လမ်းမြေဆိုတာကတော့ လမ်းဘေးပလက်ဖောင်းနေရာတွေ၊ လမ်းဘေးရေမြောင်းနေရာတွေ၊ မီးရထားလမ်းဘေးတွေကို ဆိုလိုပါတယ်။ လမ်းနဲ့ ရေမြောင်းကြားတွေဟာ လူတွေလမ်းလျှောက်ဖို့အတွက် နေရာပေးထားတဲ့ ပလက်ဖောင်းနေရာတွေပါ။ 

ဒီနေရာမှာ တစ်ချို့က ပလက်ဖောင်းကို ခွပြီး အိမ်ဆောက်တာ၊ ဆိုင်ဆောက်ထားတာမျိုး ရှိတတ်ပါတယ်။ ပထမတော့ ကျူးတဲလိုပဲ ချက်ခြင်းရွှေ့ပြောင်းနိုင်အောင် ဆောက်လုပ်ပေမယ့် ကြာလာတော့ တိုက်တာအခိုင်အမာ ဆောက်လုပ်နေထိုင်သလို ရောင်းချနေတာမျိုးတွေလည်း မြင်တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ ကျူးကျော်ခြင်းပါပဲ။ ဒါကိုနိုင်ငံတော်က သိမ်းတဲ့အခါမှာတော့ နှမြောစရာကောင်းလောက်အောင် အိမ်တွေ ဖျက်ကြရပါတယ်။

နောက်ပြီးလမ်းမြေတွေမှာ တိုးချဲ့အိမ်ဆောက်ခြင်းဟာ လမ်းကိုကျဉ်းသွားစေပါတယ်။ ဒါကြောင့် တားမြစ်ထားတာလည်း ဖြစ်ပါတယ်။ 

ကိုယ်ဝယ်မယ့်မြေဟာ လမ်းမြေဖြစ်နေလား ဆိုတာကို ဒီအချက်တွေကြည့်ပြီး သိနိုင်ပါတယ်။ 

လမ်းမနဲ့ အလွန်နီးကပ်စွာ ရှိနေခြင်း

ကိုယ်ဝယ်ဖို့ ရည်ရွယ်ထားတဲ့ အဆောက်အဦးဟာ အခြားအိမ်တွေနဲ့ တစ်တန်းတည်းမဟုတ်ဘဲ ရှေ့ကို ငေါထွက်နေရင် လမ်းမြေလို့ ယူဆနိုင်ပါတယ်။ 

အနီးအနားဝန်းကျင်မှာ ရှိတဲ့ နေထိုင်သူတွေကို မေးမြန်းပါ။ 

တစ်ခါတစ်လေ ပွဲစားက စကားပြောကောင်းတဲ့အခါ ပစ်ယုံပြီး ငွေချေလိုက်တာမျိုး ရှိတတ်ပါတယ်။ အဲဒီလို မလုပ်ပါနဲ့။ အနီးနားမှာရှိတဲ့ ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်မှာရှိတဲ့ နေထိုင်သူတွေနဲ့ စကားပြောကြည့်ပါ။ အရင်က ဒီနေရာဟာ ဘာဖြစ်ခဲ့ဖူးလဲ၊ အမှုအခင်းရှိခဲ့ဖူးလား၊ အဆောက်အဦးက ရေမြောင်းပေါ် ခွဆောက်ထားလား သတင်းတွေ စနည်းနာပါ။ ပြီးမှ ဝယ်သင့်မဝယ်သင့် စဉ်းစားပါ။ 



ငွေကိုပဲမကြည့်ပါနဲ့။ 

ငွေသက်သာတာကို မကြည့်ပါနဲ့။ ငွေသက်သာခြင်းရဲ့ နောက်ကွယ်မှာ ခေါင်းခဲစရာတွေ ကပ်ပါလာတတ်ပါတယ်။ ဈေးပေါတဲ့ မြေအမျိုးအစားထက် ဈေးသင့်ပြီး ခိုင်မာမှုရှိတဲ့ မြေကို ဝယ်ယူပါ။ ဒါဟာ သက်ဆုံးတိုင်ထိ စိတ်အေးချမ်းစေပါတယ်။ 

လမ်းမြေဟာ မြေခိုင်မာမှု ပြောင်းလဲဖို့ မလွယ်ပါဘူး။

လမ်းမြေဟာ ဘယ်လိုဘဲ အဆောက်အဦးတွေဆောက်ပါစေ မြို့မြေစာရင်းမှာ မူလရေမြောင်းအဖြစ်သာ ရှိပါတယ်။ လမ်းမြေကို ဂရမ်မြေပြောင်းလို့ မလွယ်ကူပါဘူး။ အချိန်မရွေး ဖယ်ရှားခံရနိုင်ပါတယ်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၇ မှာ စည်ပင်သာယာရေး ကော်မတီ က စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေ၊ မြေကွက်လပ်တွေမှာ ကော်မတီရဲ့ ခွင့်ပြုချက်မရဘဲ အဆောက်အအုံ၊ နေအိမ်တွေ ကျူးကျော် ဆောက်လုပ်နေထိုင်ခြင်း မပြုဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။ ဖောက်ဖျက်ကျူးလွန်ရင်တော့ ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အအုံကို ဖယ်ရှားပေးဖို့ အကြောင်းကြားစာထုတ်မှာဖြစ်ပြီး အကြောင်းကြားစာ ရရှိတဲ့ ရက် မှ ၁၅ ရက်အတွင်း ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ မဖယ်ရှားခဲ့ရင်လည်း မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ဖယ်ရှားရှင်းလင်းရေး အဖွဲ့က ကျူးကျော်သူနဲ့တကွ အဆောက်အအုံ နေအိမ်တွေ ဖယ်ရှားပြီး မြေနေရာ ကို လက် ရောက်ရယူနိုင်တယ်လို့ စည်ပင် သာယာရေး ဥပဒေ ပုဒ်မ ၄၅ မှာ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ 

ဒါကြောင့် ကိုယ်တစ်ဘဝတာ ခိုလှုံမယ့် အိမ်လေးဆောက်ဖို့အတွက်ဖြစ်စေ၊ စီးပွားရေး လုပ်ဖို့အတွက်ဖြစ်စေ အရှုပ်အရှင်းကင်းပြီး စိတ်ချမ်းသာရမယ့် မြေကွက်တွေသာ ရွေးချယ်ဝယ်ယူဖို့ အကြံပြုလိုက်ပါတယ်။ 

Written By : Lily(ShweProperty.com)
Posted By : Ra Wai (ShweProperty.com)