အိမ်ဟာ နွေးထွေးတဲ့ မိသားစု အရိပ်အမြုံတစ်ခုဖြစ်သလို တစ်မိသားစုလုံးရဲ့ စကားပြောသံ၊ ရီမောသံတွေနဲ့ ဝေဆည်တဲ့ နေရာဖြစ်ပါတယ်။ အိမ်ထဲကို ကျရောက်လာမယ့် ကံကောင်းခြင်းတွေ၊ ကံဆိုးခြင်းတွေကို အိမ်သူအိမ်သား အားလုံးက အတူတူမျှဝေခံစားရတယ် မဟုတ်လား။ အိမ်လေးထဲကို ကံကောင်းခြင်းတွေသာ နေ့စဉ်ဝင်လာမယ်ဆိုရင်တော့ ပျော်ရွှင်စရာတွေ ကုန်ခမ်းတော့မှာ မဟုတ်ဘူးနော်။

သင့်အိမ်မှာ ဖုန်းရွှေနည်းအရ ကံကောင်းခြင်းတွေ ဝင်လာစေဖို့ အမြဲသန့်ရှင်းရေး လုပ်ပေးသင့်တဲ့ နေရာ ၄ ခု ရှိပါတယ်။ အဲ့ဒီနေရာတွေက ဘာတွေလဲ ဆိုတာတော့ ဒီစာလေးကို အဆုံးထိ ဖတ်ကြည့်လိုက်နော်။ 

- အိမ်တံခါးမကြီး

အိမ်ထဲကို စဝင်ရောက်ရာနေရာဖြစ်တဲ့ အိမ်ရှေ့အဝင်တံခါးမကြီးဟာ ကံကောင်းခြင်းတွေ ဝင်ရောက်လေ့ ရှိတဲ့ နေရာတစ်ခါပါ။ အိမ်ရှေ့တံခါးမကြီးမှာ ဆေးရောင်ပျက်နေတာမျိုး၊ အိမ်ရဲ့ ဘေးပတ်ပတ်လည်မှာ သုတ်ထားတဲ့ ဆေးရောင်ထက် အိမ်တံခါးမကြီးမှာ သုတ်ထားတဲ့ ဆေးရောင်က မှိန်နေတာမျိုး၊ တံခါးကျိုးနေတာမျိုး၊ ပင့်ကူအိမ် တက်နေတာမျိုး မဖြစ်သင့်ပါဘူး။ အိမ်တံခါးမကြီးကို သန့်ရှင်းအောင် ထားသင့်ပြီး ဆေးရောင်ကိုလည်း မှုန်မှိုင်းတဲ့ အရောင်မျိုး ဖြစ်နေရင် အသစ်ပြန်သုတ်ပေးသင့်ပါတယ်နော်။ 

- မီးဖိုချောင်

မီးဖိုချောင်ဟာ အိမ်ရဲ့ အသည်းနှလုံးလို့ တင်စားကြလေ့ ရှိပါတယ်။ အိမ်ကိုနွေးထွေးစေတဲ့ အနွေးဓာတ်ဟာ မီးဖိုချောင်မှ လာပါတယ်။ ဒါကြောင့် အိမ်ရဲ့ မီးဖိုချောင်မှ ကံကောင်းခြင်းတွေ တစ်အိမ်လုံးကို စီးဆင်းစေဖို့အတွက် မီးဖိုချောင်မှာ အတင်းအဖျင်းစကားတွေ၊ ရန်ဖြစ်စကားများတာတွေ မပြောသင့်ပါဘူး။ ဒါအပြင် မီးဖိုချောင်ဟာ အဝတ်စုတ်၊ မှို၊ ချေးညှော်တွေနဲ့ ညစ်ပတ်ရှုပ်ပွမနေသင့်ပါဘူး။ ညစ်ပတ်တဲ့ မီးဖိုချောင်ဟာ အိမ်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သလို ကံကောင်းခြင်းတွေကိုလည်း ဖျက်ဆီးပစ်နိုင်ပါတယ်။ 



-  ပြတင်းပေါက်များ

ပြတင်းပေါက်တွေဟာ တံခါးမကြီးလိုပဲ အိမ်ထဲကို ကံကောင်းခြင်းတွေ ဝင်လာစေတဲ့ နေရာတွေပါ။ ဒါအပြင် အိမ်အပြင်ဘက်ကို ငေးပြီး စိတ်ကိုလွတ်လပ်စေတဲ့ နေရာလည်း ဖြစ်တာကြောင့် အိမ်သူ အိမ်သားတွေရဲ့ ခံစားချက်တွေ ရှိနေတဲ့ နေရာလည်း ဖြစ်ပါတယ်။  ဒါကြောင့် ကံကောင်းခြင်းတွေ ဝင်လာဖို့၊ စိတ်ရှင်းစွာနဲ့ နေ့စဉ်အလုပ်တွေ လုပ်ဆောင်နိုင်ဖို့  ပြတင်းပေါက်ဘောင်တွေမှာ ဖုန်မှုန့်တွေ၊ ပင့်ကူမျှင်တွေ ကပ်ငြိနေခြင်း မရှိအောင် နေ့တိုင်း သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ 

- ကြည့်မှန်များ

အိမ်မှာရှိတဲ့ ကြည့်မှန်တွေဟာ အိမ်သူအိမ်သားတွေရဲ့ ပုံရိပ်တွေကို အမြဲဖမ်းဆုပ်နိုင်တဲ့ နေရာတွေပါ။ မှန်ရှေ့မှာ ငိုရတဲ့ အချိန်ရှိသလို မှန်ရှေ့မှာပဲ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေ၊ အလှဆုံး ပုံရိပ်တွေ ဖြစ်ပေါ်နေနိုင်ပါတယ်။ ကြည့်မှန်တွေဟာ ဖုန်းရွှေနည်းအရ မှော်ဝင်တဲ့ ပစ္စည်းတွေ ဖြစ်သလို အိမ်ရဲ့ ကံကောင်းခြင်းတွေကိုလည်း ဖြန့်ကျတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကြည့်မှန်တွေ၊ ပြတင်းပေါက်မှန်တွေကို ဖုန်၊ အညစ်အကြေးတွေ ရှင်းလင်းအောင် သန့်ရှင်းရေး ပုံမှန် လုပ်ပေးသင့်ပါတယ်။ 

ဖော်ပြထားတဲ့ နေရာတွေကို သန့်ရှင်းရေး ပုံမှန်လုပ်ဖို့ မမေ့ပါနဲ့နော်။ စာဖတ်မိတ်ဆွေတို့အားလုံး စီးပွားလာဘ်လာဘတွေ ဒီရေအလား တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းဆုခြွေလိုက်ပါတယ်ရှင်။ 

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)