ခုနောက်ပိုင်း လယ်ယာမြေမှာ အိမ်ဆောက်ခြင်းကြောင့် အိမ်တွေဖျက်ခံရတာမျိုး ခပ်စိပ်စိပ် ကြားလာရပါတယ်။ မခိုင်မာတဲ့ မြေကို အကြောင်းအမျိုးမျိုးကြောင့် ရွေးချယ်မိပြီး အိမ်ကြီးရခိုင် ဆောက်မိတဲ့အခါ ဖျက်ရပြီဆိုရင် အလွန်နှမြောစရာ ကောင်းပါတယ်။ ဒါကြောင့် အချိန်မလွန်ခင် မဆုံးရှုံးသင့်တာ မဆုံးရှုံးရစေဖို့ လယ်ယာမြေနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

လယ်ယာမြေဆိုတာ ဘာလဲ? 

လယ်ယာမြေ ဆိုတာဟာ လယ်စိုက်ပျိုးခြင်း၊ ယာခင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း စတဲ့ စီးပွားဖြစ် သီးနှံများ စိုက်ပျိုးခြင်းအတွက်သာ ခွင့်ပြထားတဲ့ မြေအမျိုးအစား ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က ပြဌာန်းတဲ့ လယ်ယာမြေ ဥပဒေအရ လယ်ယာမြေမှာ လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေ၊ ဥယျာဉ်ခြံမြေ၊ မြေနုကျွန်း မြေများ ပါဝင်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ 

လယ်ယာမြေ ဥပဒေပုဒ်မ-၉ အရ လယ်ယာမြေ လုပ်ပိုင်ခွင့် ရသူဟာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လွှဲပြောင်းရောင်းချ၊ ပေါင်နှံ၊ ငှားရမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒါဟာလည်း လယ်ယာမြေလုပ်ပိုင်ခွင့်ကိုသာ လွှဲပြောင်းရောင်းချခြင်း ဖြစ်ပါတယ်။ 



လွှဲပြောင်းရောင်းချရာမှာ သက်ဆိုင်ရာက လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ထုတ်ပေးထားပြီး ပုံစံ (၇) လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်နဲ့အတူ တွဲပြီး မြေစာရင်းပုံစံ (၁ဝ၅) လို့ ခေါ် တဲ့ မြေပုံမြေရာဇဝင် စာရွက်လည်း ပါရှိရမှာ ဖြစ်ပါတယ်။  ပုံစံ ၇ မရှိဘဲ အရပ်စာချုပ်နဲ့ ရောင်းဝယ်မယ် ဆိုရင်ကတော့ အဲဒါဟာ တရားမဝင်ပါဘူး။ အချိန်မရွေး ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါအပြင် ပုံစံ ၇ နဲ့ လယ်ယာမြေကို ရောင်းဝယ် လွှဲပြောင်းခဲ့ရင်လည်း လယ်ယာမြေဘဲ ဖြစ်နေဆဲမို့ အိမ်ဆောက်နေထိုင်လို့ မရပါဘူး။ 

အချို့ကလည်း လူနေရပ်ကွက်နဲ့ နီးတာကြောင့် အနှေးနဲ့အမြန် လူနေရပ်ကွက် ဖြစ်လာနိုင်တယ်ဆိုပြီး ဝယ်ယူအိမ်ဆောက်ကြတာ ရှိပါတယ်။ လယ်ယာမြေကို အိမ်ဆောက်နေမယ် ဆိုရင်တော့လယ်ယာမြေ ဥပဒေပုဒ်မ ၃ဝ (က) အရ၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ရဲ့ စိစစ် ထောက်ခံချက်နဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လယ်ယာမြေကို ဝယ်ယူမယ် ဆိုရင်တော့ သေချာစိစစ်ရွေးချယ်ပြီးမှ ဝယ်ယူတာ အကောင်းဆုံးပါပဲ။ အခုခေတ်မှာ အိမ်ပွဲစားတွေက အပြောကောင်းကောင်းနဲ့ ရောင်းတဲ့အခါ လယ်ယာမြေကို စိတ်ချယုံကြည်ပြီး မဝယ်ယူမိဖို့ သတိချပ်သင့်ပါတယ်။ 

Written By: Lily (ShwePropert.com)
Posted By : Ra Wai (ShweProperty.com)