မကြာခင်မှာ နှစ်သစ်ကူးပါတော့မယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အစဟာ အရေးကြီးပါတယ်။ "အစကောင်းမှ အနှောင်းသေချာ"ဆိုတဲ့ ဆိုရိုးစကားအတိုင်း နှစ်တစ်နှစ်ရဲ့ အစဟာလည်း အရေးကြီးလှပါတယ်။ 

နှစ်သစ်မှာ ဘုရားမှာ ဆုတောင်းခြင်း၊ ကောင်းမှုသိုလ်ပြုလုပ်ခြင်းတို့နဲ့ ကံကောင်းခြင်းတွေကို ဆွဲယူကြလေ့ရှိပါတယ်။ အခုဒီဆောင်းပါးလေးမှာလည်း စာဖတ်သူ မိတ်ဆွေတို့အတွက် မိမိအိမ်ခြံအတွင်း နှစ်သစ်မင်္ဂလာဆောင်ယူဖို့ သင်ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ ဖုန်းရွှေနည်းစနစ်တွေကို ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။ ဖုန်းရွှေနည်းပညာဟာ စွမ်းအင်စီးဆင်း လှုပ်ရှားမှုတွေကို တည့်မတ်ပေးခြင်းဖြစ်လို့ ကောင်းတဲ့ စွမ်းအင်တွေ အိမ်ထဲကို စီးဆင်းစေဖို့၊ နှစ်စပိုင်းမှာ အိမ်ရဲ့ ကံကောင်းခြင်းတွေ တိုးတက်စေဖို့၊ စီးပွားရေးကံတွေ တက်သထက်တက်ဖို့ ဖုန်းရွှေနည်းကို ကောင်းကောင်း အသုံးချနိုင်ပါတယ်။ 
 
- အိမ်ရှေ့တံခါး
အိမ်ထဲကို ဝင်တဲ့အခါမှာ စစချင်း မြင်တွေ့ရမယ့် အရာကတော့ အိမ်ရှေ့ဝင်ပေါက်တံခါးမကြီးပဲ ဖြစ်ပါတယ်။ အိမ်တအိမ်ရဲ့ မျက်နှာလို့လည်း ခေါ်လို့ရပါတယ်။ အဲဒီအိမ်ရှေ့တံခါးဟာ ကျိုးပျက်နေတယ်၊ ဆေးရောင်မွဲခြောက်နေတယ်လို့ စိတ်ထဲမှာ မြင်ယောင်ကြည့်လိုက်ပါ။ ဒါဆို အိမ်ဟာ အလိုလိုဟောင်းနွမ်းနေတဲ့ပုံပေါ်ပြီး အနည်းငယ် ကျတ်သရေလျော့နေမှာ အသေအချာပါပဲ။ ဒါဟာဖုန်းရွှေနည်းအရလည်း မကောင်းလှပါဘူး။ ဘာလို့လဲဆိုတော့ အိမ်ရှေ့တံခါးမကြီးဟာ အိမ်ရဲ့စည်းစိမ်ဥစ္စာတွေ ဝင်လာတဲ့လမ်းကြောင်းဖြစ်ပါတယ်။ ကောင်းတဲ့စွမ်းအင်တွေ အိမ်ထဲကို စီးဆင်းစေဖို့ သင့်အိမ်ရှေ့တံခါးကို တောက်တောက်ပြောင်ပြောင်ထားသင့်ပါတယ်။ ပျက်စီးနေတဲ့နေရာတွေ့ရင် အမြန်ဆုံး ပြင်ဆင်လိုက်ပါ။



- မီးဖိုချောင်
မီးဖိုချောင်ဟာ အိမ်ရဲ့ ပေါကြွယ်ဝမှု၊ အစာအာဟာရ အရင်းအမြစ်နေရာ ဖြစ်ပါတယ်။ နောက်ပြီး မီးဖိုချောင်ဟာ အသက်ရှင်မှုအတွက် အချက်အချာ ဖြစ်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ မီးဖိုဟာ မီးဓာတ်ကို ဆောင်ကျဉ်းပါတယ်။ ဒီနေရာမှာ သတိထားရမှာက မီးဓာတ်ရှိတဲ့ မီးဖိုကို ရေဓာတ်ရှိတဲ့ ပန်းကန်ဆေးတဲ့နေရာနဲ့ မျက်နှာချင်းဆိုင်အနေအထိုင်းမျိုးမဖြစ်စေဖို့ပါပဲ။ မီးဖိုနဲ့ပန်းကန်ဆေးတဲ့ ရေစင်ဟာ တစ်ဖက်တည်းမှာပဲ ရှိသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာချင်းဆိုင်ထားတာဟာ ရေဓာတ်နဲ့ မီးဓာတ်ကို တိုက်အောင်လုပ်သလိုဖြစ်တာကြောင့် အိမ်ရဲ့ ဇနီးမောင်နှံစုံတွဲတွေအကြား အချင်းများနိုင်ပါတယ်။ 

အိမ်ရှေ့ဥယျာဉ်
အိမ်ရှေ့ဥယျာဉ်ဟာ အိမ်ရဲ့ အနာဂတ်ကို ကိုယ်စားပြု ပါတယ်။ ချစ်စရာကောင်းတဲ့အိမ်ဟာ နေချင့်စဖွယ် ဖြစ်တယ်မဟုတ်လား။ မင်္ဂလာရှိတဲ့အိမ်ဟာ ကောင်းသောကံတွေ ဝင်ချင်စဖွယ်ဖြစ်စေပါတယ်။ ဥယျာဉ်က စိမ်းစိမ်းစိုစိုနဲ့ လှပနေလေ အိမ်ကျတ်သရေတိုးလေ၊ မင်္ဂလာရှိလေပါပဲ။ ဒါကြောင့်အိမ်ရှေ့ဥယျာဉ်ကို ဂရုစိုက်ပါ။ သစ်ပင်ပန်းမန်လေးတွေနဲ့ ဝေဝေဆာဆာဖြစ်အောင် ပြုစုပျိုးထောင်ပါ။ တကယ်လို့ ကိုယ်က တိုက်ခန်းနဲ့ နေတယ်ဆိုရင် အိမ်ရှေ့တံခါးမကြီးကို ဂရုစိုက်ပါ။ ဝရံတာတွေမှာ ဥယျာဉ်ငယ်လေးတွေ ဖန်တီးနိုင်ပါတယ်။ 

နေချင့်စဖွယ်အိမ်ဟာ ကံကောင်းခြင်းတွေကို ဖိတ်ခေါ်ပါတယ်။ စာဖတ်သူတို့အားလုံးလည်း နှစ်သစ်မှာ ကံကောင်းခြင်းများစွာတွေ ပိုင်ဆိုင်ကြပါစေ၊ အိမ်ကောင်းရာကောင်းတွေ ရရှိပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)