တူရကီ - ဆီးရီးယားမှာ ငလျင်အကြီးအကျယ်လှုပ်လို့ အဆောက်အအုံတွေ တော်တော်များများ ပြိုကျပျက်စီးခဲ့တာကို တွေ့ရပါတယ်။ လူသေဆုံးမှုတွေကလည်း အနည်းမနောပါပဲ။ ဒီသတင်းဟာ တိုက်ခန်းပိုင်ရှင်တွေအတွက် မျက်ခုံးလှုပ်စရာလည်း ဖြစ်လာပါတယ်။ ကိုယ်က အထပ်မြင့်တိုက်ခန်းလေးတစ်ခန်း ဝယ်ထားတယ်။ ရေကြီးလို့၊ မီးလောင်လို့၊ ငလျှင်လှုပ်လို့၊ မြေပြိုလို့ စတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ကိုယ်နေထိုင်တဲ့ တိုက်ခန်းလေး ပြိုကျပျက်စီးသွားတဲ့အခါ ကိုယ့်ပိုင်ဆိုင်မှု လက်ဆုပ်လက်ကိုင် ပြစရာမရှိတော့ဘဲ ပျောက်သွားမလား ဆိုပြီး စိုးရိမ်လာကြပါတယ်။

ဥပဒေမှာတော့ တိုက်ခန်းဟာ အပျောက်ဝယ်ထားတာ ဖြစ်တဲ့အတွက် မြေနဲ့ မဆိုင်၊ မြေပိုင်ဆိုင်မှုမှာ အချိုးကျ မပါတဲ့အခါ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြိကျပျက်စီးသွားတယ်ဆိုရင် တိုက်ခန်းပိုင်ရှင်ဟာ ပိုင်ဆိုင်မှု သုည ဖြစ်သွားတယ်လို့ ဆိုပါတယ်။ တစ်ချို့ကလည်း မြေကွက်ဟာ မြေပြင်ပေါ်မှာ ရှိတာကြောင့် မြေကွက်ပိုင်ရှင်ကသာ နောက်ဆုံးပိုင်ဆိုင်မှု ကျန်ရှိပြီး တိုက်ခန်းတွေကတော့ လေထဲမှာ ရှိနေတာကြောင့် ပြိုကျပျက်စီးသွားမယ်ဆိုရင် ပိုင်ဆိုင်မှု မရှိတော့ဘူးလို့ ဆိုကြပါတယ်။ဒီနေရာမှာ ကိုယ်ဝယ်ယူမယ့် တိုက်ခန်း တွေဟာ ငလျင်ဒဏ်၊ ရာသီဥတုဒဏ်ကို ခံနိုင် အောင် တည်ဆောက်ထားသလား ဆိုတာလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်လာပါတယ်။



တချို့ကန်ထရိုက်တိုက်ခန်းတွေမှာ ဆောက်လုပ်ထားတာ ၂ နှစ် တောင်မရှိသေးခင် တိုက်ခန်းနံရံ မှာ အက်ကြောင်းရာတွေ ထင်ထင်ရှားရှား ပေါ်လာတာ တွေ့ရပါတယ်။ ဒီလိုတိုက်ခန်းဆိုရင်တော့ အားပြင်းတဲ့ငလျင်ဒဏ် လာမယ်ဆိုရင် ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ မတော်တဆ သဘာဝဘေးအန္တရာယ် ဖြစ်ခဲ့ရင် တိုက်ခန်းပိုင်ရှင်တွေအတွက် စိုးရိမ်ဖွယ် ကောင်းနေပါတယ်။ ဒါကြောင့် တိုက်ခန်းဝယ်ယူရာမှာ တိုက်သက်တမ်းအပြင် တိုက်အရည်အသွေးကိုပါ သေချာကြည့်ရှုစစ်ဆေးပြီး စိတ်ချရမှ ဝယ်သင့်ပါတယ်။ 

ဒါပေမယ့် တိုက်ခန်းပိုင်ရှင်တို့အတွက် အသက်ရှုချောင်စေမယ့် အချက်တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပြီးလို့ တိုက်ခန်းပိုင်ရှင် အနေနဲ့ မြေပိုင်ရှင်နဲ့ ညှိနှိုင်းနိုင်မယ်ဆိုရင် အဆောက်အဦအသစ် ပြန်လည်ဆောက်လုပ်ဖို့အတွက် ကျသင့်ငွေကို အချိုးကျထည့်ဝင်ပြီး အခန်းပိုင်ဆိုင်ခွင့်အတွက် ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။ ဥပဒေအရ အဆောက်အဦး ပြိုကျပျက်စီးသွားမယ်ဆိုရင် ပြိုကျသွားတဲ့ တိုက်တစ်ခုလုံးဟာ မူလမြေရှင်ကသာ ပြန်လည်ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။ 

ဒါမှမဟုတ်ရင် ယုံကြည်စိတ်ချရတဲ့ အာမခံ ထားပါ။ အာမခံဟာ ပျက်စီးဆုံးရှုံးခဲ့ရင် လျော်ကြေးငွေ ပြန်ရနိုင်တာကြောင့် ကြိုတင်ထားရှိသင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ 

Posted By : John (ShweProperty.com)