By Lily, Shweproperty.com
Updated at 5 January 2026
မီးလောင်ခြင်း၊ ကြွက်ကိုက်ခြင်း၊ ခြစားခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားခြင်း၊ ကျပျောက်ခြင်း၊ ခိုးဝှက်ခံရခြင်း စတဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် အိမ်ဂရန်ပျောက်ဆုံးသွားခြင်းမျိုး ဖြစ်နိုင်ပါတယ်။ အိမ်ဂရန် ပျောက်ဆုံးသွားတဲ့အခါ အနည်းနဲ့အများတော့ စိုးရိမ်ပူပန်ကြတာပါပဲ။ ဒါပေမယ့် စိတ်မပူပါနဲ့ ဂရန်ပြန်လျှောက်လို့ ရပါတယ်။ မူလဂရန်ရှိပြီးမြေကို ဂရန်သက်တမ်းကုန်ဆုံးလို့ဖြစ်စေ၊ လွှဲပြောင်းပေးအပ်ခြင်းဖြစ်စေ၊ ဦးပိုင်ခွဲသည်ဖြစ်စေ၊ ဂရန်ပျောက်မိတ္တူလျှောက်၍ဖြစ်စေ၊ ဂရန်အမျိုးအစားပြောင်း၍ဖြစ်စေ လျှောက်မယ်ဆိုရင် အောက်မှာ ဖော်ပြချက်လေးတွေကို ဆုံးအောင်ဖတ်လိုက်နော်။ ဂရန် လျှောက်ထားပေးရာမှာ အမျိုးအစား(၂)မျိုးရှိပါသည်။ (က) အစိုးရမြေမှ ဂရန်သစ်စတင်ထုတ်ပေးခြင်းနဲ့ (ခ)မူလဂရန်ရှိပြီးမြေကို အကြောင်းအရာ အမျိုးမျိုးကြောင့် ဂရန်ထပ်မံလျှောက်ထားခြင်းတို့ဖြစ်ပါတယ်။ (၁) ဂရန်အမည်ပြောင်း (၂) ဂရန်ဦးပိုင်ခွဲ (ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲဂရန်နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်လျှောက်ထားခြင်း) (၃) ဂရန်သက်တမ်းတိုး (ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း) (၄) သက်တမ်းတိုး၊ အမည်ပြောင်း (အမည်လည်းပြောင်း၊ သက်တမ်း လည်းတိုးမည်) (၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း (ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း) (၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း(သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားခြင်း) (၇) ဂရန်မိတ္တူလျှောက်ထားခြင်း(ဂရန်မူရင်းပျောက်ဆုံးသွား၍အမည် ပြောင်းခြင်းမပြုဘဲ ဂရန်မိတ္တူလျှောက်ထားခြင်း) (၈) တောမှမြို့ပြောင်းလျှောက်ထားခြင်း(ယခင်ပုသိမ်ကြီး၊ အမရပူရ မြို့ပြင်ပရှိမြေများကို ထုတ်ပေးထားသည့် တောဂရန်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ကျရောက်၍ အမည်မပြောင်းဘဲ မြို့ဂရန်အဖြစ် ပြောင်းလဲ လျှောက်ထားခြင်း) (၉) တောမှမြို့ပြောင်း၊ အမည်ပြောင်း(တောဂရန်မှမြို့ဂရန်အပြင် အမည်ပါပြောင်းပေးရန် လျှောက်ထားခြင်းဖြစ်ပါသည်။) ၂။ ဖော်ပြပါ ဂရန်တွေကို လျှောက်ထားမယ် ဆိုရင် အောက်မှာဖော်ပြပါ အထောက်အထား စာချုပ် စာတမ်းများကို ပူးတွဲတင်ပြဖို့ လိုအပ်ပါတယ်။ (၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊ (၂) ဂရန်စာချုပ်မိတ္တူမှန်၊ (၃) အမွေဆက်ခံဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊ (၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်စာချုပ်မိတ္တူမှန်၊ (၅) တရားမမှုဖြစ်သည့်မြေဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ(၁၀၆) (၆) မြေခွန်ပြေစာမိတ္တူမှန်၊ (၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊ (၈) အဆောက်အဦးဓါတ်ပုံ၊ (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊ (၁၀) အမည်ပေါက်၊အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။ အထက်ဖော်ပြပါ မြို့ဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာထဲမှာ ထည့်ကြော်ငြာပြီး ကန့်ကွက် မရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အပြီးဆောင်ရွက် ပေးနိုင်တယ်လို့ ဌာနဆိုင်ရာက ဖော်ပြထားပါတယ်။ ဒါကြောင့် မတော်တဆ ဂရန်ပျောက်သွားခဲ့တယ်ဆိုရင် စိုးရိမ်စရာ မလိုဘဲ ပြန်လျှောက်လို့ရကြောင်း ဗဟုသုတအဖြစ် ရေးသားဖော်ပြလိုက်ပါတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties