အခုခေတ်ကာလမှာ စီးပွားရေးတွေ ကြပ်တည်းလာခြင်းကြောင့်သော်လည်းကောင်း၊ လုပ်ငန်းတစ်ခု စတင်ဖို့ အရင်းအနှီးလိုအပ်ခြင်းကြောင့်သော်လည်းကောင်း၊ အကြွေးဆပ်စရာများ ရှိနေခြင်းကြောင့် သော်လည်းကောင်း ဘဏ်တွေမှာ အိမ်ခြံမြေကို အပေါင်သဘောမျိုး အာမခံထားပြီး ချေးငွေ လျှောက်ထားနိုင်ပါတယ်။ ဘဏ်မှ ချေးငွေယူမယ်ဆိုရင် ဥပဒေအရ တရားဝင် လုပ်ကိုင်ခွင့် လိုင်စင်ရရှိထားတဲ့၊ အစိုးရဘဏ်လည်းဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်မှာဖြစ်စေ၊ ပုဂ္ဂလိကဘဏ်များမှာဖြစ်စေ မိမိအမည်ပေါက်နဲ့ ပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေ၊ အဆောက်အဦတို့ကို အာမခံအဖြစ်ထားပြီး ငွေချေးခြင်း ဆောင်ရွက်နိုင်ပါတယ်။ 

ဒီဆောင်းပါးလေးမှာတော့ ဘဏ်များမှ ချေးငွေယူခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အကြောင်းအရာ အချို့ကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။ 

ဘဏ် မှ ငွေချေးယူလိုပါက ဦးစွာငွေချေးယူမယ့်ဘဏ်တွင် ချေးငွေ အတွက် သတ်မှတ် ပုံစံနဲ့ လျှောက်လွှာ တင်ရပါမယ်။ သက်ဆိုင်ရာ ဘဏ်ချေးငွေဌာန မန်နေဂျာမှ တစ်ဆင့်အဆင့်ဆင့် ဆောင်ရွက်သွားရမည် ဖြစ်ပြီး စာရွက်စာတမ်းပြည့်စုံမှုနဲ့ လုပ်ငန်း အပေါ်မူတည်ပြီး ဘဏ်ချေးငွေကို တစ်ပတ်ဆယ်ရက်အတွင်း ထုတ်ယူနိုင်ပါတယ်။

 ဘဏ်ချေးငွေ ရယူမယ်ဆိုရင် ယေဘုယျအားဖြင့်
၁ ။ ရှင်သန်တိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်း
၂ ။ ဘဏ်မှ အပေါင်းပစ္စည်းအနေဖြင့် ရယူထားရှိနိုင်မယ့် အာမခံပစ္စည်း( အိမ်၊ ခြံ၊ မြေ၊ ကား စသဖြင့် ) ရှိဖို့လိုအပ်ပါတယ်။ ဘဏ်တွေက အာမခံပစ္စည်း တန်ဖိုးရဲ့ ၃၀% ခန့်ကိုသာ ချေးငွေအဖြစ် ထုတ်ပေးပြီး အတိုးရာခိုင်နှုန်း သတ်မှတ်ခြင်းကို ဘဏ်ရဲ့ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပါတယ်။ 

အစိုးရဘဏ်ဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်ရဲ့ ချေးငွေအမျိုးအစားများမှာတော့

(၁) နှစ်ချင်းဆပ်စာရင်းပိုထုတ်ချေးငွေ (Overdraft ) (၁) နှစ်လျှင် အတိုး ၁၀ ရာခိုင်နှုန်း

(၂) နှစ်ချင်းဆပ်ချေးငွေ (Loan ) ၁၀ ရာခိုင်နှုန်း

(၃) ကာလသတ်မှတ်ချေးငွေ (Term Loan ) (၃နှစ်) ၉.၅ ရာခိုင်နှုန်း

(၄) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ထုတ်ချေးငွေ (MADB) (နှစ်ချင်းဆပ်) – ၅%

