အိမ်ခြံမြေ၊ တိုက်ခန်းတွေ ရောင်းဝယ်မှုဖြစ်မြောက်လို့ စာချုပ်တွေ ချုပ်ဆိုတော့မယ်ဆိုရင် ဘယ်လိုစာချုပ်အမျိုးအစားက မှတ်ပုံမတင်မနေရစာချုပ်အမျိုးအစားဖြစ်တယ်၊ ဘယ်အမျိုးအစားကတော့ ကတိစာချုပ်နဲ့ အဆင်ပြေနိုင်မယ်ဆိုတာတွေ ရှင်းရှင်းလင်းလင်း သိစေဖို့ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ 

(မှတ်ပုံမတင်မနေရ စာချုပ်များ )
၂၀၁၈ ခုနှစ် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပ‌ဒေ၊ ပုဒ်မ - ၁၆ အရ တန်ဖိုးငွေကျပ်တစ်သိန်း နဲ့ အထက်ရှိတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ တစ်နှစ် ထက်ပိုဌားရမ်းခြင်း၊ ဆိုင်ရာဆိုင်ခွင့် အကျိုးစီးပွားအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်း နဲ့ ဖျက်သိမ်းခြင်းတို့ကို ခိုင်မာစေရန်ပြုလုပ်တဲ့ သေတမ်းစာမဟုတ်သော စာချူပ် စာတမ်းများ၊ ယင်းစာချုပ်စာတမ်းတို့နဲ့ သက်ဆိုင်တဲ့ ပိုင်ဆိုင်ခွင့်အပေါ် တရားရုံးက ချမှတ်တဲ့ စီရင်ချက်၊ ဒီကရီ ၊ အမိန့်၊ သားသမီးမွေးစားခြင်းစာချုပ်နဲ့ နိုင်ငံတော်က အခါအားလျော်စွာ သတ်မှတ်တဲ့ စာချုပ်စာတမ်းများဟာ ဥပ‌ဒေနဲ့ အညီ တရားဝင် ခိုင်မာမှု ရရှိနိုင်ရန်အတွက် မှတ်ပုံတင်ရမယ့် စာချုပ်များ ဖြစ်ပါတယ်။ 

(မှတ်ပုံတင်လိုကတင်နိုင်ပြီး၊ မှတ်ပုံမတင်ဘဲလည်းနေနိုင်တဲ့ စာချုပ်များ)

ပုဒ်မ- ၁၇ မှာ အထက်ဖော်ပြပါ ပုဒ်မ- ၁၆ အရသတ်မှတ်ထားတဲ့ မှတ်ပုံမတင်မနေရ စာချုပ် စာတမ်း မဟုတ်တဲ့ အခြားစာချုပ်စာတမ်းများကတော့ ကာယကံရှင်ရဲ့ သဘောဆန္နအရ မှတ်ပုံတင်လိုက တင်နိုင်ပြီး၊ မှတ်ပုံ မတင်ဘဲလည်း နေနိုင်ပါတယ်။ 

မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ထားရင် ဘာတွေ အကျိုးသက်ရောက်သွားမလဲ? 
စာချုပ်စာတမ်းများမှတ်ပုံတင်ဥပ‌ဒေ ပုဒ်မ- ၄၇ အရ
"(က) စာချုပ်ချုပ်ဆိုတဲ့ နေ့ရက်မှစ အကျိုးသက်‌ရောက်သည်။

(ခ) စာချုပ်စာတမ်းများတွင် ဖော်ပြထားသည့် ပစ္စည်းများနှင့်စပ်လျဉ်း၍ စာချုပ်စာတမ်းပါ စည်းကမ်း ချက်များနှင့် ဆန့်ကျင်သော နှုတ်ကတိ သို့မဟုတ် အကြောင်းကြားကြေညာချက်ကို လွှမ်းမိုး၍ အကျိုးသက်ရောက်မှုရှိသည်။
(ဂ) သို့သော် စာချုပ်စာတမ်းပါ စည်းကမ်းချက်များနှင့် ဆန့်ကျင်သော နှုတ်ကတိ (သို့မဟုတ်) အကြောင်းကြားကြေညာချက်အရ လက်ရောက်ပေးအပ်ပြီးဖြစ်သော ပစ္စည်းနှင့်သက်ဆိုင်ခြင်း မရှိပါ" လို့ ဖော်ပြထားပါတယ်။

မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ခြင်း မပြုရင် ဘယ်လိုအကျိုး သက်ရောက်မှုတွေ ဖြစ်လာမလဲ?
 စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပ‌‌ဒေ ပုဒ်မ- ၄၈ အရ-
"(က) မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို တနည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ ဌားရမ်းခြင်း တို့သည် အကျိုး သက်ရောက်မှုမရှိစေရ။
(ခ) ကိတ္တိမသားသမီးမွေးစားခြင်းသည် တရားဝင်အထောက်အထား သက်သေခံချက် မဖြစ်စေရ။
(ဂ) စာချုပ်စာတမ်းပါ ပစ္စည်းနှင့်သက်ဆိုင်သည့် သို့မဟုတ် အခွင့်အာဏာပေးအပ်ချက်သည် တရား ဝင်အထောက်အထား သက်သေခံချက်မဖြစ်စေရ" လို့ ဖော်ပြထားပါတယ်။ 



စာချုပ်စာတမ်းမှတ်ပုံတင်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းချက်များ - 

စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ပုဒ်မ-၂၁ အရ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများအား စာချုပ်ချုပ် ဆိုသည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း မှတ်ပုံတင်ရခြင်း၊

ပုဒ်မ - ၂၂ အရ စာချုပ်စာတမ်းတစ်ခုကို နှစ်ဦးထက်ပိုသူများက လက်မှတ်ရေးထိုးချုပ်ဆိုကြ၍ လက်မှတ် ရေးထိုးချိန်ကွဲပြားလျှင် နောက်ဆုံးလက်မှတ်ရေးထိုးသည့်နေ့ရက်မှ ရက်ပေါင်း ၁၂၀ အတွင်း မှတ်ပုံ တင်ရန်တင်ပြရခြင်း၊

ပုဒ်မ-၂၃ အရ ရက်ပေါင်း ၁၂၀ အတွင်း မှတ်ပုံတင်ဖို့ ပျက်ကွက်ခဲ့ရင် တိုင်းဒေသကြီး စာချုပ်စာတမ်းများ မှတ်ပုံတင်အရာရှိထံ မတင်ဖြစ်တဲ့ အကြောင်းကို ခိုင်လုံသော အထောက်အထား တစ်ရပ် တင်ပြရခြင်း( အဲ့ဒီလို တင်ပြခြင်းဖြင့် မှတ်ပုံတင်အရာရှိက နောက်ထပ်ရက်ပေါင်း ၁၂၀ ထပ်ပြီး ခွင့်ပြု ပေးနိုင်ပါတယ်။ မှတ်ပုံတင်အရာရှိအနေနဲ့ နောက်ထပ်ရက်ပေါင်း ၁၂၀ ခွင့်ပြုရင် မှတ်ပုံတင်ခရဲ့ ၁၀ ဆ ထက်မပို သောငွေကို ဒဏ်ငွေအဖြစ်ပေးဆောင်စေပြီးမှ ခွင့်ပြုမှာဖြစ်ပါတယ်) 

မှတ်ချက် ။ မှတ်ပုံမတင်ထားသည့် အရောင်းစာချုပ်သည် ဝယ်သူ၏ ပိုင်ဆိုင်မှုကို ထင်ရှားအောင် ပြသနိုင်သည့် အထောက်အထားတစ်ခုမဟုတ်သော်လည်း သီခြားသက်သာခွင့် ဥပဒေအရ ပဋိညာဉ် ကို သီးခြားဆောင်ရွက်ပေးစေလိုမှုတွင် ဖြစ်‌စေ၊ မှတ်ပုံတင်စာချုပ်ဖြင့် ဆောင်ရွက်ရန်မလိုသည့် အခြားကိစ္စများတွင်ဖြစ်စေ သက်သေခံအဖြစ်အသုံးပြုနိုင်သည်။ ပိုင်ဆိုင်ခွင့်ကို ထင်ရှားအောင်တင်ပြခြင်း မဟုတ်သော ရောင်းချသည့်ပစ္စည်းအတိုင်းအတာ၊ ပစ္စည်းအပေါ် မည်သို့မည်ပုံ လက်ရှိဖြစ်ခဲ့သည်ဆိုသော အချက်အလက်များအတွက် မှတ်ပုံမတင်သော အရောင်းစာချုပ်ကို သက်သေခံအဖြစ်တင်ပြခွင့် ရှိမည် ဖြစ်သည်။

* ၂၀၁၈ ခုနှစ်၊ စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေ၊ 
ဦးသက်ဖေ၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပ‌ဒေ၏ သိကောင်းစရာများမှ ကောက်နှုတ်ဖော်ပြသည်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

သတိထားသင့်တဲ့ မြေအမည်ပေါက် ပျက်ပြယ်သွားနိုင်တဲ့ အချက်များ 

သိထားသင့်တဲ့ အိမ်ရှင်၊ အိမ်ငှားပြဿနာများ 

မြေကွက်ဝယ်တဲ့အခါ ပြသာနာမဖြစ်ဖို့ အခြေခံသိထားသင့်တဲ့ အရာများ 

အိမ်ခြံမြေအလဲအထပ်လုပ်တော့မယ်ဆိုရင် ဒါတွေကြိုသိထားမှဖြစ်မယ်နော် 

Posted By : John (ShweProperty.com)