မိမိအိမ်မှာရှိတဲ့ သောင်းကျန်းလွန်းတဲ့ခြင်တွေကို ခြင်ဆေးခွေ၊ ခြင်ဖျန်းဆွေးတွေနဲ့ နှိမ်နှင်းနေတုန်းလား?

ဒါက အလွန်အန္တရာယ်များတဲ့ နှိမ်နှင်းခြင်းဖြစ်ပြီး ကလေးငယ်ရှိတဲ့ အိမ်တွေဆိုရင် ပိုပြီးတောင် အန္တရာယ်များလွန်းပါသေးတယ်။ဒါကြောင့်မို့ အန္တရာယ်မများဘဲ သဘာဝနည်းလမ်းတွေနဲ့ ခြင်တွေပြေးစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင်ဟာ အပင်လေးတွေကို ချစ်မြတ်နိုးပြီး အပင်စိုက်တာလည်းဝါသနာပါတယ်၊ ခြင်တွေကိုလည်း သဘာဝနည်းလမ်းအတိုင်း နှိမ်နှင်းချင်တယ်ဆိုရင် ဒီနည်းလမ်းတွေက သင့်အတွက် အကောင်းဆုံးနည်းလမ်းတွေဖြစ်မှာပါ။ ပြီးတော့ ခြင်ပြေးပင်လေးတွေဟာ မိမိတို့မီးဖိုခန်းအတွက်လည်း အသုံးဝင်တာကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်လည်းဖြစ်ပါတယ်။ ခြင်ပြေးပင်လေးတွေကို စိုက်ပျိုးခြင်းဖြင့် မိမိတို့မီးဖိုခန်းရဲ့ ငွေယိုပေါက်က တစ်ဖက်တစ်လမ်းက ကာကွယ်နည်းလည်း ရောက်ပါတယ်။

ကန်စွန်းပင်

ကန်စွန်းပင်လေးတွေ ပွင့်ချိန်မှာ ခြင်တွေ ပြေးတယ်ဆိုတဲ့ လျို့ဝှက်ချက်ကို သင်သိပါသလား? အမှန်ပါ.. ကန်စွန်းရွက်ဆိုတာက မိသားစုတိုင်းကြိုက်နှစ်သက်တဲ့ ဟင်းလျာဖြစ်ပြီး၊ ထမင်းပူပူလေးနဲ့ ကန်စွန်းပလိန်းတစ်ခွက်ဟာ အလွန်ပဲလိုက်ဖက်ညီတဲ့ အစားအစာပဲဖြစ်ပါတယ်။

ကန်စွန်းပင် စိုက်ပျိုးနည်း

အိုးထဲကို သဲ(၁)ဆ၊ မြေဆွေး(၁)ဆ၊ ပြာ (၁)ဆုတ် ရောထည့်ပြီး ရေအနည်းငယ်လောင်းပါ။ ကန်စွန်းပင်ကို ၃ လက်မလောက်မြှုပ်ပြီး တစ်ပင်စီစိုက်ပါ။ နေရောင်ခြည်ရတဲ့နေရာမှာထားပြီး ရေလောင်းရန် မမေ့ပါနဲ့။


ပူစီနံ

အသုတ်ထဲမှာဖြစ်ဖြစ် ထည့်စားလို့ရပြီး၊ ငါးပိရည်တို့စရာအဖြစ်လည်း စားလို့ရတဲ့ ပူစီနံအရွက်ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ပူစီနံအပင်လေးတွေက ခြင်တွေပြေးစေတဲ့ အနံ့ကိုထုတ်ပေးတာကြောင့် အိမ်မှာ ပူစီနံပင်လေးတွေစိုက်ထားရုံနဲ့ ခြင်ပြေးစေတဲ့အပြင် ဈေးဝယ်ခြင်းထဲက ပစ္စည်းတစ်မျိုးလည်း လျော့စေနိုင်ပါတယ်။ပူစီနံအပင်လေးတွေက စိုက်ပျိုးရလွယ်ကူပြီး နေရာမယူတာကြောင့် တိုက်ခန်းနေသူများတောင် စိုက်ပျိုးလို့ရပါတယ်။

