အိမ်တစ်အိမ် ဆောက်လုပ်ရာမှာ အတိတ်ကောင်း၊ နမိတ်ကောင်းဖြစ်ဖို့ အရေးကြီးသလို ဆောက်လုပ်ပြီးအိမ်တွေကို ပြောင်းရွှေ့နေထိုင်တဲ့အခါမှာလည်း အချိန်ကောင်း၊ အတိတ်၊နိမိတ်ကောင်းတွေ ဖြစ်ဖို့က အလွန်အရေးကြီးလှပါတယ်။ အိမ်သစ်မှာ စတင်ပြီး ဘဝတစ်ခုကို ထူထောင်တော့မယ့်သူတွေအနေနဲ့ အိမ်တက်မင်္ဂလာပြုလုပ်ရာမှာ သိထားသင့်တဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
 
ရက်ကောင်း ၊ ရက်မြတ်

အိမ်တက်မင်္ဂလာပြုလုပ်ရမှာ အရေးအကြီးဆုံးက ဘယ်နေ့၊ ဘယ်ချိန်မှာ ပြုလုပ်သင့်တယ်ဆိုတာပါ၊ ဒါပေမဲ့ မြန်မာလူမျိုးတွေဟာ ကိုယ်ကိုတိုင် အားတဲ့ရက်၊ ရက်ရာဇာကို ပြက္ခဒိန်မှာ ကြည့်ပြီးတော့သာ သတ်မှတ်ကြတာများပါတယ်။ တကယ် သိကျွမ်းနားလည်တဲ့ ပညာရှင်တွေကသာ နေ့ကောင်းရက်မြတ် မင်္ဂလာအခါကောင်းကိုရွေးချယ်ပေးသင့်ပါတယ်။ ထိုမှသာ အိမ်တက်ပြုလုပ်တဲ့အခါ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေမှာ ဖြစ်ပါတယ်။

အိမ်ဆောက်ပြီး (၆) လအတွင်း အိမ်တက်မင်္ဂလာ ပြုလုပ်ရမည်။

အိမ်ဆောက်လုပ်သည့်နေ့မှ စတင်ပြီး  ၆လလွန်သည်အထိ အိမ်သစ်တက်ခြင်း၊ အိမ်ပြောင်းရွှေ့ခြင်းများကို မပြုလုပ်ရတော့ပေ။ ဆောက်လုပ်ပြီးစီးသည့်နေမှစတင်ပြီး ၆လအတွင်း အိမ်တက်မင်္ဂလာကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။



ကျီးမနားစေရ။

အိမ်ဆောက်လုပ်စဉ်မှစပြီး အိမ်သစ်မတက်မီကာလအတွင်းမှာ ကျီးမနားစေနှင့် ဆိုတဲ့ ရှေးစကားပုံအတိုင်း ကျီးမနားစေနဲ့ ဆိုတာကတော့ မိမိရဲ့သားပျို၊ သမိးပျိုသော်လည်းကောင်း၊ အခြားသော ယောက်ျား၊မိန်းမတို့သည် လည်းကောင်း ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲအိမ်တွင် မေထုန်သံဝါသပြုခြင်း ကို ကျီးနားသည်ဟုဆိုလိုပေသည်။ ထိုသို့ အိမ်သစ်မတက်မီမှာ မပြုသင့်ကြောင်းကို ကျီးမနားစေနှင့် ဟုဆိုလိုခြင်းဖြစ်သည်။ ကျက်သရေမင်္ဂလာ ယုတ်ညံ့စေနိုင်သည်ဟု အယူရှိပါသည်။

အိမ်သစ်တက်မယ့်နေ့တွင် သပြေသားကို အဆောင်ပြု

အိမ်သစ်တက်မည့်နေ့တွင် အိမ်ရှင်မိသားစုမှ ဦးစီးပြီး သပြေသားကို အဆောင်ပြုရမည်။ သပြေသားကို ဆောင်ရခြင်းမှာ အိမ်သစ်တက်လျှင် သစ်၊ဝါး စသည်တို့၏ ချွတ်ယွင်းးချက်များ၊ အပြစ်အနာအဆာများ ကင်းစင်လွင့်ပျောက်၍ မင်္ဂလာကျက်သရ တိုးတက်စေမှာ ဖြစ်ပါတယ်။

Written By : Hsu Myat May Zaw (ShweProperty.com)