လုံးချင်းအိမ်တွေနဲ့တိုက်ခန်းတွေမှာ သူ့အားသာချက်နဲ့သူရှိပါတယ်။ ဥပမာအားဖြင့်.. လုံးချင်းအိမ်တွေက ပိုတိတ်ဆိတ်တယ်၊ ကိုယ့်ခြံ၊ ကိုယ့်အိမ်နဲ့ကိုယ် သဘောကျနေနိုင်တယ်၊ အခြားသူတွေနဲ့ ဆက်စပ်ပတ်သက်စရာ မရှိဘူး၊ တိုက်ခန်းတွေကတော့ ရေစက်၊ လျှပ်စစ်မီး စသဖြင့် ကိုယ့်တိုက်မှာနေတဲ့ သူတွေနဲ့ ပတ်သက်ရမယ်၊ ကုန်ကျစားရိတ်တွေဝေမျှကျခံရမယ်၊ အသံဆူညံတာတွေရှိနိုင်တယ်၊ စသဖြင့် စဉ်းစားစရာတွေများပါတယ်။ ဒီနေ့တော့ Shwe Property က အိမ်ဝယ်တော့မယ်ဆိုရင် လုံးချင်းအိမ်ဝယ်ရမလား၊ တိုက်ခန်းဝယ်ရမလား ဝေခွဲမရဖြစ်နေတဲ့သူတွေအတွက် စဉ်းစားသင့်တဲ့အချက်တွေကိုပြောပြပေးသွားမှာပါ။ 

(၁) ငွေကြေး 

အိမ်ဝယ်တော့မယ်ဆိုရင် အရေးအကြီးဆုံးက ပိုက်ဆံပါပဲ။ ဒါပေမယ့် ပိုက်ဆံရှိရုံနဲ့တော့မပြီးပါဘူး။ ကိုယ်ဝယ်မယ့်အိမ်၊ တိုက်ခန်းက ပေးရမယ့်စျေးနဲ့ တန်ရဲ့လား၊ အခြားနေရာမှာဆိုဘယ်စျေးကို ဘယ်လောက်ရနိုင်တယ်ဆိုတာမျိုး ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းဖို့လိုပါတယ်။ ဒါ့အပြင် ရောင်းသူကိုပေးလိုက်ရတဲ့ ပိုက်ဆံအပြင် လုံးချင်းဆိုရင် အိမ်ပြန်ပြင်ရတာမျိုး၊ တိုက်ခန်းတွေဆိုရင်လည်း အတွင်းပိုင်းတွေပြင်ရတာ၊ မြေရှင်ကို ပေးရတာ စတဲ့ ပုန်းကွယ်နေတဲ့ hidden cost​ တွေလည်းရှိနိုင်တာမို့ကိုယ်ကြိုက်တဲ့အိမ်ကို ရှိတဲ့ ပိုက်ဆံအကုန်နီးပါးနဲ့ ဝယ်ပစ်လိုက်လို့ မဖြစ်သေးတာ သတိပြုရပါမယ်။ 

(၂) အိမ်၊ တိုက်ခန်း နေရာ

နေရာဆိုတာမှာ စျေးနဲ့နီး၊ကျောင်းနဲ့နီးလားအပြင် ရပ်ကွက်သန့်ရဲ့လား လူတွေသန့်ရဲ့လား၊ အနားမှာ ကျူးတွေရှိလားဆိုတာမျိုးတွေပါ ကြည့်ရှု့သင့်ပါတယ်။ အနားမှာ ကျူးတွေရှိတဲ့ ရပ်ကွက်ဆိုရင် ကျူးတွေက လုံးချင်းအိမ်တွေဆီကနေ ရေတောင်းသုံးတာ၊လျှပ်စစ်မီးခိုးသွယ်တာ စတဲ့ ကိစ္စမြားမျှောင်ပြီး စိတ်ပင်ပန်းရတာမျိုးတွေကြုံနိုင်တဲ့အပြင် ကိုယ်နေမယ့်ရပ်ကွက်က မကြာခဏ သူခိုးခိုးခံရ၊ခိုက်ရန်ဖြစ်ကြ စတဲ့ ကိစ္စမျိုးတွေရှိမရှိလည်း စုံစမ်းပြီးမှ သေသေချာချာစဉ်းစားဝယ်ယူရပါမယ်။ 

(၃) အိမ်သားတွေရဲ့ အလုပ်အကိုင်

ဒါကတော့ ပြောစရာမလိုဘဲ ထည့်စဉ်းစားပြီးဖြစ်ကြမှာပါ။ ကိုယ့်အိမ်က မိသားစုဝင်တွေရဲ့အလုပ်က မြို့ထဲမှာရှိတယ်ဆိုရင် ကိုယ်က လုံးချင်းအိမ်လေးနဲ့ မြို့စွန်မှာအခြေချမယ်လို့ စဉ်းစားထားတဲ့ အတွေးကို ပယ်ဖျက်ရတော့မှာပါ။ ကိုယ်ဝယ်မယ့်အိမ်က အိမ်သားတွေရဲ့ အလုပ်၊ ကျောင်း စတာတွေနဲ့ နီးတဲ့အိမ်ဖြစ်ဖို့လိုသလို စျေး၊ ဆေးရုံဆေးခန်း တွေနဲ့ နီးတဲ့အိမ်လည်းဖြစ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အိမ်မှာ လူဘယ်နှစ်ယောက်ရှိလဲဆိုတာ စဉ်းစားပြီး လူနည်းတဲ့မိသားစုဆိုရင် မသမာသူတွေအလွယ်တကူအန္တရယ်ပြုနိုင်တဲ့ လုံးချင်းအိမ်သီးသန့်ထက် လူတွေကြားမှာ ဟိုဘက်ခန်းဒီဘက်ခန်း အမှီပြုပြီး နေနိုင်တဲ့ တိုက်ခန်းကို ယေဘုယျအားဖြင့် ပိုရွေးချယ်သင့်ပါတယ်။ 



