စနစ်တကျတပ်ဆင်ထားမယ်၊လေဝင်လေထွက်ကောင်းအောင်လုပ်ထားမယ်၊သေချာထိန်းသိမ်းပြင်ဆင်မှုရှိမယ်ဆိုရင် ဂက်စ်မီးဖိုသုံးရတာဘေးကင်းမှုကိုစိတ်မပူရပါဘူး။ ဒါပေမယ့် ပစ်စလက်ခတ်ထားမယ်၊ဖြစ်သလိုသုံးမယ်ဆိုရင်တော့ မတော်တဆမှုတွေစိုးရိမ်ရသလို တခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဂက်စ်မီးဖိုကနေဖြစ်လာနိုင်တဲ့အဓိကအန္တရာယ်တွေကတော့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း၊ ဂက်စ်ယိုစိမ့်ခြင်းနဲ့ အဆိပ်ဓါတ်ထိတွေ့မိခြင်းတို့ပဲဖြစ်ပါတယ်။

ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း

ကာဗွန်မိုနောက်ဆိုဒ်ဟာ အလုံပိတ်နေရာတစ်ခုအတွင်းမှာဆိုရင် လူတွေကိုသေစေနိုင်တဲ့အထိပြင်းထန်တဲ့ အရောင်မဲ့၊အနံ့မဲ့တဲ့ ဓါတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ဂက်စ်မီးဖိုအသုံးပြုချက်ပြုတ်နေတယ်ဆိုရင် မီးဖိုခန်းနဲ့အိမ်ခန်းတွေကို လေဝင်လေထွက်ကောင်းအောင်ဂရုစိုက်ပါ။
ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့နဲ့ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အသုံးဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ်ထုတ်လွှတ်မှုကပြင်ပလေထုအတွက် လက်ခံနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းကထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် အလုံပိတ်အခန်းအတွင်းချက်ပြုတ်ရတာ ပုံမှန်ထက်ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ်ပိုစိတ်ပူရတာပါ။

တခြားအဆိပ်ဓါတ်ငွေ့များ

ဂက်စ်မီးဖိုကို တပ်ဆင်မှုစနစ်မကျရင်၊လေထွက်ပေါက်မရှိရင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နဲ့ဖော်မယ်လ်ဒီဟိုက်တို့လို အဆိပ်ဓါတ်ငွေ့တွေကိုရှူရှိုက်ရပါလိမ့်မယ်။လေထွက်ပေါက်တပ်ဆင်ထားရင်တော့ အဆိပ်ဓါတ်ငွေ့ထိတွေ့မှုကိုလျော့နည်းစေပါလိမ့်မယ်။


 
ဂက်စ်ယိုစိမ့်မှု

ဂက်စ်ပိုက်ပေါက်နေမယ်ဆို အိမ်ထဲမှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် မတော်တဆ မီးလောင်စေနိုင်ပါတယ်။ ချို့ယွင်းနေတဲ့နေရာ ရှိမရှိကို အမြဲစစ်ဆေး၊ပြင်ဆင်သင့်ပါတယ်။ အိမ်ထဲမှာ ဂက်စ်နံ့ရနေမယ်၊ ယိုစိမ့်နေပြီလို့သံသယရှိနေတယ်ဆို မီးဖိုနဲ့ ဂက်စ်အိုးကို တတ်ကျွမ်းသူခေါ်ပြီး စစ်ဆေးပါ။ မပေါ့ဆသင့်တဲ့ အိမ်သုံးပစ္စည်းထဲမှာ ဂက်စ်မီးဖိုတွေက ထိပ်ဆုံးကပါဝင်ပါတယ်။

အန္တရာယ်နည်းအောင်ဘယ်လိုလုပ်ရမလဲ

ဂက်စ်မီးဖိုသုံးပြီး ချက်ပြုတ်နေတဲ့အခါ အိမ်ရှေ့ပိုင်းမှာ(မီးဖိုနဲ့အဝေးမှာ) ပန်ကာဖွင့်ထားပါ။ သို့မဟုတ်လေဝင်လေထွက်ကောင်းအောင်လုပ်ထားပါ။ ဥပမာပြတင်းပေါက်ဖွင့်ထားတာမျိုး။
မီးတောက်ကပြာလဲ့လဲ့ဖြစ်ရပါမယ်၊ လိမ္မော်ရောင်သန်းနေခဲ့ရင် မီးဖိုကိုသေချာစစ်ဆေးဖို့လိုနေပါပြီ။

ဂက်စ်မီးဖိုနဲ့ ဂက်စ်အိုးရဲ့အခြေအနေကို စနစ်တကျ ပုံမှန်စစ်ဆေးသင့်ပါတယ်။
မီးဖိုအတွင်းမှာ အလူမီနီယမ်ခွေနဲ့ မသုံးပါနဲ့။
အရည်အသွေးစိတ်ချရတဲ့ မီးဖိုနဲ့ဂက်စ်အိုးတွေကိုပဲသုံးပါ။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူများ

အိမ်မှာရှိတဲ့ ကျန်းမာရေးအန္တရာယ်တွေ

ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး

ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင်


Credit By : hellosayarwon
Posted By : Chan Myae (ShweProperty.com)