ပူစီနံပင်စိုက်ပျိုးနည်း

ပူစီနံပင်လေးတွေက စိုက်ပျိုးရလွယ်ကူသလောက် အလွန်ပဲ ပွားလွယ်တာကြောင့် ခြံကျယ်ကျယ်မရှိပါက အဝကျယ်တဲ့ အိုးထဲမှာ ထည့်စိုက်ဖို့လိုပါတယ်။ပူစီနံပင်စိုက်ဖို့ မျိုးပင် သပ်သပ်ဝယ်ဖို့မလိုဘဲ စားဖို့ဝယ်လာတဲ့ အပင်ထဲက အရိုးရင့်တာလေးတွေကို စိုက်လို့ရပါတယ်။အိုးထဲကို ရေစီးဆင်းဖို့လွယ်တဲ့ မြေဆီလွှာအပွကိုထည့်ပြီး အခက်အလက်လေးတွေကို လေးဆစ်လောက်မြှုပ်အောင်ထည့်ပြီး အပေါ်ကနေ မြေဆွေးထပ်ထည့်ပေးရုံပါပဲ။ ရေကိုလည်း အိုးအောက်ခြေထိ စိုတယ်ဆိုရုံလေးလောင်းပေးဖို့လိုပါတယ်။

ပင်စိမ်းပင်

ငါးလေးအိုးကပ်ကို ငရုတ်သီးစပ်စပ်နဲ့ ပင်စိမ်းရွက်လေးအုပ်ပြီး ချက်စားကြပါတယ်။ ထမင်းစားမြိန်စေတဲ့ ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်။ အဲ့ဒီပင်စိမ်းရွက်လေးတွေကလည်း ခြင်တွေကို ပြေးစေနိုင်တဲ့အနံ့လေးတွေရှိတာမို့ ခြင်ပြေးပင်လေးပဲဖြစ်ပါတယ်။

ပင်စိမ်းပင်စိုက်ပျိုးနည်း

ဈေးထဲက ဝယ်လာတဲ့ ပင်စိမ်းပင်လေးရဲ့ အောက်ခြေကို ဖြတ်ပြီး မြေဆီလွှာထည့်ထားတဲ့ အိုးလေးနဲ့ စိုက်ပျိုးပါ( မြေသြဇာအများကြီးထည့်ဖို့မလိုပါ)၊ အိုးလေးထဲက မြေဆီလွှာတွေခြောက်တဲ့အခါ ရေလောင်းပေးဖို့လိုအပ်ပြီး တစ်နေ့ကို ၆ နာရီလောင် နေရောင်ခြည်ရတဲ့နေရာမှာထားပေးဖို့လိုအပ်ပါတယ်။

ကြက်သွန်ဖြူ

အိမ်တိုင်းရဲ့ မီးဖိုခန်းမှာ ရှိပြီး ဟင်းပွဲတိုင်းမှာ မပါမဖြစ်တဲ့ ဟင်းခတ်အမွှေးအကြိုင်ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူစားခြင်းကြောင်း ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အံ့မခမ်းဖြစ်ပြီး ၎င်းအပင်ကို စိုက်ပျိုးထားခြင်းဖြင့်လည်း ခြင်တွေကို အလွယ်တကူ နှိမ်နှင်းနိုင်မှာဖြစ်ပါတယ်။

ကြက်သွန်ဖြူစိုက်ပျိုးနည်းများ

မြေကြီးအကျယ်မရှိသူတွေက အိုးနဲ့ မြေကြီးအကျယ်ရှိသူတွေကတော့ ဘောင်လေးလုပ်ပြီး စိုက်ပျိုးနိုင်ပါတယ်။ အိုးထဲကို မြေဆွေးထည့်ပြီး ကြက်သွန်ဖြူကို အမွှာလေးတွေခွဲပြီး မြေဆွေးထဲ ထိုးစိုက်ထားရုံပါပဲ။ အညှောင့်ထွက်မယ့်အပိုင်းကို အပေါ်မှာထားပြီး စိုက်ပျိုးဖို့ သတိပြုမိပါစေ။ ရေပုံမှန်လောင်းပေးဖို့လည်း မမေ့ပါနဲ့နော်….