(၅) - အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ထုတ်ချေးသည့် စီးပွားရေးချေးငွေ (Commercial Loan) ကာလတို(၃)နှစ်ချေးငွေ အာမခံပေးအပ်သောချေးငွေ – ၉ %



– အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ထုတ်ချေးသည့် စီးပွားရေးချေးငွေ (Commercial Loan)ကာလတို(၃)နှစ်ချေးငွေ အာမခံမဲ့ချေးငွေ – ၁၁.၅ %

(၆) အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များအား ရင်းနှီးမတည်ငွေထုတ်ချေးခြင်း COVID-19 (Loan) အာမခံမဲ့ ချေးငွေ (၁)နှစ် – ၁ %

(၇) အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ရွှေ့ဆိုင်းချေးငွေထုတ်ချေးခြင်း (ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရခိုင်ပြည်နယ်) Loans to Microfinance for COVID-19 အာမခံမဲ့ချေးငွေ (၁)နှစ် – အတိုးမဲ့ (Interest Free)

(၈) COVID-19 ကြောင့် ထိခိုက်မှုရှိသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့်ချေးငွေ(Stimulus Package) COVID-19 (Fund) အာမခံမဲ့ချေးငွေ (၁)နှစ် – ၁ % ဆိုပြီး ရှိပါတယ်။ 

ဘဏ်တွေမှာ ချေးငွေရယူပြီဆိုရင်  ဘဏ်မှ ရယူတဲ့ အတိုးနှုန်းဟာ အပြင်က အတိုးနှုန်းထက် နည်းကောင်းနည်းနေနိုင်ပေမယ့် ပုံမှန်အတိုးငွေ ပေးသွင်းခြင်း မရှိပါက အတိုး ပေါ် အတိုးဆင့်ပြီး တွက်ချက်သွားတာကြောင့် အတိုးမှန်မှန်သတ်နိုင်ဖို့ အရေးကြီးပါတယ်။ 

တကယ်လို့ ချေးငွေရယူထားသူဟာ မကျန်းမမာ ဖြစ်နေခြင်းကြောင့်သော်လည်းကောင်း၊ လုပ်ငန်းအရှုံးပေါ်ခြင်းကြောင့်သော်လည်းကောင်း၊ အခြားသော အခြေအနေများကြောင့်သော်လည်းကောင်း ဘဏ်တိုးလည်းမဆပ်နိုင်၊ အရင်းလည်း မဆပ်နိုင်တဲ့ အခြေအနေတွေ ရှိလာမယ်ဆိုရင် အရင်းနဲ့ အတိုးပေးဆပ်ရန် ပျက်ကွက်ခြင်းကြောင့်  ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ခြင်းများ ခံရနိုင်ပါတယ်။ 

ဖော်ပြပါ အကြောင်းအရာတွေဟာ ဘဏ်တွေမှ ငွေချေးယူခြင်းနဲ့ ပက်သက်ပြီး လိုအပ်ချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို နမူနာဗဟုသုတအဖြစ် အကြမ်းဖျင်း တင်ပြခြင်းသာ ဖြစ်ပါ တယ်။ ချေးငွေနဲ့ ပတ်သတ်ပြီး ဘဏ်တစ်ခုနဲ့ တစ်ခု လိုအပ်တဲ့ အထောက်အထား စာရွက်စာတမ်း၊ ဘဏ်တိုး၊ အချိန်ကာလနဲ့ လုပ်နည်းလုပ်ဟန်များ အနည်းအကျဉ်းစီ ကွဲလွဲမှုများ ရှိနိုင်ပါတယ်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်ခြံမြေအမျိုးအစား (၃) မျိုးထဲက ကိုယ်နဲ့အကိုက်ညီဆုံးက ဘယ်တစ်ခုဖြစ်မလဲ

မြေဝယ်မလား တိုက်ခန်းဝယ်မလား

အမွေဆိုင်အိမ်ကို အမွေခွဲတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်များ

အိမ်ခြံမြေအလဲအထပ်လုပ်တော့မယ်ဆိုရင် ဒါတွေကြိုသိထားမှဖြစ်မယ်နော်

Posted By : Ra Wai (ShweProperty.com)