အိမ်မှာဆန်တွေဝယ်ပြီးထားတာ ကြာလာရင် ပိုးကောင်တွေတက်တာ ဆန်တွေမည်းလာတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့လိုမျိုးတွေ မဖြစ်ရအောင် အခုဖော်ပြပေးတဲ့ အချက်လေးတွေ အတိုင်းထိန်းသိမ်းကြပါ။
 
၁ နေရောင်ခံပေးပါ
 
ဆန်တွေမှာ အနက်ရောင်ပိုးကောင်လေးတွေ အများကြီးတက်နေပြီဆိုရင် နေရောင်ထဲမှာ ၃ နာရီ ၄ နာရီလောက်ထားပေးလိုက်ပါ။နေအပူက ပိုးတွေကို သေစေနိုင်ပါတယ်။တချို့ကျတော့ ချက်ခါနီးမှ နေပြပြီးချက်တတ်ကြပါတယ်။ပိုးကောင်နည်းနည်းလေးဆိုရင်တော့ ခဏလောက်ပဲနေပြလိုက်ရင် ပိုးကောင်တွေ ကင်းဝေးသွားမှာပါ။
 
၂ ငရုပ်သီးခြောက်ထည့်ထားပါ
 
ဆန်ပုံးကို လေအလုံပိတ်ထားတဲ့အခါမှာ ငရုပ်သီးခြောက်ကိုရောပြီးထည့်ထားပါ။ငရုပ်သီးခြောက်ရဲ့ အနံ့ကို ပိုးမွှားတွေက မခံနိုင်တဲ့အတွက် ဆန်ပိုးတွေမလာနိုင်ပါဘူး။ငရုပ်သီးခြောက်လိုပဲ ငရုပ်ကောင်းစေ့နဲ့ လေးညှင်းပွင့်ကို ပြောင်းထည့်လို့လည်းရပါတယ်။



၃ တမာရွက်ထည့်ပေးပါ
 
တမာရွက်ကို ဆန်အပေါ်မှာ အုပ်ထားမယ်ဆိုရင် ပိုးမွှားတွေမလာနိုင်ပါဘူး။တမာရွက်ကို ပိုးမွှားတွေကြောက်တဲ့အတွက် တချို့ဆိုရင် အင်္ကျီတွေထားတဲ့နေရာမှာပါ တမာရွက်လေးတွေထားတတ်ကြပါတယ်။
 
၄ ဆန်ပုံးကိုနေရာသေချာချပါ
 
ဆန်အိတ် ဒါမှမဟုတ် ဆန်ပုံးကို နေရောင်တိုက်ရိုက်ထိတွေ့စေမယ့်နေရာမှာမထားရပါဘူး။မှောင်ပြီး ခြောက်သွေ့တဲ့နေရာမှာထားဖို့အသင့်တော်ဆုံးပါ။စိုစွတ်တဲ့နေရာမှာထားမိမယ်ဆိုရင်လည်း ဆန်တွေကို ပျက်စီးစေနိုင်သလို ပိုးမွှားတွေလည်း ရှင်သန်စေနိုင်ပါတယ်။
 
၅  ဆန်ကိုဘာနဲ့ထည့်ထားရမလဲ
 
အကောင်းဆုံးကတော့ ဆန်ထည့်တဲ့အခါမှာ အရည်အသွေးကောင်းတဲ့ ပလပ်စတစ်ပုံးတွေနဲ့ ထည့်သင့်ပါတယ်။လုံအောင် ပိတ်ထားလို့လဲရသလို လေလည်းလုံပါသေးတယ်။
 
ဆန်ကိုစနစ်တကျနဲ့ နေရာကောင်းမှာ သေချာသိမ်းထားမယ်ဆိုရင် ပိုးတွေရန်ကနေ ကင်းဝေးစေနိုင်မှာပါ။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
 
အိမ်မှာ ဆပ်ပြာတုံးကို အကျိုးရှိရှိဘယ်လို အသုံးချမလဲ
 
အိမ်တိုင်းလိုလိုမှာ တွေ့ရတတ်တဲ့ ပိုးမွှားတိရစ္ဆာန်တွေကို သုတ်သင်ရှင်းလင်းနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းလေးများ
 
အချိန်ဘယ်လောက်ကြာရင် အိမ်တွင်းပစ္စည်းတွေကို သန့်ရှင်းသင့်သလဲ?
 
Credit By: Myanma Platform
Posted By: Ra Wai, ShweProperty.com