သင်ဟာ စိမ်းစိမ်းစိုစိုရှိတဲ့ သဘာဝပတ်ဝန်းကျင်ကို သဘောကျတတ်သူဆိုရင် အိမ်ထဲမှာ အပင်လေးတွေ စိုက်ဖို့ စိတ်ကူးအိမ်မက်လည်း ရှိမယ်လို့ ထင်ပါတယ်။ နေအိမ်ထဲမှာ အပင်လေးတွေ စိုက်ပျိုးထားခြင်းဟာ အညှော်နံ့တွေ၊ ဟင်းနံ့တွေနဲ့ အခြားမလိုလားအပ်တဲ့ အနံ့အသက်တွေကို စုပ်ယူပေးပြီး လေထုကိုပါ သန့်စင်ပေးလို့ အခန်းတွင်း အောက်ဆီဂျင်လုံလောက်အောင် ဖန်တီးပေးနိုင်ပါတယ်။ 
 
အိမ်ထဲမှာ မျက်စိအေးစေတဲ့ သစ်ပင်ပန်းမန်လေးတွေ ရှိနေခြင်းဟာ သင့်ရဲ့အထီးကျန်မှုတွေကို ပြေပျောက်စေနိုင်ပါတယ်။ အပင်လေးတွေကို အိမ်တွင်းအလှဆင်ဖို့သာ စိုက်ထားလေ့ ရှိပေမယ့် ဒီအပင်လေးတွေရဲ့ အစွမ်းဟာ အိမ်ခန်းတွေကို စိမ်းစိမ်းစိုစိုနဲ့ မျက်စိအေးစေရုံတင် မကပါဘူး။ ဒီအပင်လေးတွေကို ရေလောင်းပြုစု ဂရုစိုက်ခြင်းကလည်း စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ 

နောက်ပြီး အပင်လေးတွေက လူကိုသက်တောင့်သက်သာ ဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်လည်း စွမ်းဆောင်ပေးနိုင်ပါသေးတယ်။ အထူးသဖြင့် တည်ငြိမ်အေးချမ်းတဲ့ အရောင်လေးတွေဖြစ်တဲ့ ခရမ်းရောင်၊ အနီရောင်နဲ့  အစိမ်းရောင်ရှိတဲ့ အပင်တွေဟာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့၊ စိတ်ကိုကြည်လင်စေဖို့ ထောက်ပံ့ပေးပါတယ်။

ဒါပေမယ့် အိမ်တွင်းအပင်စိုက်တဲ့အခါ နေအိမ်အရွယ်အစားအလိုက် အပင်အရွယ်အစားကို ချိန်ညှိပြီး စိုက်သင့်ပါတယ်။ ဥပမာ - ကိုယ့်အိမ်က အပင်တွေထားဖို့ နေရာအခက်အခဲ ရှိနေတယ်ဆိုရင် အပင်ကြီးတာတွေ မစိုက်ဘဲ ဝရံတာ၊ စားပွဲမှာသာ ထားလို့ရမယ့် အပင်လေးတွေကိုသာ စိုက်ပျိုးသင့်ပါတယ်။

ကဲ.....ဘယ်လိုအပင်လေးတွေ စိုက်ပျိုးသင့်လဲ အောက်မှာ ဆက်ကြည့်လိုက်ရအောင် - 

၁။ ဘွန်စိုင်း နှင်းဆီပင်ငယ်များ
 ပန်းပွင့်လေးတွေဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ ၆၈ ရာခိုင်နှုန်းခန့်ဟာ အပတ်တိုင်း စိတ်ဖိစီးမှုတွေ ခံစားရပြီး ၃၂ ရာခိုင်နှုန်းကတော့ နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုတွေကို ခံစားနေရတယ်လို့ သုတေသနတွေက ဆိုပါတယ်။  ဒါပေမယ့် ပန်းပင်တွေ၊ ပန်းစည်းတွေကို မကြာခဏ လက်ဆောင်ရတဲ့ သူတွေမှာတော့ သူတို့ရဲ့ စိတ်ဖိစီးမှုတွေ သိသိသာသာ လျော့ကျသွားတာကို တွေ့ရပါတယ်။ နောက်ပြီး နှင်းဆီပန်းတွေဟာ ပျော်ရွှင်စေတဲ့ ခံစားချက်ကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ 

