တိုက်ခန်းတွေ အရောင်းအဝယ်လုပ်တဲ့အခါ မြေရှင်လက်မှတ်က ဘာကြောင့် အရေးပါရတာလဲ ဆိုတာ ဝယ်သူတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။ နောက်ပြီး တစ်ချို့တိုက်ခန်းငှားတဲ့အခါမှာလည်း မြေရှင်ကို အသိပေးရတာတွေ၊ မြေရှင်ဆိုရင် ရှိန်ရတာမျိုးတွေ ရှိပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတာကိုတော့ ဒီဆောင်းပါးလေးမှာ ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ 

ကန်ထရိုက်တိုက်တွေ ဆောက်လုပ်ရာမှာ မြေရှင်နဲ့ ညှိနှိုင်းဆောက်လုပ်ရပြီး ဆောက်လုပ်ပြီးရင်လည်း မြေရှင်အတွက် အခန်းတစ်ခန်း ပေးထားရတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ အဲဒီမှာ ကတည်းက မြေရှင်ရဲ့ အရေးပါပုံက စကားပြောနေပါပြီ။ ဒါအပြင် တိုက်ခန်း၊ ကွန်ဒို ဝယ်ယူမှုတွေမှာလည်း မြေရှင်ရဲ့ အသိအမှတ်ပြုခြင်းဟာ ပိုင်ဆိုင်မှု ခိုင်မာဖို့အတွက် အရေးကြီးပါတယ်။ 

တိုက်ခန်းဝယ်ယူသူတွေ စိုးရိမ်ကြတဲ့ အချက်တစ်ချက် ရှိပါတယ်။ အချိန်တန်လို့ တိုက်ခန်းအိုမင်း ဟောင်းနွမ်းသွားရင် ဘယ်လိုလုပ်ရမလဲ? တိုက်ခန်းကို ဆုံးရှုံးရမှာလား ? ဆိုတာပါ။ အဲ့ဒီလို တိုက်ခန်းဟောင်းနွမ်းသွားပြီ၊ ရာသီဥတုကြောင့် ပြိုကျခဲ့ပြီဆိုရင် မြေရှင်နဲ့ ညှိနှိုင်းပြီး တိုက်ခန်းအသစ်ပြန်ဆောက်ရာမှာ ကိုယ့်ရဲ့တိုက်ခန်းနေရာ ပြန်ရဖို့ စုပေါင်းကျငွေ ထည့်ဝင်ပေးရပါတယ်။ ဒီလို စုပေါင်းကျငွေ ထည့်ဝင်ဖို့ တိုက်ခန်းဝယ်ယူရာမှာ မြေရှင်ရဲ့ အသိအမှတ်ပြု လက်မှတ် လိုအပ်ပါတယ်။ ကိုယ်တိုက်ခန်းဝယ်တာ မြေရှင်မသိဘူး၊ မြေရှင် လက်မှတ်မရှိဘူးဆိုရင်တော့ တစ်စုံတစ်ရာ ပျက်စီးမှု ဖြစ်လာတဲ့အခါ တိုက်ခန်းဆုံးရှုံးသွားနိုင်ပါတယ်။ 



အဲဒီလို မြေရှင်ကို လက်မှတ်ထိုးခိုင်းရာမှာလည်း လက်မှတ်ထိုးခ ပေးရလေ့ ရှိပါတယ်။ ပုံမှန်အားဖြင့် နေရာဒေသ အလိုက် အရောင်းတန်ဖိုးရဲ့ တစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းအထိ ပေးရတတ်ပါတယ်။ တကယ်တမ်းတော့ လက်မှတ်ထိုးခဟာ ပေးစရာ မလိုပါဘူး။ မြေငှားခသာ ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစဉ်အလာလို ဖြစ်နေတော့ အရှည်အရှည်မဖြစ်ချင်တာနဲ့ ဝယ်သူတွေက ပေးလိုက်ရတာမျိုး ရှိပါတယ်။ 

တိုက်ခန်းဟာလည်း ကိုယ်တသက်လုံး နေရမယ့် အိမ်ဖြစ်တာကြောင့် ဝယ်ယူမှုတွေမှာ အရှုပ်အရှင်းတွေ၊ မြေရှင်နဲ့ ပြဿနာတက်တာတွေ၊ ပွဲစားတွေရဲ့ နှပ်ချတာတွေ မခံရအောင် ရိုးရိုးပွဲစားရယ်၊  ရောင်းသူရယ်၊ ဝယ်သူရယ်၊ မြေရှင်ရယ်ပဲ စာချုပ်ချုပ်ဆိုခြင်းထက် ကျွမ်းကျင်တဲ့ ရှေ့နေကိုပါ ငှားရမ်းပြီး စာချုပ်ချုပ်ဆိုဖို့ အကြံပေးလိုပါတယ်။ 

ကဲ... ဒါဆိုရင်တော့ ဘာကြောင့်မြေရှင်လက်မှတ် လိုအပ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပြီ ထင်ပါတယ်။ မရှင်းတာရှိရင်လည်း Shwe property ရဲ့ အိမ်ခြံမြေ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနိုင်ပါတယ်နော်။ အားလုံးပဲ အရှုပ်အရှင်းကင်းတဲ့ တိုက်ခန်းတွေ ပိုင်ဆိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။ 

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)