''ပူးတွဲပိုင်ရှင်တစ်ဦး ကွယ်လွန်သွားရင် ဘယ်လိုဆောင်ရွက်ရမလဲဆရာ''
ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။
 
 ''အိမ်မြေဝယ်ထားတာရှိလို့လား''
ဟု စာရေးသူက မေးလိုက်ပါသည်။
 
''ဟုတ်ကဲ့ဆရာ၊ မြေတစ်ကွက် ဝယ်ထားတာဆရာ။ အိမ်ကတော့ ပျဉ်ထောင်အိမ်သေးသေးပါ''
''စရန်ငွေ ပေးထားသလား''
''စရန်ငွေ ပေးစဉ်ကတော့ ပိုင်ရှင် ၂ ဦးလုံး ရှိတယ်ဆရာ။ အခု ငွေအပြီးချေဖို့ကိစ္စကြတော့။ ကွယ်လွန်သူတွေရဲ့ ဝေစုကို ဘယ်သူ့ထံပေးရမလဲဆိုတာ အခက်အခဲရှိနေတယ်''
''သတင်းစာထဲ ထည့်ကြေညာခဲ့တာရှိလား''
''သတင်းစာထဲမှာ ထည့်ကြေညာစဉ်က ပူးတွဲပိုင်ရှင် ၂ ဦးလုံး ရှိနေတယ်ဆရာ။ ကန့်ကွက်သူ မရှိခဲ့ဘူူး''
''အင်းပေါ့လေ၊ ကွယ်လွန်တာက အခုမှဆိုတော့ ကန့်ကွက်သူ မပေါ်ခဲ့ဘူးပေါ့။ အခုအချိန်မှာ ကန့်ကွက်သူ ပေါ်လာလို့လား''
''ကန့်ကွက်သူတော့ မပေါ်ပါဘူးဆရာ။ ဒါပေမယ့် ကျန်ငွေကို ပူးတွဲပိုင်ရှင်ကိုပဲ ပေးရမလား။ ကွယ်လွန်သူရဲ့ မိဘကို ပေးရမလားဆိုတာ ဝေခွဲမရဖြစ်နေလို့''
''ပူးတွဲပိုင်ရှင် ကွယ်လွန်သွားရင်တော့ ကွယ်လွန်သူရဲ့ သားသမီး ဇနီး စတဲ့ တိုက်ရိုက်အဆက်နွယ်ရှိရင်တော့ ထိုသူတို့က ကွယ်လွန်သူရဲ့နေရာမှာ ပူးတွဲပိုင်ရှင်အဖြစ် ဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်'' 



