အိမ်ခြံမြေတွေဝယ်ယူတဲ့အခါ ပတ်ဝန်းကျင်ကောင်းဖို့၊ အိမ်ခိုင်ခံံ့ဖို့၊ ပေးရတဲ့စျေးနဲ့ တန်ဖို့တွေအပြင် အိမ်ရဲ့ ဝိညာဉ်လို့ခေါ်လို့ရတဲ့ အငွေ့အသက်၊ မြေအခြေအနေတွေ သန့်စင်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ အဲဒီအိမ်မှာ မိသားစုတွေပြောင်းရွှေ့နေထိုင်တဲ့အခါ စိတ်အနှောက်အယှက်မရှိဘဲ စိတ်ချမ်းချမ်းသာသာ နေထိုင်နိုင်မှာပါ။ ဒါကြောင့် ဒီနေ့တော့ Shwe Property စာဖတ်ပရိသတ်တွေအတွက် မြန်မာ့ရိုးရာဗေဒင်ပညာအရ အိမ်မြေ သန့်မသန့် စစ်ဆေးကြည့်ရှု့နိုင်တဲ့ နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ 

ကောင်းမွန်တဲ့ မြေနေရာဖြစ်ကြောင်းပြနေတဲ့ အချက်များ 

ကောင်းမွန်တဲ့ မြေနေရာဆိုတာက အိမ်ဆောက်ဖို့အတွက်ကောင်းမွန်တဲ့နေရာ၊ အကျိုးဖြစ်ထွန်းမယ့်နေရာတွေကိုဆိုလိုပါတယ်။ ကောင်းမွန်တဲ့မြေနေရာတွေထဲမှာ မြေသားပျော့မနေဘဲ နင်းကြည့်ရင် မာကျစ်နေတဲ့ နေရာ၊ လှိုင်းထမနေဘဲ ပြန့်ပြူးတဲ့လွင်ပြင်ကျယ်၊ အသီးအနှံတွေ ဖြစ်ထွန်းတတ်တဲ့ မြေနေရာတွေနဲ့ ရေဓာတ်ရှိပြီး မနီးမဝေးမှာ မြစ်၊ချောင်းတွေ ရှိတဲ့မြေနေရာတွေဖြစ်ပါတယ်။ 

စီးပွားတိုးတက်မယ့် မြေနေရာများ 

ကြည့်လိုက်ရုံနဲ့ ဒီမြေမှာ အိမ်ဆောက်ရင်၊ ဒီခြံထဲမှာ နေထိုင်ရင် စီးပွားတိုးတက်မယ်၊ လာဘ်လာဘတွေ ပေါများပြီး ချောင်လည်မယ်ဆိုတာ သိနိုင်တဲ့ မြေနေရာတွေကတော့.. အိမ်ရဲ့မြောက်ဘက်ကနေ တောင်ဘက်ကို နိမ့်ဆင်း၊လျှောဆင်းသွားတဲ့ ခြံမြေမျိုးတွေ၊ ခြံရဲ့အလည်ပိုင်းက ဒယ်အိုးလို အနည်းငယ် ဝန်းဝိုင်းနိမ့်ဆင်းနေတဲ့ နေရာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခြံမြေ၊ အိမ်အနေအထား အနောက်ကနေ အရှေ့ကို  နိမ့်ဆင်းသွားမယ်ဆိုရင်လည်း လာဘ်လာဘဝင်တတ်ပြီး စီးပွားဖြစ်မယ့် အိမ်မျိုးလို့ ဗေဒင်ကျမ်းတွေက ဆိုကြပါတယ်။ 



