စာဖတ်သူတို့ နေ့စဉ်အသုံးပြုနေတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ဖြစ်ပါသလား။ အခုလိုကူးစက်ရောဂါတွေဖြစ်ပွားနေချိန်မှာ နေ့စဉ်အသုံးပြုနေတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သန့်ရှင်းရေးဂရုစိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ချို့အသုံးအဆောင်ပစ္စည်းတွေမှာ မမြင်နိုင်တဲ့ရောဂါပိုးတွေများစွာရှိနေနိုင်ပြီး ရောဂါပိုးတွေအလွယ်တကူ ကူးစက်ပြန့်ပွားနိုင်ပါတယ်။ ဒါကြောင့်ဒီတခေါက်မှာတော့ စာဖတ်သူတို့ သတိတရနဲ့ သန့်ရှင်းရေးလုပ်ပေးသင့်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ဖုန်း

စာဖတ်သူတို့နေ့စဉ်အသုံးပြုနေတဲ့ ဖုန်းတွေဟာ အိမ်သာထိုင်ခုံထက် ဘက်တီးရီးယားပိုးမွှားတွေ ပိုမိုကပ်ညှိတွယ်နေနိုင်တယ်လို့ပြောရင် ယုံနိုင်မလား။ဟုတ်ပါတယ် လူတွေရဲ့ နေ့စဉ်ဘဝမှာ အချိန်တိုင်းလိုလို ကိုင်တွယ်အသုံးပြုနေတဲ့ ဖုန်းတွေမှာ နေရာပေါင်းစုံက မမြင်နိုင်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေအများကြီး ကပ်ညှိတွယ်နေနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ လက်ကိုင်ဖုန်းမျက်နှာပြင်နဲ့နောက်ကျောဘက်ကို မကြာခဏအရက်ပြန်နဲ့ ပွတ်တိုက်ဆေးကြောသန့်စင်ပေးသင့်ပါတယ်။



(၂) ကွန်ပြူတာကီးဘုတ်

အခုချိန်မှာ ရုံးဝန်ထမ်းတော်တော်များများ အိမ်ကနေပဲ Work From Home လုပ်နေကြတာဆိုတော့ ကွန်ပြူတာကလည်း နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတစ်ခုဖြစ်မှာပါ။ ကွန်ပြူတာမှာလည်း လက်ကိုင်ဖုန်းတွေကဲ့သို့ပဲ အဓိကအားဖြင့် အများဆုံးလက်နဲ့ကိုင်တွယ် အသုံးပြုရတာ ကီးဘုတ်ပေါ်ကခလုတ်တွေဖြစ်ပါတယ်။ဒါကြောင့် ကွန်ပြူတာကီးဘုတ်တွေကိုလည်း နေ့စဉ် သန့်ရှင်းလုပ်ပေးဖို့လိုအပ်ပါတယ်။

(၃) ရီမု

တီဗီရီမု ရုပ်သံလိုင်းစက်တွေရဲ့ ရီမုတွေမှာလည်း ဖုန်အညစ်အကြေးနဲ့ ရောဂါပိုးတွေ ကပ်ညှိနေနိုင်ပါတယ်။ ရီမုတွေကိုတော့ အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေးလုပ်တဲ့အခါ အပြင်းစားပိုးသတ်ဆေးရည်တွေ အသုံးပြုခြင်းကိုရှောင်ကျဉ်ပါ။ ပိုးသတ်ဆေးရည်တွေက ရီမုရဲ့ ဆားကစ်ပြားတွေကို ပျက်စီးသွားစေတက်လို့ပါ။ ပန်းကန်ဆေး ဆပ်ပြာပျော့ရည် (သို့မဟုတ်) ရှာလကာရည်အနည်းငယ်ကို အသုံးပြုပြီး ရီမုတွေကို သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

(၄) တဘက်

မနက်မိုးလင်းမျက်နှာသစ်ချိန်ကစတင်ပြီး ညနေရေချိုးတဲ့အထိ နေ့စဉ်တဘက်တွေ မျက်နှာသုတ်ပဝါတွေကို၂ ကြိမ်ထက်မနည်းအသုံးပြုကြရပါတယ်။တဘက်တွေ မျက်နှာသုတ်ပဝါတွေဟာ စိုထိုင်းမှုရှိတာကြောင့် မှိုနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံး ၃ ရက်တစ်ကြိမ်လောက်တော့ လျော်ဖွတ်သန့်စင်ပေးသင့်ပါတယ်။ နေ့စဉ်အသုံးပြုပြီးတိုင်းမှာလည်း နေရောင်ခြည်နဲ့ လေကောင်းလေသန့်ရတဲ့နေရာမှာ ထုတ်လှန်းထားဖို့လည်း အကြံပြုချင်ပါတယ်။



(၅) ရေခဲသေတ္တာ

နေ့စဉ်အသားငါး ဟင်းသီးဟင်းရွှက်နဲ့ တခြားသော အစားအသောက်မျိုးစုံထည့်သွင်းအသုံးပြုနေတဲ့ ရေခဲသေတ္တာတွေမှာ ဘက်တီးရီးယားပိုးမွှားတွေက ကပ်တွယ်နေနိုင်တယ်ဆိုတာ ငြင်းဆိုဖွယ်ရာမရှိပါဘူး။တချို့သော ရက်လွန်နေတဲ့ အစားအသောက်တွေကနေလည်း မှိုတွေဘက်တီးရီးယားပိုးတွေကောင်းကောင်းကြီးပေါက်ဖွားနေနိုင်ပါတယ်။ ဒါကြောင့်ရေခဲသေတ္တာတွေကို အနည်းဆုံး (၂) ပတ် တစ်ကြိမ်လောက်တော့ သန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါအနည်းငယ်ကို ရေနဲ့ဖျော်ပြီး သန့်ရှင်းရေးပြုလုပ်ပေးနိုင်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

 
သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ


သန့်ရှင်းရေးလုပ်ဖို့ သတိမထားမိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေရဲ့ အန္တရာယ်


 သန့်ရှင်းရေးပုံမှန်မလုပ်ရင် ကျန်းမာရေးကို ထိခိုက်လာစေတဲ့ အိမ်သုံးပစ္စည်းများ


 သင့်အိမ်နှင့်သင့်ကျန်းမာရေး

Credit By: Kwee
Posted By : Ra Wai, ShweProperty.com