လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းထက် အငှားဟာ ပိုပြီးသွက်နေတာ တွေ့ရပါတယ်။ တာမွေ၊ ကျောက်မြောင်း၊လှည်းတန်း၊ မြေနီကုန်း နေရာတွေမှာ တိုက်ခန်းတွေ အငှားများလို့ အငှားတိုက်ခန်းပျောက်တာမျိုးတွေ မကြာခဏ ကြားနေရပါတယ်။ ဈေးနှုန်းတွေ မြင့်တက်လာပေမယ့် တိုက်ခန်းအငှားကတော့ သွက်နေဆဲပါပဲ။ 

လူတွေက တိုက်ခန်းဝယ်ရာမှာ တိုက်သက်တမ်းကြာမြင့်မှုနဲ့ ပြန်လည်ပြင်ဆင်စရိတ်တွေ ထည့်တွက်ပြီး ငှားနေရင်းနဲ့ ငွေစုဖို့သာ စဉ်းစားထားခြင်း၊ ရန်ကုန်မှာ အတည်တကျ နေမှာ မဟုတ်ခြင်းတို့ကြောင့် ငှားရမ်းနေထိုင်မှုတွေ များပါတယ်။ ဈေးနှုန်းသက်သာတဲ့ မြို့နယ်တွေမှာ ငှားရမ်းနေထိုင်မှုတွေ တိုးပွားလာနေသလို နိုင်ငံတွင်း ဝင်ရောက်လာတဲ့ ပြင်ပ၊ စီးပွားရေးလုပ်ငန်းတွေကြောင့် နိုင်ငံခြားသားတွေလည်း မြို့လည်ခေါင်ကွန်ဒိုတွေ၊ လုံးချင်းအိမ်တွေ ငှားရမ်းနေထိုင်ကြတာမျိုး ရှိကြပါတယ်။ 

အိမ်ရှင်တွေဘက်ကလည်း အချို့အိမ်ခြံမြေအမျိုးအစားတွေအတွက် လစဉ်ကြေးပေးဆောင်ရတာမျိုးတွေ၊ လူမနေတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အပျက်အစီးပိုင်းတွေအတွက်
လည်း ကုန်ကျစရိတ် ရှိနေပြန်တာကြောင့် အိမ်ကို ထိန်းသိမ်းထားတဲ့ အနေနဲ့ အိမ်ငှားတင်လေ့ရှိပါတယ်။ 

ဒီလိုအခြေအနေမှာ အိမ်ရှင်တို့ အနေနဲ့ ကိုယ်ပိုင်ဆိုင်တဲ့ အိမ်ယာတွေကိုပြန်လည် ငှားရမ်းတဲ့အခါ မဖြစ်မနေ သိထားဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။ 

- မိသားစု အိမ်ငှား 

တစ်မိသားစုလုံးနေထိုင်ဖို့ အိမ်ငှားတယ်ဆိုရင် အဲဒီငှားရမ်းသူဟာ ကြာရှည်နေထိုင်နိုင်ဖွယ် များပါတယ်။ ကြာရှည်နေထိုင်မယ့်သူတွေဖြစ်တာ သေချာမယ်ဆိုရင် အနေကြာလို့ အိမ်ပိုင်ဆိုင်မှု ပြဿနာပေါ်တာမျိုး မဖြစ်အောင် ကာလရှည် စာချုပ်သေချာချုပ်ရမှာဖြစ်ပါတယ်။ 

- နိုင်ငံခြားသားအိမ်ငှား 

နိုင်ငံခြားသား အိမ်ငှားကို ငှားရမ်းမယ်ဆိုရင် မိမိအိမ်ရာဟာ တည်နေရာ အချက်အချာနေရာမျိုးမှာ တည်ရှိဖို့ လိုအပ်ပြီး အိမ်တွင်းမှာ ပရိဘောဂတွေအပြည့်အစုံ ထည့်သွင်းထားတာမျိုး၊ ၎င်းတို့စိတ်ကြိုက်ပြင်ဆင်ပေးတာမျိုး လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီအိမ်ငှားကတော့ ငှားခဈေးနှုန်းလည်း ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။ 