(၄)  ဘဝအစီအစဉ်များ 

လက်ရှိမှာ ကိုယ်က ဇနီး၊ ခင်ပွန်းနဲ့ နှစ်ယောက်တည်းနေမှာမို့ ချစ်ဖို့ကောင်းပြီး Cozy ဖြစ်၊ စျေးလည်းသက်သာတဲ့ တိုက်ခန်းလေးကို ဝယ်လိုက်တယ်ဆိုတာက လက်ရှိအချိန်အတွက် ကောင်းပေမယ့် နောက်ပိုင်းမှာ ကလေးတွေမွေးဖို့ရှိတယ်၊ မိသားစုကြီးကြီးတစ်ခုဖြစ်လာဖို့ရှိမယ်၊ ဒါမှမဟုတ် တစ်ဖက်ဖက်က မိဘတွေလာနေဖို့ရှိမယ်ဆိုရင် တိုက်ခန်းသေးသေးလေးက အဆင်မပြေတော့ပါဘူး။ ဒါကြောင့်တိုက်ခန်းဝယ်မယ်၊ အိမ်ဝယ်မယ်ဆိုရင် တကယ်အသုံးပြုဖို့လိုအပ်တဲ့နေရာအကျယ်အဝန်းထက် အနည်းငယ်ပိုကျယ်တဲ့အိမ်မျိုးကို ရွေးချယ်ရပါမယ်။ဥပမာ.. ကိုယ်က အခန်းနှစ်ခန်းပဲသုံးဖို့လိုမယ်ဆိုရင် သုံးခန်းလောက်ပါတဲ့ အိမ်ဝယ်ထားတာမျိုးက ပိုအဆင်ပြေပါတယ်။

(၅) လစဉ်ကုန်ကျမယ့် ငွေကြေး 

ဒါက အပေါ်မှာပြောခဲ့တဲ့ Hidden Cost နဲ့ အလားသဏ္ဍာန်တူပါတယ်။ ဥပမာ တိုက်ခန်းဝယ်ပြီးနေလိုက်မယ်ဆိုရင် ကုန်ကျမယ့် ရေဖိုး၊မီးဖိုး၊ မီတာခ စတာတွေနဲ့ အိမ်ဝယ်ရင် ကုန်ကျမယ့်ငွေနဲ့ကိုလည်း ချိန်ထိုးစဉ်းစားဖို့လိုပါတယ်။ ကိုယ်ဝယ်မယ့်တိုက်ခန်းက Condo ဖြစ််နေမယ်ဆိုရင်ထိန်းသိမ်းစောင့်ရှောက်ခတွေ၊ သန့်ရှင်းရေးခတွေစသဖြင့် လစဉ် Bills များများကုန်မှာဖြစ်တာကြောင့် ဒီလိုမျိုးဝယ်ယူမယ့်အစား သာမန် အိမ်တစ်လုံးဝယ်ယူလိုက်တာက လုံးချင်းအိမ်နဲ့လည်းနေရပြီး လစဉ်ထွက်ငွေလည်းပိုနည်းမလားဆိုတာမျိုး စဉ်းစားရပါမယ်။ အလားတူပဲဲ လုံးချင်းအိမ်က နှစ်အနည်းငယ်မှာတစ်ခါပြန်ပြင်ရတဲ့ စားရိတ်တွေ၊ ရေစင်ပျက်လို့ပြင်ရတာ​တွေ စတဲ့ ကုန်ကျစားရိတ်တွေရှိမှာဖြစ်​ပြီး တိုက်ခန်းက အထူးတလည်ပြန်လည်ပြင်ဆင်နေစရာမလိုတဲ့အတွက် ကုန်ကျစားရိတ်ပိုသက်သာမလားဆိုတာမျိုးလည်း စဉ်းစားသင့်ပါတယ်။ 

အဓိကအရေးအကြီးဆုံးကတော့ ကိုယ်နေမယ့်အိမ်ဟာ ကိုယ့်ရဲ့အလုပ်အကိုင်၊ လူနေမှုဘဝစတာတွေဲနဲ့အဆင်ပြေဖို့လည်းလိုသလို တကယ့်အိမ်လို့ နွေးနွေးထွေးထွေးခံစားရဖို့လည်းလိုပါတယ်။ အလုပ်တွေ၊ဘဝပေးတာဝန်တွေနဲ့ပင်ပန်းရတဲ့တစ်နေ့တာရဲ့အဆုံးမှာ နားခိုရမယ့်နေရာဟာ ဒီအိမ်ကလေးပဲဖြစ်တာကြောင့်ပါ။ လူတိုင်း ကိုယ်နေချင်တဲ့အိမ်လေးနဲ့ ပျော်စရာမိသားစုဘဝလေးပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 
    
နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ ShweProperty Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ကတိစာချုပ်များနဲ့ မှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာ

အိမ်နဲ့ခြံ အမွေပေးမယ်ဆိုရင် မှတ်ပုံတင်စာချုပ်ပါ ချုပ်ဆိုဖို့လို

အိမ်ခြံမြေအလဲအထပ်လုပ်တော့မယ်ဆိုရင် ဒါတွေကြိုသိထားမှဖြစ်မယ်နော်

အိမ်ခြံမြေဝယ်လျှင် အထူးသတိပြုရမည့် စာရွက်စာတမ်း အတုများ

Posted By : Ra Wai (ShweProperty.com)