အိမ်ဆိုတာ လုံခြုံမှုအကာအကွယ်ပေးထားတဲ့ အရိပ်အမြုံတစ်ခုလို့ လက်ခံယုံကြည်ထားကြပါတယ်။ အိမ်ပြန်ရောက်ရင် စိတ်ထဲလုံခြုံမှုကိုခံစားရသလို စိတ်လက်ပေါ့ပါးသွားကြတာ သဘာဝပါပဲ။ ဒါပေမယ့် ကိုယ့်အိမ်ထဲမှာရှိသမျှအရာတွေအားလုံးက မိတ်ဆွေစစ်တွေမဟုတ်ကြပါဘူး။ အကူအညီရတာ၊အသုံးဝင်တာမှန်ပေမယ့် အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့ အိမ်တွင်းရန်သူတွေပါဝင်နေပါတယ်။ ပစ္စည်း အရွယ်အစားသေးငယ်ရင်တောင် သတိမမူမိရင် အသက်အန္တရာယ်အထိဖြစ်လာနိုင်တဲ့ အနေအထားတွေရှိနိုင်ပါတယ်။

အိမ်မှာရှိနေကျပစ္စည်းတွေက အမြဲတမ်းပုံမှန်ဆို ဘာမှမဖြစ်ပေမယ့် အခန့်မသင့်ရင်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို သတိထားသင့်ပါတယ်။ ကိုယ့်မိသားစုမှာ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေရှိတယ်ဆို ပိုသတိထားရမှာပါ။ သတိဆိုတာ ပိုတယ်မရှိပါဘူး။

ဓါတ်ခဲပိစိလေးတွေ

အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓါတ်ခဲသေးသေးလေးတွေ(ဥပမာ -နာရီဓါတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေမျိုချမိနိုင်ပါတယ်။Nine-volt ဓါတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီးပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက်စတီးမျှင်ထွေးတွေလို သံသတ္ထုတွေနဲ့ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။

တီဗီ

ဘယ်သူမဆိုဖြစ်နိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေအတွက် ပိုသတိထားသင့်ပါတယ်။ တီဗီတွေကိုအောက်ခြေမငြိမ်တဲ့ ပရိဘောဂတွေပေါ် တင်မထားပါနဲ့။ အခန့်မသင့်လို့ပြုတ်ကျခဲ့ရင် အန္တရာယ်ရှိတဲ့အပြင် လျပ်စစ်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ အံဆွဲတွေပါတဲ့ တီဗီစင်တွေကိုလည်း သတိထားကိုင်တွယ်ပါ။

ဂက်စ်မီးဖို

ဂက်စ်မီးဖိုတွေက အိမ်တွေမှာ အသုံးဝင်တဲ့မီးဖိုချောင်အသုံးအဆောင်ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော၊ မီးဘေးအန္တရာယ်အတွက်ပါ သတိထားရမယ့်အထဲ ထိပ်ဆုံးကပါဝင်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့နဲ့ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အသုံးဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ်ထုတ်လွှတ်မှုကပြင်ပလေထုအတွက် လက်ခံနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းကထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် အလုံပိတ်အခန်းအတွင်းချက်ပြုတ်ရတာ ပုံမှန်ထက်ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ်ပိုစိတ်ပူရတာပါ။ ဒါ့ကြောင့် ဂက်စ်မီးဖိုနဲ့ချက်တဲ့အခါ အိမ်ထဲမှာ(မီးဖိုနဲ့မနီးကပ်ရပါ) ပန်ကာဖွင့်ထားပါ၊ဖြစ်နိုင်ရင် အိမ်ရှေ့ပြတင်းပေါက်တွေဖွင့်ထားပါ၊ မီးတောက်ကပြာလဲ့လဲ့ဖြစ်ရပါမယ်၊ လိမ္မော်ရောင်သန်းနေခဲ့ရင် မီးဖိုကိုသေချာစစ်ဆေးဖို့လိုနေပါပြီ၊ အရည်အသွေးစိတ်ချရတဲ့မီးဖိုနဲ့ဂက်စ်အိုးတွေကိုပဲသုံးပါ၊ ဂက်စ်အိုးနားမှာ မီးနဲ့ပတ်သက်တာ မယူလာပါနဲ့(ဥပမာ ဖယောင်းတိုင်)၊ ဂက်စ်အိုးနဲ့ပိုက်တွေလုံမလုံ၊ ယိုစိမ့်မှုရှိသလား အမြဲစစ်ဆေးပါ။




