မြေမှာ ဂရမ်မြေ၊ လယ်ယာမြေ၊စလစ်မြေ၊ ဥယျာဉ်ခြံမြေ၊ ရွာမြေ၊ မြေလွတ်၊ မြေရိုင်း၊ဘိုးဘွားပိုင်မြေ စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဒီထဲမှာ ပိုင်ဆိုင်မှု အခိုင်မာဆုံးနဲ့ ဈေးအကြီးဆုံးကတော့ ဂရမ်မြေပါပဲ။ ဒါပေမယ့် အခြားမြေတွေမှာလည်း ဂရမ်မြေနဲ့ယှဉ်ရင် ဈေးနည်းပေမယ့် သူ့ပိုင်ဆိုင်မှုနဲ့သူ ရှိပါတယ်။ ဒီထဲမှာ မြေလွတ်၊ မြေရိုင်းတွေကလည်း အရောင်းအဝယ် ဖြစ်နေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မြေလွတ်၊ မြေရိုင်းဝယ်ယူရာမှာ သိထားသင့်တဲ့ အကြောင်းအရာတချို့ကို sharing လုပ်ပေးချင်ပါတယ်။ 

တော်တော်များများ အမှတ်မှားတဲ့ တစ်ချက်က မြေလွတ်မြေရိုင်းနဲ့ လယ်ယာမြေက "အတူတူပဲ" လို့ သတ်မှတ်လိုက်ခြင်းပါပဲ။ တကယ်တော့ မြေလွတ်မြေရိုင်းနဲ့ လယ်ယာမြေက အမျိုးအစားခြင်းမတူသလို လုပ်ပိုင်ခွင့် ဥပဒေကလည်း သီးခြားစီဖြစ်ပါတယ်။ မြေလွတ်မြေလပ်ဆိုတာက ယခင်သီးစားခံယူ လုပ်ကိုင်ခဲ့ရာမှ အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားတဲ့မြေ၊ သီးစားလုပ်ကိုင်သူ မရှိတဲ့ စိုက်ပျိုးရေးမြေ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နိုင်တဲ့မြေ၊ နိုင်ငံတော်က သီးသန့်သတ်မှတ်ထားတဲ့မြေ အမျိုးအစား ဖြစ်ပါတယ်။ 

မြေရိုင်းကတော့ ရှင်းပါတယ်။ သစ်ပင်၊ ဝါးပင် ခြုံနွယ်များ ပေါက်ရောက်နေပြီး မြေမျက်နှာ ညီညာသည်ဖြစ်စေ၊ မညီညာသည်ဖြစ်စေ တစ်ကြိမ်တစ်ခါမှ လူလုပ်ကိုင်အသုံးပြုခြင်း မရှိတဲ့ မြေ၊ တောရိုင်းမြေကို ဆိုလိုပါတယ်။ အဲဒီမြေရိုင်းမှာ ကြိုးဝိုင်းသစ်တောမြေ၊ စားကျတ်၊ အင်းအိုင် တွေ ပါဝင်ပါတယ်။ 

ဥယျာဉ်ခြံမြေကတော့ ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးတဲ့ မြေအမျိုး အစားဖြစ်ပါတယ်။ လူနေရပ်ကွက်နဲ့ ဆက်စပ်နေတာမျိုးရှိတတ်တယ်။ ဒါကြောင့် လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုခွင့်လျှောက်ထားပြီး လူနေရပ်ကွက်၊ လူနေအဆောက် အအုံဆောက်လုပ်နေတာမျိုးတွေ လုပ်ပိုင်ခွင့်ရှိတယ်။ ပြီးတော့ လွှဲပြောင်း ရောင်းချခွင့်ရှိပါတယ်။



 မြေလွတ်မြေရိုင်းမှာ စီးပွားရေးလုပ်မယ်ဆိုရင် သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီမှာ လျှောက် ထားပြီး စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနဲ့၊ အစိုးရကခွင့်ပြုထားတဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ အခြား လုပ်ငန်းတွေ လုပ်ဆောင်ခွင့် ရှိပါတယ်။  မြေလွတ်မြေ လပ်နဲ့မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ-၁၀ အရ သက်ဆိုင်ရာစီမံခန့်ခွဲ ရေးကော်မတီတွေဖြစ်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ပြည်ထောင်စု နယ်မြေစီမံခန့်ခွဲရေးကော်မတီတွေဟာ ကျေးလက်တောင်သူ လယ်သမားများ၊ မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင် လိုသူတွေအတွက် ဧက (၅၀) ထက်မပိုစေဘဲ လုပ်ပိုင်ခွင့်ကို ခွင့်ပြုနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မူလက စိုက်ပျိုး မွေးမြူရေးမလုပ်ခဲ့ရင်လည်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ရင်းနှီးလုပ်ကိုင်လိုလျှင် လျှောက်ထား ရယူပိုင်ခွင့်ရှိပါတယ်။

ဒါပေမယ့် လယ်ယာမြေလို အခြားနည်းပြောင်းလဲဆောင်ရွက်ခွင့် မရှိတဲ့အတွက်၊ လူနေအိမ် ဆောက်လုပ်နေထိုင်ခွင့် မရှိပါဘူး။ ဒီအချက်ဟာ အဓိကကွာခြားတဲ့ အချက်ဖြစ်ပါတယ်။ 

အရေးကြီးတဲ့နောက်တစ်ချက်ကတော့ မြေလွတ်မြေရိုင်းကို ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်မရရှိဘဲ အငှားချထားတာ၊ ပြန်လည်ရောင်းချတာ၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းနဲ့ လွဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်း မပြုရပါဘူး။ နောက်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှု မရှိရင်လည်း မြေကို နိုင်ငံတော်က ပြန်လည်သိမ်းယူနိုင်ပါတယ်။

ဒါဆိုရင် မြေလွတ်မြေရိုင်းဝယ်မယ့်သူတွေအတွက် စဉ်းစားစရာတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ စာဖတ်သူမိတ်ဆွေများ မြေကောင်းယာကောင်း ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။

Written By : Lily (ShweProperty.com)