ဒေါ်လာဈေး တက်ခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်တွေ မတည်မငြိမ် ဖြစ်နေသလို တိုက်ခန်းတွေ ဆိုရင်လည်း ငှားတာထက် ရောင်းတဲ့ ပိုစ့်တွေပဲ တွေ့လာရပါတယ်။ တိုက်ခန်းတွေ၊ မြေကွက်တွေဟာ အနာဂါတ်မှာ ရှိမယ့်ငွေဈေးအတိုင်း တန်ဖိုးပြောင်းလဲနိုင်လို့ လူအများစုဟာ ငွေစက္ကူထက် အိမ်ခြံခြေကို လက်ကိုင်ထားချင်ကြပါတယ်။ တိုက်ခန်းဝယ်ယူသူတွေကလည်း အပြီးအစီး  ငွေအလုံးအရင်းလိုက်ပေးပြီး ငွေချေဝယ်ယူသလို ဘဏ်ချိတ်နဲ့ ဝယ်ယူကြတာတွေလည်း အခုတလော ခပ်စိတ်စိတ် တွေ့လာရပါတယ်။ 

နိုင်ငံတကာမှာလည်း အိမ်ခြံမြေ၊ ကားတွေကို ဘဏ်နဲ့ ဆက်သွယ်ပြီး အရစ်ကျ ငွေပေးချေစနစ်နဲ့ ဝယ်ကြတာဖြစ်လို့ ဒီစနစ်ဟာ တော်တော်လေး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ ၂၀၁၇ ခုနှစ်လောက်ကတည်းက ဘဏ်ချိတ်ရောင်းဝယ်မှုတွေ စတင်ခဲ့ပြီး K.B.Z Bank၊ Aya Bank၊ Yoma Bank၊ C.B Bank၊ A.G.D Bank တွေက ဘဏ်ချိတ် အိမ်ခြံမြေ ရောင်းဝယ်ခြင်းတွေကို ဆောင်ရွက်ပေးနေပါတယ်။ 

ဘဏ်ချိတ်ဝယ်ယူတာဟာ ရိုးရိုး ငွေအပုံလိုက်ပေးပြီး တိုက်ခန်းဝယ်ယူတာထက် ပိုအလုပ်များသလို အချိန်စောင့်ရတာတွေလည်း ရှိပါတယ်။ ဘဏ်ချိတ်တိုက်ခန်း ဝယ်မယ်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ လုပ်ဖို့ လိုအပ်ပါတယ်။

အဆင့် (၁) - မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရှိ အိမ်ရာ အရောင်းပြခန်းတွေမှာ သွားရောက်ပြီး လိုချင်တဲ့ အိမ်ခန်းကို ရွေးချယ်ပါ။ အကြံပြုချက်များ ခံယူပါ။ 

အဆင့် (၂) - အိမ်ခန်းရွေးချယ်ပြီးရင်တော့ သက်ဆိုင်ရာ ဘဏ်မှာ လျှောက်လွှာယူကာ သွားရောက်လျှောက်ထားပါ။ 

အဆင့်(၃) - အိမ်ရဲ့ အရှုပ်အရှင်းတွေကို လေ့လာပါ။ ဘဏ်က သင်ဝယ်မယ့် တိုက်ခန်းဟာ ယုံကြည်စိတ်ချရခြင်း ရှိ၊ မရှိ။ တိုက်သက်တမ်း စတာတွေကို ကြည့်ဦးမှာ ဖြစ်ပါတယ်။ 



အဆင့် (၄) - အိမ်ထောင်စုဇယား၊ လစာ ၆ လစာ လစာဖြတ်ပိုင်း၊ ရပ်ကွက်ထောက်ခံစာ၊ အခွန်စာအုပ် စတာတွေကို ဘဏ်မှာ ပြရပါမယ်။ 

အဆင့်( ၅) - ပြီးရင်တော့ Down Payment ၃၀ % သွင်းပြီး အကျိုးတော်ဆောင်ကို သက်သေထား၊ အိမ်ရောင်းမယ့်သူနဲ့အတူ စာချုပ်ချုပ်ဆိုရပါမယ်။ စာချုပ်ချုပ်ဆိုရာမှာ ရှေ့နေနဲ့ ချုပ်ဆိုခြင်းဟာ အရှုပ်အရှင်းတစ်စုံတစ်ရာ ဖြစ်ခဲ့ရင် တရားဥပဒေအရ ဖြေရှင်းနိုင်တာကြောင့် ရှေ့နေကို သက်သေထား ချုပ်ဆိုဖို့ အကြံပြုချင်ပါတယ်။  

အဆင့်(၆) - စာချုပ်ချုပ်ပြီးနောက် ဘဏ်က ငွေကျလာတာကို စောင့်ရပါမယ်။ အဲဒါကို အိမ်ရောင်းမယ့် သူကလည်း နားလည်သဘောပေါက်ထားဖို့လိုပါတယ်။ ဘဏ်က ငွေကျလာဖို့ အနည်းဆုံး ၁ လ နီးပါးလောက် စောင့်ရပါတယ်။ 

ဘဏ်ချေးငွေကျလာပြီးရင်တော့ ဝယ်ထားတဲ့ အိမ်မှာ သွားရောက်နေထိုင်ခွင့်ရပြီ ဖြစ်ပါတယ်။ 

ဒါကတော့ ဘဏ်ချေးငွေနဲ့ အိမ်ဝယ်မယ့် သူတွေအတွက် ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ Home Loan နဲ့ အိမ်ဝယ်ခြင်းဟာ ဘဏ်ကို အတိုးနှုန်း ပေးရတယ် ဆိုပေမယ့် အချိန်ကာလတစ်ခုအကြာမှာ အိမ်ပိုင်ရရှိသွားတာဖြစ်လို့ သေချာမှုရှိတဲ့ ၊ ခိုင်မာတဲ့ ရောင်းဝယ်မှုတစ်ခု ဖြစ်တယ်လို့ ပြောပါရစေ။ 

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)