ကိုယ်နေထိုင်တဲ့အိမ်မှာ ကောင်းမွန်တဲ့ဖုန်းရွှေဓာတ်ကိန်းအောင်းနေမယ်ဆိုရင် အိမ်ရဲ့မိသားစုတွေဆီကို ကံကောင်း‌ခြင်းတွေနဲ့အတူ ကောင်းကျိုးလာဘ်လာဘတွေ ဆိုက်ရောက်လာမှာဖြစ်ပြီး ဖုန်းရွှေဓာတ်မကောင်းမွန်တဲ့အခါ ကြံစည်သမျှသိပ်ပြီးအကျိုးဖြစ်ထွန်းခြင်းမရှိတာတွေ၊ ကျန်းမာရေးအားနည်းတာ​တွေနဲ့ ကြုံရတတ်ပါတယ်။ ဒါကြောင့် အစကောင်းမှအနှောင်းသေချာဆိုသလို အိမ်အသစ်စဆောက်တော့မယ်ဆိုရင် ဖုန်းရွှေနည်းအရ ကောင်းမွန်တဲ့စွမ်းအင်တွေကိန်းအောင်းစေဖို့ ဂရုစိုက် လုပ်ဆောင်သင့်ပါတယ်။

ဒီနေ့တော့ Shwe Property ပရိသတ်တွေအတွက် အိမ်အသစ်တည်ဆောက်တဲ့အခါ ကောင်းမွန်တဲ့ ဖုန်းရွှေဓာတ်ကိန်းအောင်းစေဖို့ လုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) မြေနေရာရွေးချယ်ခြင်း

‌အိမ်မှာ ဖုန်းရွှေအရ ကောင်းတဲ့ မြေနေရာရှိဖို့ အင်မတန်လိုအပ်ပါတယ်။ဒါမှသာ အိမ်သား​တွေ​အတွက်လည်း ကံကောင်းစေမှာပါ။ အိမ်ဆောက်မယ့် မြေနေရာကိုတော့ သင်္ချိုင်းမြေတွေ ၊ ရွာအဝင်ဝ ၊ တောင်ကမ်းပါးစွန်း ၊  မြစ်ကမ်းနား နဲ့အတူ လမ်းဦးတိုက်လို့ ခေါ်လေ့ရှိတဲ့ လမ်းဆုံနေရာတွေကို လုံးဝ ရှောင်ရှားဖို့လိုအပ်ပါတယ်။ ဒီမြေတွေဟာ မကောင်းတဲ့ ဘေးအန္တရာယ်တွေကို လူတွေကဖြစ်စေ ၊ သဘာဝတရားအနေနဲ့ဖြစ်စေ ဖြစ်ဖူး‌ထားတဲ့ မြေတွေဖြစ်တဲ့အတွက် မကောင်းတဲ့ ဓာတ်တွေ ကိန်းအောင်းနေမှာပါ။

(၂) အိမ်ရဲ့ မျက်နှာစာလှည့်ပုံ

အိမ်ဆောက်ရင် သတိထားရမှာ တစ်ခုကတော့ အိမ်ရဲ့ ဦးတည်ရာ ဒါမှမဟုတ် အိမ်ရဲ့ မျက်နှာစာလှည့်တဲ့ပုံစံပါပဲ။ အိမ်မှာ မကောင်းတဲ့စွမ်းအင်ဝင်နိုင်တဲ့ မျက်နှာစာမျိုး ရှိနေတဲ့အခါ အိမ်သားတွေ ဖျားနာတာ ၊ စီးပွားလျှောတာ ၊ ကံမကောင်းတာ အစရှိတာတွေ ထူးဆန်းစွာ ဆက်တိုက်ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အိမ်လှည့်တဲ့အပေါ် မူတည်ပြီး အိမ်က မှန်ကန်တဲ့ဘက်ကို မျက်နှာလှည့်ထားမယ်ဆိုရင် အခွင့်အလမ်းတွေ ၊ ‌ကံကောင်းမှုတွေကို သယ်ဆောင်လာပေးတဲ့ ကောင်းမွန်တဲ့ စွမ်းအင်က အိမ်ထဲကို ဝင်ရောက်လာနိုင်ပါတယ်။ 
အိမ်ရဲ့မျက်နှာစာကို မြောက်ဘက်ကိုလှည့်တာက ကောင်းမွန်တဲ့ စွမ်းအင်ကိုပိုမို အားပေးသလို ဖြစ်တာမို့ အကောင်းဆုံးဖြစ်တယ်လို့ ဖုန်းရွှေနည်းအရ သတ်မှတ်ထားကြပါတယ်။ 


