အိမ်မှာ အပင်စိုက်တယ်ဆိုတာ အိမ်မှာ အိမ်မွေးတိရစ္ဆာန်မွေးထားတာမျိုးနဲ့ ဆင်တူပါတယ်။ အပင်လေးတွေ စိုက်ပျိုးတာက အပင်စိုက်တယ်ဆိုတာထက် ကိုယ့်အတွက်လည်း အကျိုးကျေးဇူးတွေလည်း ရစေတတ်ပါတယ်။ ခေတ်စားလာတဲ့ အိမ်တွင်းမှာ စိုက်လို့ ရတဲ့ အပင်သေးသေးလေးတွေက သင့်ကို အရမ်း အလုပ်မရှုပ်စေပေမယ့်လည်း သင့်ကို အကျိုးထူးသွားစေမယ့် အခြေအနေတွေ အများကြီး ဖြစ်စေပါတယ်။ အဲ့ဒီထူးခြားမှုလေးတွေကတော့…

အိမ်ရဲ့ လေတွေကို သန့်သွားစေတယ်

အိမ်တွင်းမှာ စိုက်ပျိုးရတဲ့ အပင်အများစုက လေထဲက အဆိပ်အတောက် ဖြစ်စေတာတွေကို စုပ်ယူပြီး ပြန်ပြီး သန့်စင်တဲ့ လေ ရတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်အောင် ပြုပြင်ပေးပါတယ်။ ဒါကြောင့် အပင်စိုက်ထားတဲ့အိမ်က အပင်မရှိတဲ့ အိမ်ထက် ပိုပြီး လေကောင်းလေသန့် ရနေတတ်ကြပါတယ်။ ဒါ ကျန်းမာရေးအတွက် ကောင်းတဲ့ အချက်ပါပဲ။


စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်

အပင်တွေ စိုက်ပျိုးတယ်ဆိုတာ ဒီအတိုင်း အပင်ဆိုင်ကနေ ဝယ်လာပြီး အိမ်ရဲ့ အဆင်ပြေတဲ့ နေရာမှာ ချထားရုံနဲ့ မပြီးပါဘူး။ အပင်က ရေဘယ်လောက် လိုအပ်လဲဆိုတာကို သိပြီး ရေလောင်းပေးရသလို နေပြပေးရမယ့် အချိန်မှာ နေရောင်အောက်မှာ ထားပေးဖို့ လိုပါတယ်။ ဒါ့အပြင် အပင်လေးတွေ ကြီးလာတာ၊ ပွားလာတဲ့အခါ မျိုးခွဲပေးရတာမျိုးလည်း လုပ်ရပါတယ်။ ဒီလိုမျိုး ကိုယ့်အပင်ကို အိမ်မွေးတိရစ္ဆာန်မွေးသလို ဂရုတစိုက် စိုက်ပျိုးတဲ့အခါ သင့်မှာ ရှိနေတဲ့ စိတ်ဖိစီးမှုတွေကို တဖြည်းဖြည်း လျော့ကျသွားစေနိုင်ပါတယ်။

အနားယူဖြစ်စေတယ်

အပင်လေးတွေက သင့်ကို ခဏတာလောက်ဖြစ်ဖြစ် အနားရစေတတ်ပါတယ်။ ပိတ်ရက်မှာ လျှောက်သွားပြီး ပင်ပန်းတာ ဖြစ်ဖြစ် အလုပ်တွေ များနေတာ ဖြစ်ဖြစ် သင်ဦးနှောက် အနားမရသလို ဖြစ်နေပြီး ပင်ပန်းမှုတွေကို ခံစားရတတ်ပါတယ်။ အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးထားတဲ့သူတွေကတော့ အပင်အတွက် အချိန်ပေးရင်းနဲ့ အပင်လေးတွေကို ကြည့်ရင်း အချိန်ကုန်ဖြစ်တတ်ကြပါတယ်။ ဒါက အပင်လေးတွေကြောင့် အနားယူဖြစ်သွားတာမျိုးပါပဲ။


အာရုံစူးစိုက်မှု ပိုပြီး ကောင်းလာစေတယ်

အပင်တွေရဲ့ ကျန်းမာ သန်စွမ်းရေးကို ဂရုစိုက်ရတဲ့သူတွေက လေ့ကျင့်ခန်း လုပ်ရသလိုပါပဲ။ အပင်တွေကို အမြဲ ကြည့်ဖို့ ဝတ္တရား ရှိတဲ့အတွက် အပင်လေးတွေကို သံယောဇဉ်တွယ်ပြီး ပြုစုပေးရတဲ့အခါ စိတ်က တည်ငြိမ်သွားတတ်လို့ အာရုံစူးစိုက်မှုအားလည်း ပိုပြီး ကောင်းလာတတ်ကြပါတယ်။

အထီးကျန်မှုကို လျော့ကျစေတယ်

အပင်လေးတွေက သင့်ကို  အထီးကျန်မှုတွေ မဖြစ်အောင် အဖော်ပြုပေးနိုင်ပါတယ်။ အပင်မှာ အတက်အသစ်လေးထွက်တာ၊ ပန်းလေး ပွင့်တာကအစ ကြည့်ရင် ကြည့်သလို သင့်ကို အထီးကျန်မှုတွေ နည်းသွားစေနိုင်ပါတယ်။ တစ်ယောက်တည်း နေတာ ဖြစ်စေ၊ မိသားစုနဲ့ နေတာ ဖြစ်စေ အိမ်တွင်း အပင်လေး စိုက်ပျိုးတဲ့အခါမှာ သင့်ကို အထီးကျန်စေရမှာကို မဟုတ်ပါဘူး။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင်

သင့်အိမ်ခန်း သို့မဟုတ် ရုံးခန်းထဲက HOUSEPLANTS လေးများကို ဘယ်လိုဂရုစိုက်ရမလဲ

သင့်ကျန်းမာရေးကောင်းအောင် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ

အခန်းတွင်း လေသန့်စင်ပေးနိုင်မယ့် အပင်လေးတွေ စိုက်ကြည့်ရအောင်

Credit By: Aunt May
Posted By : Ra Wai, ShweProperty.com