ကျေးရွာမြေ(ရွာမြေ) တွေဟာ တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြားထားတာမျိုး၊ မြေစာရင်းဌာနမှာ ပုံထုတ်ထားတာမျိုး မရှိတတ်ပါဘူး။ မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထားခြင်း မရှိတာကြောင့် ရွာမြေက ပိုင်ဆိုင်မှု ခိုင်မာပါ့မလားဆိုပြီး စိုးရိမ်ကြရတာရှိပါတယ်။ 
 
ဒါက ခေတ်အဆက်ဆက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ် လောက်ကိုသာ မြေပုံရေးဆွဲ ထားကြလို့ ပုံထုတ်ထားတာမျိုး မရှိတာပါ။ ရွာအတွင်း တစ်ကွက်ချင်း မြေတည်နေရာ မြေရာဇဝင် ကွင်းအမှတ်၊ အကွက်အမှတ် မြေအကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိတတ်တာကြောင့် ပိုင်ဆိုင်မှု ခိုင်မာဖို့ ဆိုရင် ဂရန် လျှောက်ထားမှသာ ရမှာပါ။ ဂရန်လျှောက်ထားရာမှာလည်း  မြေပုံ နဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ လျှောက်လို့ရတာကြောင့် အခက်တွေ့ကြတာ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကျေးရွာမြေ ဂရမ်ရဖို့ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ရှင်းပြသွားမှာ ဖြစ်ပါတယ်။ 
 
 ကျေးရွာ မြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ၊ ပိုင်ဆိုင်မှု မှတ်တမ်း ရရှိအောင် ဘယ်လို လုပ်ထားသင့်သလဲ ဆိုရင် ကျေးရွာဂရမ်ရရှိအောင်လုပ်ခြင်းနဲ့ လယ်ယာမြေမှ ကင်းလွတ်အောင်လုပ်ခြင်းဆိုတဲ့ အချက်၂ ခု ရှိပါတယ်။
 
ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်း အတွက်သာ ဂရန်ပေးဖို့ ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာတော့ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးမှာရှိတဲ့ အိမ်ကွက်တွေကို ကျေးရွာ ဂရန်ပေးတဲ့ စီမံချက် ရှိရင် ပိုင်ဆိုင်မှု မှတ်တမ်းဂရန် တစ်ခု ရရှိနိုင်မှာ ဖြစ်ပါတယ်။ 



ကျေးရွာဂရမ်ရရင် ဘာလုပ်လို့ရလဲ။ 
ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်။ ဘဏ်မှာ အပေါင်ထားလို့ရတယ်၊ ဒါပေမယ့် မြေခွန်ဆောင်ရပါမယ်။ 

ဒုတိယ အချက် - လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက် လက်မှတ် ရယူခြင်း 

ဒါကတော့ ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက် ဥပဒေ ပုဒ်မ ၃(ခ)အရ လယ်ယာမြေလို့ သတ်မှတ်ထားတဲ့ မြေအမျိုးအစားအတွက် မြေစာရင်းဌာနမှ ထုတ်ပေးတဲ့ လယ်ယာမြေ မဟုတ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားရယူခြင်း ဖြစ်ပါတယ်။  ၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) မှာ "လယ်ယာမြေဆိုတဲ့ စကားရပ်မှာ မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနဲ့ ပရဝဏ်များ၊ အများပိုင်ဆိုင်ပြီး စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင်" လို့ ဆိုထားတာကြောင့် အဆိုပါမြေတွေအတွက်ကတော့ လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက် လက်မှတ် 3 A Certificate ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် 3 A Certificate ထုတ်ပေးဖို့ ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှာ လုပ်ထုံးလုပ်နည်း ထုတ်ပြန် ဆောင်ရွက်နေပေမယ့် ကျန်ဒေသတွေအတွက်တော့ ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးတာကြောင့် သက်ဆိုင်ရာ ဌာနမှ ညွှန်ကြားချက်ရယူဖို့သာ ရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေ အဆင့်ဆင့်သွားပြီးရင်တော့ ရွာမြေကို ပိုင်ဆိုင်မှု ခိုင်မာတဲ့ မြေအဖြစ် ပြောင်းလဲနိုင်ပြီဖြစ်ပါတယ်။ 

မိတ်ဆွေများအားလုံး အိမ်ကောင်း၊ ယာကောင်း၊ ခြံကောင်းတွေ ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်။


Written By : Lily (ShweProperty.com)