(၃) အိမ်ရှေ့မှာအကွယ်မရှိစေခြင်း


နောက်ထပ် အရေးကြီးတဲ့အချက်က ကိုယ်ဆောက်မယ့် အိမ်က ဘယ်အဆောက်အဦနောက်မှာမှ မဆောက်သင့်ပါဘူး။ ဆိုလိုတာက အိမ်ရဲ့ရှေ့မှာ ပိတ်ကွယ်နေမယ့် အဆောက်အဦကြီး နီးကပ်စွာရှိနေရင် အိမ်ကို လာမယ့်  ကောင်းတဲ့စွမ်းအင်တွေကို ပိတ်ပင်သလိုဖြစ်တာမို့ အိမ်လည်း လာဘ်ပိတ်တတ်ပါတယ်။

အထူးသဖြင့် ဆေးရုံတွေ ၊ ဘုန်းကြီးကျောင်း ၊ဘုရားကျောင်းတွေလို အဆောက်အဦအတွေအပြင် လမ်းမီးတိုင် ၊ ဓာတ်တိုင်လိုမျိုးတွေ အိမ်ရှေ့မှာ နီးကပ်စွာ မရှိနေအောင် သတိထားဖို့လိုပါမယ်။



(၄) လာဘ်လာဘတွေသယ်ဆောင်ပေးနိုင်တဲ့ အတွင်းပိုင်းပုံစံ


အိမ်တစ်အိမ်မှာ အိမ်သူအိမ်သားတွေ နေထိုင်မယ့် အိမ်အတွင်းပိုင်းပုံစံကလည်း အရေးကြီးတဲ့ ကဏ္ဍမှာရှိနေပါတယ်။ အိမ်ဆောက်မယ်ဆိုရင် သတိထားရမယ့်အရာတွေထဲမှာ အိမ်ရှေ့ တံခါးမကြီးကို ဘယ်နေရာမှာထားမလဲ ဆိိုတာကလည်း အရေးကြီးတဲ့အချက်ပါ။  
အိမ်တံခါးမကြီးက ခြံတံခါးနဲ့ တစ်တန်းတည်းဖြစ်နေတာမျိုး၊ အိမ်တံခါး ဖွင့်တာနဲ့ နောက်ဖေးပေါက် ဒါမှမဟုတ် မီးဖိုချောင်သွားဖို့ တိုက်ရိုက်လမ်းဖြစ်နေတာမျိုးက အိမ်ရဲ့ စီးပွားရေးကို လျော့နည်းပြီး ရှာသမျှအဖတ်မတင်ဖြစ်တတ်ပါတယ်။  ကောင်းတဲ့ ဖုန်းရွှေစွမ်းအင်တွေ ဝင်ရောက်လာပြီး အိမ်ထဲမှာ ကြာကြာကိန်းအောင်းနေနိုင်အောင် အိမ်ရဲ့အလည်မှာ အခန်း၊ ဒါမှမဟုတ် လိုက်ကာနဲ့ကာထားဖို့လိုပါတယ်။ 

(၅) သိထားသင့်တဲ့အိမ်ပုံစံ 

ကိုယ်ဆောက်မယ့် အိမ်ပုံစံတွေက သာမန်ဆောက်လေ့ရှိတဲ့ အနေအထားမျိုးဆို ကိစ္စမရှိပေမယ့် အဆောက်အဦပုံစံက တြိဂံ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ ပုံစံရှိနေလို့တော့ မရပါဘူး။ အဆိုပါ အိမ်ပုံစံတွေကမငြိမ်သက်တဲ့ဖုန်းရွှေဓာတ်ကို ကိန်းအောင်းစေတာမို့ စိတ်မသက်မသာဖြစ်ရမယ့် အခြေအနေတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဗိသုကာပညာအရ အဆန်းထွင်ချင်ရင်တောင်မှ ကိုယ်နေထိုင်မယ့်အိမ်ကို ထူးဆန်းတဲ့ အိမ်ပုံစံတွေမဆောက်မိဖို့လိုပါတယ်။ 

ဒါကတော့၂၀၂၃ မှာအိမ်ဆောက်မယ့် သူတွေအနေနဲ့ အိမ်အတွက်‌အသုံးပြုကြတဲ့ဖုန်းရွှေပညာနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြပေးသွားတာပါ။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ကောင်းမွန်တဲ့ ဖုန်းရွှေဓာတ်က အိမ်ကို ဘယ်လိုအကျိုးသက်ရောက်စေလဲ 

အိမ်ထဲမှာမကောင်းတဲ့ ဖုန်းရွှေဓာတ်တွေကိန်းနေရင် 

အိမ်အပြောင်းအရွှေ့လုပ်တဲ့အခါ အစစအရာရာအဆင်ပြေဖို့ လိုက်နာသင့်တဲ့ ဖုန်းရွှေနည်းလမ်းများ  

လူခိုက်တတ်တဲ့ အိမ်ကို ဖုန်းရွှေနည်းအရ ဘယ်လိုပြုပြင်ရမလဲ

Posted By : John (ShweProperty.com)