စပါးလင်

မုန့်ဟင်းခါးချက်တဲ့အခါမှဖြစ်ဖြစ်၊ အသားဟင်းတွေချက်တဲ့အခါမှာပဲဖြစ်ဖြစ် အမွှေးနံ့သာအနေနဲ့ ထည့်ချက်တဲ့ စပါးလင်ကို လူတိုင်းသိကြပါတယ်။အိမ်မှာ စပါးလင်ပင်စိုက်ပျိုးထားရုံနဲ့ ခြင်ဆေးခွေထွန်းစရာမလို၊ ခြင်းဆေးဖျန်းစရာမလိုဘဲ ခြင်တွေကို အလွယ်တကူ နှိမ်နှင်းနိုင်မှာဖြစ်ပါတယ်။



စပါးလင်စိုက်ပျိုးနည်း

လွယ်ပါတယ်။ ဈေးထဲက ဝယ်လာတဲ့ စပါးလင်ပင်ရဲ့ အရင်းပိုင်း(၂ လက်မလောက်)ကို ရေဖန်ခွက်ထဲထည့်စိမ်ပါ။ ၇ ရက်ကြာပြီးနောက် စပါးလင်ပင်မှ အမြစ်လေးတွေထွက်လာပါလိမ့်မယ်။ ထို့နောက် မြေဆွေးထည့်ထားတဲ့အိုးထဲကို ၁ လက်မလောက်မြုပ်အောင် ထိုးစိုက်ပြီး ရေလောင်းပေးပါ။ ဒီနည်းနဲ့ လွယ်ကူလျင်မြန်စွာ စပါးလင်ပင်စိုက်ပျိုးနိုင်ပါပြီ။

ဒီခြင်ပြေးပင်(၅)မျိုးဟာ အိမ်တိုင်းရဲ့ မီးဖိုခန်းတွေမှာလည်း အသုံးတည့်ပြီး အိမ်မှာမဖြစ်မနေစိုက်ပျိုးထားရုံနဲ့ ခြင်များပြေးစေနိုင်တဲ့အပြင် အိမ်ရဲ့ မီးဖိုခန်းမှ ငွေယိုပေါက်ကိုလည်း အနည်းငယ်တော့ ပိတ်စို့ပေးစေနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိမိအိမ်မှာ အပင်စိမ်းစိမ်းလေးတွေ စိုက်ပျိုးထားခြင်းကလည်း မိမိရဲ့ စိတ်ကို လန်းဆန်းစေပါတယ်။ဒါကြောင့် စာဖတ်သူတို့လည်း ငွေကုန်ကြေးကျမများဘဲ အလွယ်တကူစိုက်ပျိုးလို့ရတဲ့ ခြင်ပြေးပင်လေးတွေကို အခုပဲ စိုက်ပျိုးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်တွင် မထားသင့်သော အရာများ

နေ့တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်တဲ့ ပစ္စည်း (၅) မျိုး

မကြာခဏသန့်ရှင်းရေး လုပ်ပေးသင့်တဲ့ အသုံးအဆောင်ပစ္စည်းများ (၂)

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ သင့်ရဲ့အိပ်ခန်းကိုဘယ်လိုပြင်ဆင်ရမလဲ

Credit By: Apannpyay Media
Posted By : Ra Wai, ShweProperty.com