အိမ်ခြံမြေ ဝယ်တဲ့အခါ မလိုအပ်ဘဲ ငွေကုန်ကြေးကျ မများအောင်၊ ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး အရှုပ်အရှင်းမရှိအောင် သေချာဂရုစိုက် စစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။ ပိုင်ဆိုင်မှု အရှုပ်အရှင်းဟာ အိမ်ခြံမြေလောကမှာ မကြာခဏ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စိတ်အေးချမ်းသာစွာ အရောင်းအဝယ်ဖြစ်ဖို့၊ နေထိုင်မှု အဆင်ပြေစေဖို့အတွက် အိမ်ခြံမြေ ဝယ်မယ်ဆိုရင် ဒီအချက်တွေကို သေချာစစ်ဖို့ လိုအပ်ပါတယ်။ 
                                                                                                                
- စာရွက်စာတမ်းစစ်မှန်ရဲ့လား 

လောကမှာ လူရိုးတွေပဲ ရှိတာ မဟုတ်ပါဘူး။ စာရွက်စာတမ်းတွေကို အတုလုပ်ပြီး ဝယ်သူကို လိမ်လည်တာမျိုးတွေ ထုနဲ့ဒေး ရှိပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ အလွယ်မယုံလိုက်ပါနဲ့။ လက်ဖက်ရည်ဆိုင်မှာ ပြီးစလွယ် လက်မှတ်မထိုးလိုက်ပါနဲ့။ တကယ်အတွေ့အကြုံများတဲ့ အိမ်ခြံမြေ ကျွမ်းကျင်သူ၊ ရှေ့နေတို့ကို သေချာပြပြီး စစ်ဆေးဖို့ လိုပါတယ်။ သတ်ဆိုင်ရာရုံးမှာလည်း ဒီအထောက်အထား အချက်အလက်တွေ မှန်၊ မမှန်၊ ယခင်က အရှုပ်အရှင်းတွေ ရှိ၊ မရှိကို သေချာစစ်ဆေးသင့်ပါတယ်။ 

- အရှုပ်အရှင်းကင်းရဲ့လား 

ကိုယ်ဝယ်မယ့် အိမ်ခြံမြေရဲ့ သမိုင်းကြောင်းကို စစ်ဆေးဖို့ မပျင်းပါနဲ့။ ယခင်က အရှုပ်အရှင်းတွေ ရှိခဲ့တယ်။ သမိုင်းကြောင်း မကောင်းခဲ့ဘူးဆိုရင် ဝယ်ယူဖို့ ပြန်စဉ်းစားသင့်ပါတယ်။ အရှုပ်အရှင်း မရှိစေဖို့ ဝယ်ယူမှုအတွက် ကန့်သတ်မယ့်သူ ရှိ၊ မရှိကို သတင်းစာထဲမှာ ထည့်ကြော်ငြာပါ။ သတင်းစာထဲ ထည့်ကြော်ငြာခြင်းဟာ နောင်တစ်ချိန် အရှုပ်အရှင်း ဖြစ်လာတဲ့အခါ လူသိရှင်ကြား ဝယ်ယူခြင်းဖြစ်ကြောင်းကို သက်သေပြနိုင်ပါတယ်။ 



- စာချုပ်စာတမ်းတွေ ပြည့်စုံရဲ့လား 

ငွေအပြည့်မချေခင် ရောင်းသူဘက်က စာချုပ်စာတမ်းတွေမှာ အားလုံးပြည့်စုံရဲ့လား ဆိုတာကို ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးပါ။  ငွေအကြေချေပြီးမှ လိုအပ်တာတွေ ရှိလာခဲ့ရင် ပြန်လုပ်ခိုင်းဖို့ ခက်ခဲနိုင်ပါတယ်။ 

ဒီအချက်တွေကို မဖြစ်မနေ စစ်ဆေးဖို့ လိုအပ်ပြီး အားလုံးပြည့်စုံပြီဆိုရင်တော့ ဝယ်ယူထားတဲ့အိမ်ခြံမြေကို ခြံခတ်ထားခြင်း၊ ပတ်ဝန်းကျင်ကို စောင့်ရှောက်ပေးဖို့ အပ်ထားခြင်း၊ ရပ်ကွက်ရုံးမှာ အရောင်းအဝယ်တင်ထားခြင်းတို့ ဆက်လုပ်နိုင်ပါတယ်။ 

အိမ်ခြံမြေ ဝယ်ယူခြင်းဟာ ဟင်းရွက်ကန်းစွန်းဝယ်သလို မလွယ်ကူတာကြောင့် အမှားအယွင်းမရှိအောင် ကျွမ်းကျင်သူတွေနဲ့ အချက်အလက်တွေကို သေချာစစ်ပြီးမှ ဝယ်ယူသင့်ပါတယ်။ 

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)