အခုခေတ်ကာလမှာ နိုင်ငံရပ်ခြား ရွှေ့ပြောင်းအလုပ်လုပ်ကြသူတွေများလာပါတယ်။ ဒီလိုနိုင်ငံရပ်ခြားမှာ အလုပ်လုပ် ငွေစုသူတွေရဲ့ အိမ်မက်က ကိုယ်ပိုင်အိမ်လေး၊ ခြံလေး ဝယ်နိုင်ဖို့ ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ခက်တာတစ်ခုက နိုင်ငံခြားကနေ ဒီမှာအိမ်ဝယ်မယ်ဆိုရင် အမည်ပေါက်အတွက် ဆောက်ရွက်ဖို့ အဆင်မပြေနိုင်ဘူး ဆိုပြီး တချို့က တွေးထင်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ နိုင်ငံခြားကနေ ဒီမှာ အိမ်ကို ကိုယ့်အမည်ပေါက်နဲ့ ဝယ်နိုင်တဲ့ နည်းလမ်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် စာချုပ်စာတမ်းရုံးမှာ အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီးမှ သက်ဆိုင်ရာ မြေရာဌာနမှာ အမည်ပြောင်းလျှောက်ထားရတာ ဖြစ်ပါတယ်။ ကိုယ်တိုင်လာရောက် ချုပ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ 

ဒါဆို နိုင်ငံခြားကနေ ဘယ်လိုဝယ်မလဲ။ 
ကိုယ်စားလှယ်လွှဲစာနဲ့ ချုပ်ဆိုလို့ ရပါတယ်။ တကယ်လို့ ကိုယ့်မှာ အိမ်ထောင်ရှိတယ်၊ ဇနီးရှိတယ်၊ မိဘရှိတယ်ဆိုရင် သူတို့ကကိုယ်စားလှယ်လွှဲပေးအပ်ဆောင်ရွက်ပေးခြင်းဖြင့် အမည်ပေါက်အိမ်ရာကို ဝယ်ယူပိုင်ဆိုင်နိုင်ပါတယ်။

ကိုယ်စားလှယ်လွှဲစာနဲ့ဆိုရင် ကိုယ့်အမည် ထွက်နိုင်ပ့ါမလား။
ထွက်ပါတယ်။ အမည်ပေါက် လျှောက်တော့လည်းမြေကွက် အမည်ပေါက်အဖြစ် ဦးဘ (၎င်း၏ ကိုယ်စားလှယ်လွဲစာရသူ ဒေါ်လှ) ဆိုပြီး မြေရာဇဝင်မှာ ဖော်ပြမှာဖြစ်ပါတယ်”



 ပြီးရင် ကိုယ်စားလှယ်အဖြစ် လက်ခံမယ့်သူရဲ့ မှတ်ပုံတင်နိုင်ငံသားကတ် ဓာတ်ပုံမိတ္တူနဲ့ အထူးကိုယ်စားလှယ်လွှဲစာ (S.P) နဲ့ မိမိကိုယ်စားဆောင်ရွက်ရမယ့်အကြောင်း အရာကိစ္စကို အတိအကျဖော်ပြရပါတယ်။ S.P မှာ ဝယ်မယ့် မြေကွက်၊ အဆောက်အအုံပါရင် အဆောက်အအုံအမျိုးအစား၊ ပျဉ်ထောင်၊ အုပ်ညှပ် နှစ်ထပ်တိုက်၊ နှစ်ထပ်အိမ်စတဲ့ အချက်အလက်တွေ အတိ အကျဖော်ပြရပါမယ်။ နေအိမ်အမှတ်၊ လမ်း၊ ရပ်ကွက်အပြည့်အစုံ ဖော်ပြရမယ်။ အဓိကအချက်က၊ မြေကွက် အမည်ပေါက်၊မြေကွက်အမှတ်၊ မြေတိုင်းအမှတ်တို့ကို အသေးစိတ်ဖော်ပြပြီး၊ အဆိုပါမြေနဲ့အိမ်အတွက် အဝယ်စာချုပ်ချုပ်ဆိုခြင်း၊ အမည်ပြောင်းခြင်း၊ မှတ်ပုံတင်စာချုပ်ရုံးနှင့် အခွန်ရုံးတို့ တွင် မိမိကိုယ်စား လက်မှတ်ရေးထိုးခြင်း၊ ထွက်ဆိုပြောကြားခြင်းစတဲ့ အချက်များကို အသေးစိတ် ဖော်ပြရပါ့မယ်။

ကိုယ်စားလှယ်က ကြားကနေ ရောင်းစားသွားတာမျိုး ရှိနိုင်လား။
အထူးကိုယ်စားလှယ်စာ (S.P) နဲ့ဖြစ်လို့ ကိုယ်စားလှယ်အလွှဲခံရသူအနေနဲ့ အဆိုပါ မြေနဲ့အဆောက်အအုံကို အဝယ်စာချုပ်ကိစ္စနဲ့ အမည်ပြောင်းကိစ္စသာ ဆောင်ရွက်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြန်ရောင်းချခြင်းကိစ္စ ဆောင်ရွက်ခွင့်ရှိမှာ မဟုတ်ပါဘူး။

အထူးကိုယ်စားလှယ်လွှဲစာ (S.P) ကိုယ့်ဆီရောက်လာပြီဆိုရင် ရောက်ရှိတဲ့နိုင်ငံရဲ့ မြန်မာသံရုံးမှာ မှတ်ပုံတင် စာရင်းသွင်းရပါမယ်။ မြန်မာသံရုံးက သံအရာရှိ၊ ဒါမှမဟုတ် ကောင် စစ်ဝန် တစ်ဦးဦးက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး မူရင်းစာရွက်ကို ဒီဘက် ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။ ပေးပို့တဲ့အခါ ပတ်စ်ပို့ သက်တမ်းမကျော်သေးကြောင်း ပတ်စ်ပို့မိတ္တူကို ပူးတွဲတင်ပြရပါမယ်။ ဒါမှ အရောင်းအဝယ်စာချုပ်ချုပ်ဆို ရာမှာ စာချုပ်စာတမ်းမှတ် ပုံတင်ရုံးက လက်ခံချုပ်ဆိုပေးမှာဖြစ်တယ်။

မိတ်ဆွေများအားလုံး အိမ်ကောင်းရာကောင်းများ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ပိုင်ဆိုင်နိုင်ကြပါစေကို တောင်းဆုပြုလိုက်ပါတယ်။ 

Written By : Lily (ShweProperty.com)