''ကွယ်လွန်သွားတဲ့သူက လူပျိုလို့ ပြောတယ်ဆရာ''
''ဒါဆိုရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့။ ပူးတွဲပိုင်ရှင်အချင်းချင်းက ဆွေမျိုးတော်ကြလား''
''ဟုတ်ကဲ့ ဆရာ၊ မောင်နှမ ၂ ယောက်ပါ''
''မြေပိုင်ရှင်က မောင်နှမ ၂ ဦး ပူးတွဲပိုင်ရှင်တွေပေါ့။ မောင်နှမဆိုလို့ မောင်နှမအရင်းတွေပဲလား''
''ဟုတ်တယ်ဆရာ။ သူတို့ပြောစကားအရတော့ မောင်နှမအရင်းလို့ သိရပါတယ်။
''မောင်နှမ ၂ ယောက်ပေါင်းပြီး ဝယ်ထားတာလား''
''မဟုတ်ဘူး ဆရာ။ အမေဖြစ်သူက အပေးစာချုပ်နဲ့ ပေးကမ်းထားတာဆရာ''
''မေတ္တာနဲ့ ပေးကမ်းခြင်းဆိုတော့ ပေးကမ်းစာချုပ်က မှတ်ပုံတင်စာချုပ်စာတမ်းနဲ့ ပေးကမ်းထားတာလား''
''ဟုတ်တယ်ဆရာ။ စာချုပ်စာတမ်းမှတ်ပုံတင် ပြုလုပ်ချုပ်ဆိုထားတာ တွေ့ခဲ့ရပါတယ်''
''ဒါဆိုရင် မြေအမည်ပေါက်လည်း ပြောင်းပြီးပြီပေါ့''
''မြေအမည်ပေါက်တော့ မပြောင်းရသေးဘူးဆရာ။ အမေကြီးအမည်ပေါက် ဖြစ်နေသေးတယ်''
''အခြား ညီရင်းညီမတွေ ရှိသေးလား။ မောင်နှမ ၂ ယောက်တည်း ရှိတာလား''
''သူတို့ ပြောစကားအရတော့ ဒီမောင်နှမ ၂ ယောက်တည်းပဲရှိတာလို့ ပြောပါတယ်''
''အပေးစာချုပ်ပြုလုပ်ပေးတယ်ဆိုရင် များသောအားဖြင့် သားသမီးအားလုံးထဲက တစ်ဦးတစ်ယောက်ကို ပေးတာမျိုးရှိတတ်တော့ သေချာစုံစမ်းဖို့ိတော့ လိုတယ်''
''သတင်းစာထဲ ကြေညာစဉ်ကလည်း ကန့်ကွက်သူမရှိဘူး။ ပြီးတော့ အမည်ပေါက် မိခင်ကြီးကလည်း ရှိသေးတယ်''
''မိခင်ကြီးက စိုးရိမ်ပြီး အပေးစာချုပ် ချုပ်ထားခဲ့တာထင်တယ်''
''သူတို့ ပြောပြချက်အရတော့ ဖခင်ကြီးနဲ့ မိခင်ကြီးက ကွဲနေကြတာလို့ ပြောတယ်။ ဖခင်ကြီးက နောက်အိမ်ထောင်ပြုသွားတာဆရာ''
''ဖခင်ကြီးက သက်ရှိထင်ရှားရှိသေးလား''
''ဖခင်ကြီးက ကွယ်လွန်သွားပြီ ပြောတယ်။ ကွာရှင်းစဉ်က အခုအိမ်နဲ့ မြေကို မိခင်ကြီးက ပိုင်ဆိုင်ခွဲဝေလိုက်တာလို့ ပြောပါတယ်''
''ဒါဆိုရင်တော့ ဖခင်ကြီးအပိုင်းကို စဉ်းစားဖို့ မလိုတော့ဘူးပေါ့''
''မိခင်ကြီး သက်ရှိထင်ရှားရှိနေတော့ သားရဲ့ဝေစုကို မိခင်ကြီးက ရပိုင်ခွင့်ရှိမှာပေါ့''
''ပူးတွဲပိုင်ရှင်က မောင်နှမအရင်းဖြစ်နေတော့ ပူးတွဲပိုင် ကျန်မောင်နှမကပဲ အမွေဆက်ခံခွင့်ရှိမှာဖြစ်တယ်''
''မိခင်ကြီးက သူ့ပိုင်ပစ္စည်းကို ပေးထားတာဆိုတော့ သူပဲရပိုင်ခွင့်ရှိတယ် မဟုတ်လား''
''သာမန်အားဖြင့်ကြည့်ရင်တော့ ဟုတ်သလိုပဲ။ ဒါပေမယ့် မေတ္တာနဲ့ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်အရ သားနဲ့သမီးက ပူးတွဲပိုင်ရှင်ဖြစ်သွားတယ်။

ပြီးတော့ အဲဒီသားနဲ့သမီးက မိခင်နဲ့အတူ နေကြတယ်။ တစ်နည်းအားဖြင့် ပေးကမ်းလိုက်တဲ့ အိမ်မြေကို လက်ခံသူ ၂ ဦးလုံးက လက်ရှိနေထိုင်နေတာကြောင့် လက်ရောက်ပေးအပ်တဲ့သဘော သက်ရောက်သွားတယ်''
''ဒါဆိုရင် မိခင်ကြီးက အမည်ပေါက်နေပေမယ့် ပိုင်ဆိုင်ခွင့် မရှိတော့ဘူးပေါ့''
''မြေအိမ်အမည်ပေါက်က အမည်ပြောင်း မလျှောက်ထားခဲ့လို့ မိခင်အမည်နဲ့ ရှိနေတာ။ ဥပဒေအရတော့ ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ်အရ ကွယ်လွန်သူ သားနဲ့ ကျန်ရစ်တဲ့ သမီးတို့ကသာ ပူးတွဲပိုင်ရှင်ဖြစ်ပါတယ်''
 


