အိမ်ခြံမြေ အမျိုးအစား များစွာထဲကမှ ဥယျာဉ်ခြံမြေဟာလည်း လူကြိုက်များတဲ့ မြေအမျိုးအစားဖြစ်ပါတယ်။ သီးနှံတွေ စိုက်ပျိုးဖို့အတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ ဒီ ဥယျာဉ်ခြံမြေတွေကို နောက်ပိုင်းမှာ လူနေထိုင်ဖို့ အတွက်ပါ ရောင်းချလာကြပါတယ်။ ဥယျာဉ်ခြံမြေက ဈေးလည်း သက်သာတာကြောင့် တစ်ပိုင်တစ်နိုင်၊ ကိုယ်တက်နိုင်တဲ့ ဈေးလေးနဲ့ ဒီလိုမြေကွက်ကို ဝယ်ယူနိုင်တာဆိုတော့ ဝယ်သူတွေကလည်း အကြိုက်တွေ့ကြပါတယ်။ 

 ဥယျာဉ်ခြံမြေဟာ လယ်ယာမြေထဲ ပါဝင်ပေမယ့် လူနေရပ်ကွက်ထဲလည်း ရောက်နေမယ်၊ ဝယ်ယူထားသူက အိမ်ခွန်လည်း စည်းကြပ်ထားတယ်ဆိုရင် လယ်မြေအဖြစ် အကျုံးမဝင်ဘူး။ ဒါကြောင့် အရောင်းအဝယ် ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဥယျာဉ်ခြံမြေကို ဝယ်ယူဖို့ ရွေးချယ်တော့မယ်ဆိုရင် သိသင့်တဲ့ အားသာချက်နဲ့ အားနည်းချက်တို့ကို ဝေမျှပေးလိုက်ပါတယ်။ 

-  အားသာချက်

၂၀၁၂ နောက်ပိုင်း ပြဌာန်းချက် ဥပဒေအရ ဥယျာဉ်ခြံမြေကို ရောင်းဝယ်၊ ငှားရမ်း လုပ်ပိုင်ခွင့်တွေ အပြင် မြေက ရတဲ့ အကျိုးမြတ်အားလုံးကိုလည်း ပိုင်ရှင်က ခံစားပိုင်ခွင့် အပြည့်ရှိပါတယ်။ အားသာချက်ကတော့ ဂရမ်မြေတွေ၊ ဘိုးဘွားပိုင်မြေတွေထက် ဈေး သက်သာခြင်း ဖြစ်ပါတယ်။ ဒါအပြင် နောက်ပိုင်း မြေပေါ်မှာ အသီးမနှံစိုက်ပျိုးခြင်းသာမက အခြားစီးပွားရေး လုပ်ငန်းတွေအတွက် လျှောက်မယ်ဆိုရင်လည်း လွယ်ကူလာတာကြောင့် ရေရှည်ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းကောင်းအဖြစ် ဥယျာဉ်ခြံမြေကို လူကြိုက်များကြပါတယ်။ ဒါအပြင် လူနေထူထပ်လာတာနဲ့အမျှ မြို့ပြနဲ့ နီးတဲ့ ဥယျာဉ်ခြံမြေတွေဟာ ဈေးကောင်းနဲ့ပါ အရောင်းအဝယ် ပြုလုပ်နိုင်ကြပါတယ်။ 



- အားနည်းချက်

ဥယျာဉ်ခြံမြေတွေဟာ များသောအားဖြင့် ကျေးလက်ဒေသတွေမှာ ရှိကြတာ များပါတယ်။ လူနေအိမ်တွေနဲ့ မနီးတဲ့ ဥယျာဉ်ခြံမြေ အမျိုးအစားဟာ စာရွက်စာတမ်းနဲ့ ခိုင်မာမှု့ အထောက်ထား အားနည်းပါတယ်။ ကိုယ်ဝယ်မယ့် ဥယျာဉ်ခြံမြေဟာ လူနေအိမ်တွေနဲ့ ဝေးကွာရင်တော့ လူနေအိမ် ဆောက်လုပ်နေထိုင်ဖို့ သက်ဆိုင်ရာဌာနတွေကို အဆင့်ဆင့် ပြန်လျှောက်တင်ရပါတယ်။ ဒါပေမယ့် များသောအားဖြင့် စိုက်ပျိုးမွေးမြုူရေးအတွက်သာ ခွင့်ပြုတာမျိုးတွေ့ရပါတယ်။ 

ဒီလို အားသာချက်၊ အားနည်းချက်တွေ ရှိတာကြောင့် ဥယျာဉ်ခြံမြေဝယ်ယူတော့မယ်ဆိုရင် လယ်ယာမြေ ဟုတ်၊ မဟုတ်၊ လူနေရပ်ကွက်နဲ့ နီး၊ မနီး၊ စာချုပ်စာတမ်း စုံ၊ မစုံတို့ကို သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။ 

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)