အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ရာမှာ အရပ်စာချုပ်နဲ့ပဲ ဝယ်ယူထားမိတယ်ဆိုရင် ပိုင်ဆိုင်မှုခိုင်မာအောင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုဖို့ အကြံပေးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ "အိမ်မြေတွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်း" ဟာ
- စာချုပ်ဟာ မှတ်ပုံတင်စာချုပ်မဟုတ်ခြင်း
- တံဆိပ်ခေါင်းခွန်(၅ရာခိုင်နူန်း)ထမ်းဆောင်ထားမှု မရှိခြင်း
- စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ထားတဲ့ စာချုပ်မရှိခြင်း
- မြေစာရင်းနဲ့အထွေထွေအုပ်ချုပရေးဦးစီးဌာနမှာ မိမိအမည်ပြောင်း လျောက်ထားမရတာကြောင့် အမည်ပေါက်၊ ဂရမ်မရနိုင်ခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။ 

ဒီလိုအရပ်စာချုပ်နဲ့သာ ဝယ်ယူထားခြင်းကို "တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း" (Part Performance)ဖြစ်တာကြောင့် အပြည့်အဝဆောင်ရွက်ခြင်းမဟုတ်တဲ့အတွက် ပိုင်ဆိုင်ခွင့်မရနိုင်ပါဘူး။ 

အကျိုးဆက်က မြေပိုင်ဆိုင်ခွင့်အကြောင်း တရားရုံမှာ အရေးဆိုလို့မရပါဘူး။ပိုင်ဆိုင်ခွင့်ကိုအကြောင်းပြုပြီးတော့ အိမ်မြေအပေါ် ကျူးကျော်သူတို့ နှင်ထုတ်လိုမရဘူး။ ကိုယ်က အခြားသူကို တရားဝင်ရောင်းချလို့မရဘူး။ ရောင်းချခဲ့ရင်လည်း ဝယ်ယူသူက တရားဝင်ပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ ဒါပေမယ့်ရောင်းသူက ကိုယ့်ကို ဒီမြေပေါ်က နှင်ထုတ်လိုမှုစွဲဆိုလာလျှင် သူနဲ့ကိုယ် ချုပ်ဆိုထားတဲ့ အရပ်ကတိစာချုပ်ကို ရုံတော်သို့တင်ပြပြီး ခုခံကာကွယ်နိုင်ပါတယ်။ 



အရပ်စာချုပ်ကို မှတ်ပုံတင်မယ်ဆိုရင်
---------------------------------------
အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးကို သွားရောက်ပြီး 
(၁) ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း နေထိုင်သူများဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူ။
(၂) အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များဖြစ်ပါက သက်ဆိုင်ရာမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက တစ်နှစ်အတွင်းထုတ်ပေးထားတဲ့ မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူ
 (၃) အကယ်၍ မိမိဝယ်ယူတဲ့ မြေဂရန်ပေါက်သူ ကွယ်လွန်သွားပါက အမွေဆက်ခံ ထိုက်သူတွေရဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုထားတဲ့ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ် မူရင်း/ မိတ္တူ 
(၄) မူလအမည်ပေါက်ပိုင်ဆိုင်သူကိုယ်စား ကိုယ်စားလှယ်လွှဲစာ SP / GP မူရင်း/ မိတ္တူ။
(၅) ဝယ်ယူထားတဲ့ မြေ (သို့မဟုတ်) မြေနဲ့အဆောက်အဦအတွက် ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘေးနှစ်ဖက်)
(၆) မြေငှားစာချုပ် (ဂရန်) မူရင်း/ မိတ္တူ တို့ကို ပြသဖို့လိုပါတယ်။

ပြီးရင်တော့ ကာလတန်ဖိုးစိစစ်သတ်မှတ်ပြီး နှစ်အလိုက်ပြဌာန်းထားတဲ့ ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ သတ်မှတ်ထားတဲ့ အခွန်အခတွေကို ပေးဆောင်ကာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုနိုင်ပါပြီ။

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)