မဝယ်ယူသင့်တဲ့ မြေနေရာများ 

(၁) စီးပွားပျက်နိုင်တဲ့ မြေနေရာများ

အကယ်၍ ကိုယ်ရွေးချယ်ထားတဲ့ မြေနေရာတွေဟာ ကျွဲ၊နွား၊ ဆိတ် စသဖြင့် သတ္တဝါတွေရဲ့ ပုံသဏ္ဍာန်နဲ့တူနေမယ်ဆိုရင် ဘယ်လိုစီးပွားရေးပဲလုပ်လုပ် အဆင်မပြေမှုတွေ၊အခက်အခဲတွေနဲ့ ကြုံရနိုင်ပြီး စီးပွားကျသွားနိုင်ခြေရှိပါတယ်၊ အကြံအစည်အလုပ်အကိုင်တွေမအောင်မြင် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အဆိပ်ရှိမြွေတွေ၊ တောတွင်းသတ္တဝါတွေ ကျက်စားရာမြေကို ဝယ်ယူမိရင်လည်း ကံဆိုးမှုတွေနဲ့ ကြုံရနိုင်ပါတယ်။ ဒါ့အပြင် သာသနာ့မြေ ဖြစ်ခဲ့ဖူးတဲ့နေရာတွေကို ဝယ်ယူပြီး အိမ်ထောင်သားမွေးပြုလုပ်နေထိုင်မယ်ဆိုရင် မြေမှာ မြေစောင့် အစောင့်အရှောက်တွေ၊ မမြင်ရတဲ့ ပရလောကသားတွေ ရှိနိုင်တာကြောင့် တတ်ကျွမ်းနားလည်သူတွေ၊ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတွေရဲ့အကူအညီနဲ့ မြေကို သန့်ပြီးမှသာ နေထိုင်သင့်ပါတယ်။ 

(၂) မြေဘယ်လိုသန့်မလဲ

အိမ်၊မြေသန့်နည်းတွေကတော့ ကျွမ်းကျင်တဲ့ ဗေဒင်အတတ်ပညာရှင်တွေ၊ လောကီပညာရှင်တွေက တစ်ကျောင်းတစ်ဂါထာ၊တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ကိုယ်ပိုင်နည်းလမ်းတွေများစွာ ရှိတတ်ကြပါတယ်။ ရဟန်းသံဃာတွေနဲ့ တန်ခိုးကြီးဆရာတော်တွေကိုပင့်ဖိတ်ပြီး အိမ်၊မြေ သန့်ခြင်းကလည်း အကောင်းဆုံးနည်းလမ်းတစ်ခုလို့ဆိုနိုင်ပါတယ်။ ကိုယ်အသစ်ဝယ်ယူမယ့်အိမ်၊ မြေ မှာ အရင်က ရာဇဝင်တွေရှိခဲ့မယ်၊ အထက်မှာဖော်ပြထားတဲ့ မြေနေရာမျိုးတွေဖြစ်ခဲ့မယ်ဆိုရင်တော အတတ်နိုင်ဆုံး ရှောင်ရှားဝယ်ယူဖို့နဲ့ ဝယ်ယူမိလျက်သားဖြစ်နေခဲ့ရင် အထက်ဖော်ပြပါနည်းတွေအတိုင်း အိမ်၊မြေ သန့်ပြီးမှ ဝင်ရောက်နေထိုင်ဖို့ အကြံပေးချင်ပါတယ်ရှင်။ 

အခုပြောပြသွားတာကတော့ အိမ်၊ခြံ၊မြေ ဝယ်ယူတော့မယ်ဆိုရင် ကိုယ်ဝယ်ယူမယ့်နေရာက သန့်မသန့်၊ နေထိုင်ဖို့သင့်မသင့် ဗေဒင်ပညာအရ ခွဲခြမ်းစိတ်ဖြာဖို့ နည်းလမ်းတွေနဲ့ အိမ်၊ခြံ၊မြေကို ဘယ်လိုသန့်စင်ရမလဲဆိုတဲ့ အကြုံပြုချက်တွေပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။
 
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
ခွင့်ပြုချက်ဘောင် ကျော်လွန်ဆောက်လုပ်ထားသည့်အိမ်ကို ဝယ်မိလျှင်

မြေကွက်ဝယ်တဲ့အခါ ပြသာနာမဖြစ်ဖို့ အခြေခံသိထားသင့်တဲ့ အရာများ

အိမ်နဲ့ခြံ အမွေပေးမယ်ဆိုရင် မှတ်ပုံတင်စာချုပ်ပါ ချုပ်ဆိုဖို့လို

နေအိမ်ဝယ်ခါနီးရင် စဉ်းစားဖို့လိုမယ်

Posted By : Ra Wai (ShweProperty.com)