်းတန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရပါမည်။
၁၅။ ပေးကမ်းသူမှာ အမွေစားအမွေခံရှိနေရင် ပေးကမ်းသူပိုင် ပစ္စည်းအားလုံးကို အမွေစားအမွေခံမဟုတ်သူကို ပေးလို့မရပါဘူး။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

စာချုပ်ချုပ်မည်ဆိုလျှင် လက်ရောက်ပေးအပ်ပါသည် ဆိုသည့်ကိစ္စ

မြေငှားစာချုပ် ဂရန်ခွဲလျှောက်ထားခြင်း

အိမ်ခြံမြေ ဝယ်ယူ/ရယူ/လွှဲပြောင်းပြီး အမည်ပေါက် ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ရမည့်အချက်များ

တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်နဲ့အငြင်းပွားမှုမရှိအောင် သတ်မှတ်သင့်တဲ့ အချက်တချို့

Credit By : ဆရာဦးကျော်ဇေယျ
Posted By : Chan Myae (ShweProperty.com)