၂။ ရှားစောင်းလက်ပက်
အလှအပရော ဆေးဝါးအတွက်ပါ အလွန်အကျိုးရှိတဲ့ ရှားစောင်းလက်ပက်ဟာ အိမ်တွင်းမှာစိုက်ပျိုးဖို့ အကောင်းဆုံးအပင်တစ်မျိုးပါပဲ။ ရှားစောင်းပင်လေးတွေဟာ အခန်းတွင်း ကအပူတွေကိုလည်း စုပ်ယူပေးနိုင်လို့ အပူဒဏ်ကိုလည်း သက်သာစေပါတယ်။ ရှားစောင်းပင်လေး ခက်ထွားထွားနဲ့ စိမ်းစိုနေဖို့အတွက်ကတော့ နေရောင်မကြာခဏ ပြပေးဖို့ လိုအပ်ပါတယ်။ 

၃။ စပ်စ်ကူးလန့်စ် (Succulents)

ဖန်ခွက်လေးထဲ စိုက်ရုံနဲ့တောင် ကောင်းကောင်းရှင်သန်နိုင်တဲ့ အပင်ငယ်လေးဖြစ်ပြီး ကြံ့ခိုင်သန်မာမှုတွေကို သူ့ဆီက သင်ယူချင်စရာ ကောင်းလောက်အောင် လှပပါတယ်။ တစ်ပတ်ကို တစ်ကြိမ်သာ ရေလောင်းပေးဖို့လိုပြီး နေရာ နဲ့ အချိန်ပေးဖို့မလိုဘဲ စိုက်ပျိုးဖို့ အလွယ်ဆုံး အပင်လေးပဲဖြစ်ပါတယ်။

အပင်လေးတွေ မစိုက်ဖြစ်သေးရင်တောင် ပန်းအိုးလေးထဲမှာ ပန်းရောင်စုံထည့်ပြီး သင့်အိပ်ခန်းထဲ ထားလိုက်ပါ။ အထီးကျန်တဲ့ ခံစားချက်တွေနဲ့ မကောင်းတဲ့အငွေ့အသက်တွေ ပျောက်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါလိမ့်မယ်။

ဒါပေမဲ့ အပင်တွေဟာ နေ့မှာ အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးပေမယ့် ညဘက်မှာ အစာချက်လုပ်ခြင်း (photosynthesis) မရှိလို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ပေးတတ်တာကြောင့် အိပ်ခန်းအတွက်ဆိုရင်တော့ ကျွမ်းကျင်သူတွေ အကြံပြုထားတဲ့ သင့်တော်တဲ့ အပင်တွေကိုသာ ဂရုစိုက် စိုက်ပျိုးဖို့ လိုပါလိမ့်မယ်ရှင်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ဖန်ခွက်နဲ့ ရေရှိရုံဖြင့် အိမ်ထဲမှာ အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်၊ စားပင် (၅) မျိုး

ကျန်းမာရေးထိုခိုက်စေလို့ အိမ်မှာ မစိုက်သင့်တဲ့ အပင် (၁၀)မျိုး

သင့်အိမ်မှာ မီးကွင်းဂမုန်းပင် စိုက်ထားပါသလား၊ မစိုက်ရသေးရင် စိုက်ထားပါ

ငွေနည်းနည်းနဲ့ အိမ်တွင်းအလှဆင်နိုင်မယ့် နည်းလမ်းတွေ

Posted By : Ra Wai (ShweProperty.com)