စုနေ ငှားရမ်းခြင်း

- မိန်းကလေးစုနေ၊ ယောင်္ကျားလေးစုနေ တိုက်ခန်းငှားရမ်းကြတာ ရှိပါတယ်။ သူတို့ကတော့ ကာလကြာရှည် မနေဖြစ်တာ များပါတယ်။ အများဆုံး ၅ နှစ်မှ ၈ နှစ်ထိသာ ကြာရှည်ငှားရမ်းတတ်ပါတယ်။ 

ကိုယ်ငှားမယ့် အိမ်ခြံမြေကို ကာလတို၊ ကာလရှည်၊ လချုပ်၊ အဆောင် စသဖြင့် အဆင်ပြေသလို သတ်မှတ်သင့်ပါတယ်။ မိမိအနေနဲ့ ငွေကြေးတစ်လုံးတစ်ခဲတည်း လိုအပ်တယ် ဆိုရင်တော့ နှစ်ရှည်စာချုပ်မျိုးဖြင့် ငှားရမ်းခြင်းကပိုပြီး တွက်ခြေကိုက်ပါတယ်။ 

ဒါပေမယ့်လည်း ဒီကြားထဲ အိမ်ငှားခဈေးနှုန်း တက်လာမလားဆိုပြီး အချို့ အိမ်ပိုင်ရှင်တွေက ၎င်းတို့ အိမ်ရာတွေကို နှစ်ရှည်စာချုပ်နဲ့ ငှားရမ်းမှုမျိုးကို ရှောင်ကြပါတယ်။

ဒါတွေအပြင် အိမ်ရှင်တွေအနေနဲ့

- အိမ်ငှားဖြစ်သူ နေထိုင်မယ့် မိသားစုဦးရေ 
- အိမ်ငှားဖြစ်သူရဲ့ အလုပ်အ ကိုင် 
- အိမ်မှာ လျှပ်စစ်မီးသုံးပြီး လုပ်ငန်းလုပ်ကိုင်ခြင်းရှိ/မရှိ 
- လူမျိုးနှင့်ဘာသာ 
- ငှားရမ်းနေထိုင်မယ့် ကာလ 
- ငါးနှစ်သို့မဟုတ် ဆယ်နှစ်အောက်ကလေးများ ပါဝင်ခြင်း ရှိ/မရှိ၊ 
- စပေါ်သို့မဟုတ် နှစ်ချုပ်နဲ့ ငှားရမ်းမှာလား
- အိမ်ကို လက်ရှိပြင်ပေးထားတဲ့ အနေအထားအတိုင်း လက်ခံခြင်း ရှိ/မရှိ၊ 
- ပြန်လည် ပြင်ဆင်ပေးဖို့ လို/မလို၊ 
- အိမ်ရှင်အနေနဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် ဆက်လက်မငှားလိုရင် တစ်လကြိုတင်အကြောင်းကြားရင် ဖယ်ပေးနိုင်မယ့် အခြေအနေရှိ/မရှိ 
- တိရစ္ဆာန်မွေးမြူခြင်း ရှိ/မရှိ ဆိုတဲ့ အချက်တွေကို ဦးစွာဆွေးနွေးပြီးမှ ငှားရမ်းဖို့ သဘောတူသင့်ပါတယ်။ 

ဒါဆိုရင်တော့ အိမ်ရှင်တွေအနေနဲ့ အိမ်ငှားတင်ရာမှာ သိရမယ့်အချက်တွေ စုံလောက်ပါပြီ။ အိမ်ခြံမြေ ရောင်းဝယ်ငှားရမ်းမှုတွေ အဆင်ပြေချောမွေ့ပြီး ဝင်ငွေတွေ တိုးပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Written By : Lily (ShweProperty.com)