ဓါး

ဓါးမ၊ ဓါးချွန်၊ ဓါးအသေး စသည်ဖြင့် ဓါးအမျိုးပေါင်းစုံကို စနစ်တကျမထားဘဲ တစ်နေရာစီပစ်ထားမယ်ဆိုရင် အန္တရာယ်များနိုင်ပါတယ်။ အဲလောက်ဓါးတွေများဖို့ မလိုအပ်ဘဲ ဓါးထည့်စင်နဲ့ စီပြီးထားတာလည်း မတော်တဆတိုက်ချမိတာမျိုးသတိထားပါ။ ကလေးတွေမမီတဲေ့နရာမှာထားပါ။

ရေကန်

ရေကူးကန် သို့မဟုတ်ရေတွင်း၊ရေကန်တွေဟာ ကလေးတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။ရေတွင်း၊ရေကန်တွေတဝိုက်မှာရေညှိတွေနဲ့ချောမနေဖို့၊ သန့်ရှင်းနေဖို့ အမြဲဂရုစိုက်လုပ်ဆောင်နေသင့်ပါတယ်။ ဒါမှလူကြီးတွေပါ အန္တရာယ်ကင်းနိုင်မှာပါ။

ဆေး

အိမ်မှာဆေးတွေဆောင်ထားသင့်တယ်ဆိုပေမယ့် သိမ်းဆည်းတဲ့နေရာက အရေးကြီးပါတယ်။ ဆေးအမျိုးအစားတွေကို သီးခြားသပ်ရပ်စွာထားရှိပြီး ကလေးတွေမမီတဲ့နေရာမှာထားသင့်ပါတယ်။ မိသားစုထဲက တစ်ယောက်ယောက်ကဆေးမှားသောက်လိုက်တာ၊ ရက်လွန်ဆေးတွေကိုမစွန့်ပစ်မိလို့သောက်လိုက်မိတာ၊ ကလေးက ယူသောက်လိုက်တာတွေက ကိစ္စကြီးသွားစေနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်လိုတဲ့ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မသောက်ဖို့၊ဆေးခန်းကပေးလိုက်တာဆိုလည်း တခြားမိသားစုဝင်တွေရမ်းမသောက်မိစေဖို့ သီးခြားထားသင့်ပါတယ်။

မှို

မှိုအမှုန်သေးသေးလေးတွေကလေထုထဲပျံ့နှံ့သွားတဲ့အခါ အသက်ရှူလမ်းကြောင်းပြဿနာတွေ၊ ပန်းနာရင်ကျပ်နဲ့တခြားဓါတ်မတည့်မှုတွေဖြစ်လာနိုင်ပါတယ်။ ဘယ်ကမှိုလဲဆိုတော့ အိမ်က အစားအသောက်မှာတက်တဲ့မှို၊ အမှိုက်တွေမှာတက်တဲ့မှို၊ အိမ်မျက်နှာကြက် သို့မဟုတ် ကြမ်းပြင်ထောင့်မှာဖြစ်တဲ့မှိုဖြစ်ပါတယ်။ အရောင်စုံဖြစ်လာတတ်တဲ့မှိုအမှုန်လေးတွေက ကျန်းမာရေးအတွက် သိပ်အန္တရာယ်ကြီးပါတယ်။ ဒါ့ကြောင့် အိမ်မှာရေစိမ့်တာလိုမျိုး ယိုစိမ့်မှုတွေ၊ အစိုပြန်ခြင်းတွေကို အမြန်ဆုံးဖြေရှင်းပါ၊ ရက်လွန်အစားအစာတွေကိုလွှင့်ပစ်ပါ၊ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ပါ။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ရှောင်သင့်တဲ့ အိမ်သုံးသန့်ရှင်းရေးပစ္စည်းများ

ရေဆင်းပေါက်ကြောင့် သောကမရောက်စေချင်ရင် ဒီလိုပစ္စည်းတွေကို သတိထားပါ

မသိလိုက် မသိဘာသာ လုပ်မိနေတဲ့ မီးဖိုချောင်ထဲက စက်ဆုပ်ဖွယ်အမူအကျင့်များ

အိမ်မှာရှိတဲ့ ကျန်းမာရေးအန္တရာယ်တွေ

Credit By :hellosayarwon
Posted By :Chan Myae (ShweProperty.com)