အိမ်ကောင်းရာကောင်းဟာ နေထိုင်သူတွေရဲ့ ဘဝကိုလည်း မြှင့်တင်ပေးနိုင်စွမ်း ရှိကြတယ်တဲ့။ လူတိုင်းလိုလိုမှာ စိတ်ကူးယဉ်အိမ်ယာတွေ ရှိကြမှာပါ။ တစ်ချို့က တိုက်ခန်းလေးနဲ့နေချင်တယ်၊ တစ်ချို့က မြေကွက်ထဲမှာ ပန်းမျိုးစုံနဲ့ ချစ်စရာအိမ်လေး ဆောက်ပြီး နေချင်ကြတယ် စသဖြင့်ပေါ့။ ကိုယ်နေချင်တဲ့အိမ်ဟာ ဖုန်းရွှေနည်းအရ လာဘ်ကောင်းတဲ့ အိမ်ဖြစ်နေမယ် ဆိုရင်တော့ စီးပွား လာဘ်လာဘတွေ ပေါကြွယ်ဝ တိုးတက်နေမှာ ဖြစ်လို့ ပျော်ရွှင်စရာ အိမ်လေးတစ်ဆောင် ဖြစ်မှာ မလွဲပါပဲ။ ဒီကနေ့ ဆောင်းပါးလေးမှာတော့ အိမ်ဝယ်တဲ့အခါ ကံကောင်းစေဖို့ ဖုန်းရွှေနည်းအရ ဘယ်လို အိမ်မျိုးတွေကို ရှောင်ကြဉ်ရမလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

- ဆေးရုံ၊ သုသာန်၊ သင်္ချိုင်း၊ စွန့်ပစ်အဆောက်အအုံတွေနဲ့ နီးတဲ့ အိမ်

မကောင်းတဲ့ ဓာတ်တွေ၊ အထူးသဖြင့် ပူဆွေးခြင်း ခံစားချက်တွေ အမြဲရှိနေတတ်တဲ့ ဆေးရုံ၊ သုသာန်၊ သချိုင်း၊ စွန့်ပစ်အဆောက်အဦးတွေနဲ့ နီးတဲ့အိမ်နေရာတွေဟာ ယင်စွမ်းအင်လို့ခေါ်တဲ့ အဖိုစွမ်းအင် အလွန်များပြားပြီး လူသားတွေအတွက် အညံ့ဖြစ်စေနိုင်လို့ မရွေးသင့်ပါဘူး။ 

- လမ်းဦးတိုက်အိမ်နဲ့ တစ်ဖက်ပိတ်လမ်းရှိ အတွင်းအကျဆုံး အိမ်

အဲဒီလိုအိမ်နေရာတွေမှာ စွမ်းအင်တွေ လှည့်လည်ဖို့ အဟန့်အတားလို ဖြစ်နေတာကြောင့် ကောင်းတဲ့ စွမ်းအင်တွေ ဝင်ရောက်လာဖို့ ခက်ခဲနိုင်ပါတယ်။ စီးပွားဖြစ်ဖို့ အဟန့်အတား ဖြစ်စေပါတယ်။ 

- အမြန်လမ်းမကြီးတွေနဲ့ နီးတဲ့အိမ် 

ဖြောင့်တန်းနေတဲ့ အမြန်လမ်းမကြီးတွေနဲ့ အနီးက နေအိမ်တွေဟာ ဖုန်းရွှေနည်းအရ စည်းစိမ်ဥစ္ဆာစုဆောင်းမိဖို့ မလွယ်ကူဘူးလို့ အဆိုရှိပါတယ်။ ဒါအပြင် ဆူညံသံတွေရှိပြီး ယာဉ်အန္တရာယ်တွေလည်း ကျရောက်နိုင်တာကြောင့် အမြန်လမ်းနဲ့ နီးကပ်တဲ့ အိမ်တွေကို မဝယ်တာ အကောင်းဆုံးပါပဲ။ 



- အထပ်မြင့်အဆောက်အအုံတွေ ဝန်းရံထားတဲ့အိမ် 

အထပ်မြင့် အဆောက်အဦးတွေ ဝိုင်းကြီးပတ်ပတ် ဝန်းရံထားတဲ့ အိမ်မျိုးကိုလည်း မရွေးချယ်သင့်ဘူးလို့ ဖုန်းရွှေနည်းက ဖော်ပြထားပါတယ်။ အဲဒီလိုအိမ်မျိုးတွေမှာ ဘေးပတ်ပတ်လည်က တိုက်တွေဟာ တောင်တွေလို အတားအဆီးတွေ ဖြစ်နေတာကြောင့် အလင်းရောင် ကောင်းကောင်းရစေမှာ မဟုတ်ပါဘူး။ အလင်းရောင် ကောင်းကောင်းမရခြင်း၊ လေကောင်းလေသန့် မရခြင်းတို့ကြောင့် နေထိုင်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

- မျက်နှာချင်းဆိုင်အိမ်နဲ့ အိမ်ဝင်ပေါက်ချင်း တည့်ထိုး အနေအထား ဖြစ်နေခြင်း

အိမ်တစ်အိမ်ဟာ အိမ်နီးချင်းတွေ ရှိနေတာ ကောင်းပါတယ်။ ဒါပေမယ့် အိမ်ရှေ့မျက်နှာချင်းဆိုင်အိမ်ရဲ့ ဝင်ပေါက်တံခါးဝနဲ့ ကိုယ့်အိမ်ဝင်ပေါက် တံခါးဝ တည့်ထိုး အနေအထားများ ဖြစ်နေရင်တော့ ရှောင်ရှားသင့်ပါတယ်။ ဖုန်းရွှေနည်းအရ အဲဒီလိုအိမ်တွေဟာ ပြဿနာ၊ ပဋိပက္ခဖြစ်စေတဲ့ စွမ်းအင်တွေ တိုးစေတယ်လို့ ဆိုပါတယ်။ 

ဒါတွေကတော့ အိမ်ဝယ်ဖို့ ရွေးချယ်ရာမှာ ဖုန်းရွှေနည်းအရ ရှောင်သင့်တဲ့ အိမ်အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ရန်ကုန်လို နေရာမျိုးမှာ ဆိုရင်တော့ လူဦးရေ ထူထပ်လာတာကြောင့် အိမ်နေရာတွေကို ဖုန်းရွှေနည်းအရ စိတ်တိုင်းကျ ရွေးချယ်နိုင်ဖို့ကတော့ အရမ်းကြီး မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် အိမ်ကို ဖုန်းရွှေနည်းအရ ကံကောင်းအောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းတွေ များစွာ ရှိပါသေးတယ်။ အဲဒီနည်းလမ်းတွေကိုလည်း နောက် ဆောင်းပါးတွေမှာ ဖော်ပြပေးသွားဦးမှာ ဖြစ်လို့ Shweproperty  ရဲ့ Website ကို အမြဲဝင်ရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)