 ''ဆရာပြောသလိုဆိုရင် ကွယ်လွန်သူအစ်ကိုရဲ့ ဝေစုကို ပူးတွဲပိုင်ရှင် ညီမကပဲ ရမယ်လို့ ဆိုလိုတာပေါ့''
 
 ''မှန်ပါတယ်။ မြန်မာဓလေ့ထုံးတမ်းဥပဒေမှာ ကွယ်လွန်သူရဲ့ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ မြေး၊ မြစ် အစရှိသော တိုက်ရိုက်အဆက်အနွယ်များ၊ ကိတ္တိမသားသမီး၊ လင်ပါမယားပါ သားသမီးနှင့် ကိဠိတသားသမီး အစရှိသူများမရှိလျှင် -
 
 (၁) ညီအစ်ကို မောင်နှမ၊
(၂) မိဘ၊
(၃) ဘိုးဘွား၊
(၄) တူ တူမများ၊
(၅) ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး၊
(၆) တူ တူမများ၏ သားသမီးများ
စသဖြင့် အဆင့်ဆင့်အမွေ ဆက်ခံခွင့်ကို သတ်မှတ်ထားပါတယ်''
 
 ''ဥပဒေအရဆိုရင် ကွယ်လွန်သူရဲ့ အမွေကို ညီအစ်ကိုမောင်နှမက မိဘထက် ဦးစွာရနိုင်တဲ့ သဘောပေါ့''
''ဟုတ်ပါတယ်။ မနှင်းဘွင့်နှင့် ဦးရွှေဂုဏ် အောက်မြန်မာစီရင်ထုံး၊ အတွဲ(၁) စာမျက်နှာ(၁) အမှုမှာ ကွယ်လွန်သူနှင့်အတူနေထိုင်သူ အစ်မက တစ်ဖက်၊ ဖခင်က တစ်ဖက် အမွေလုရာ အစ်မဖြစ်သူက ရရှိသည်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ ကိစ္စမှာ ညီမဖြစ်သူက ကွယ်လွန်သူအစ်ကို လူပျိုရဲ့ အမွေကို ဆက်ခံခွင့်ရှိမှာဖြစ်ပါတယ်''
 
 ''ဒါဆိုရင် ညီမနဲ့ပဲ အရောင်းအဝယ်စာချုပ် ချုပ်ရမှာပေါ့'' 
 
''ညီမဖြစ်သူက အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီး မိတ်ဆွေတို့နဲ့ အရောင်းအဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရမှာဖြစ်ပါတယ်။ တစ်ခုထူးခြားနေတာက အမည်ပေါက်က သက်ရှိထင်ရှားရှိတဲ့ မိခင်အမည်ပေါက်နေတော့ မိခင်နဲ့ တိုက်ရိုက်အရောင်းအဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုနိုင်တဲ့ အခွင့်အရေးရှိတာမို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်''ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
 
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
ပါမစ်မြေနဲ့ ဂရန်မြေ ဝယ်မယ်ဆိုရင် သတိပြုစရာ
 
ပါမစ်မြေ ဝယ်ယူခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
 
ပုံစံ ၁၀၅ ဆိုတာဘာလဲ ။ ပုံစံ ၁၀၅ နဲ့ မြေယာအရောင်းအဝယ် လုပ်နေကြတာ တရားဝင်ပါသလား ။ ပိုင် ဆိုင်မှုခိုင်မာပါသလား
 
မြေယာနှင့် အဆောက်အအုံများ အဝယ်မမှားစေဖို့
 
Credit By: ထီယု (ဥပဒေအတိုင်ပင်ခံ)
Posted By: Ra Wai, ShweProperty.com