ဒီနေ့တော့ ShweProperty ရဲ့ စာဖတ်သူတွေကို ဘောလုံးပရိသတ်တွေရဲ့ အသည်းစွဲ ကစားသမားတစ်ယောက်ဖြစ်သလို အချမ်းသာဆုံး စာရင်းဝင်ဘောလုံးကစားသမားလည်းဖြစ်တဲ့  Lionel Messi ရဲ့ တန်ဖိုးကြီးမားပြီး လှပကျယ်ဝန်းတဲ့ ဇိမ်ခံအိမ်ကြီးကို အလည်ခေါ်သွားချင်ပါတယ်။ 

Lionel Messi  ရဲ့ ယူရို (၅.၅) သန်းတန် တန်ဖိုးကြီးဇိမ်ခံအိမ်ကြီး

Balearic ပင်လယ်ကြီးကို လှမ်းမျှော်ကြည့်ရင်း အပန်းဖြေအနားယူနိုင်တဲ့ Lionel Messi  ရဲ့ အိမ်ကြီးကို (၂၀၁၀) တုန်းက ဝယ်ယူခဲ့တာဖြစ်ပြီး တန်ဖိုးငွေ ယူရိုငွေ (၅.၅) သန်းတန် တန်ဖိုးရှိပါတယ်။သူ့ရဲ့အိမ်ကြီးဟာ Camp Nou ဘောလုံးကွင်းနဲ့ (၁၂) မိုင်အကွာအဝေး လေယာဉ်ပျံသန်းသွားလာခွင့်မရှိတဲ့နယ်မြေမှာ တည်ရှိပြီး Messi ဟာ အင်စတာဂရမ်မှာ သူ့ရဲ့အိမ်ကြီးကို မကြာခဏထုတ်ကြွားလေ့ရှိပါတယ်။ 

အိမ်ကြီးရဲ့ ဖွဲ့စည်းပုံ

Messi ရဲ့ အိမ်ကြီးထဲမှာဆိုရင် ကိုယ်ပိုင်ဘောလုံးကွင်းငယ်လေးလည်းရှိပြီး ကျယ်ဝန်းလှပတဲ့ ရေကူးကန်၊ အားကစားခန်းမ၊ ကိုယ်ပိုင်ရုပ်ရှင်ရုံနဲ့ သူ့ရဲ့ ကလေးလေးတွေအတွက် ကစားကွင်းတစ်ခုပါ ပါဝင်ဖွဲ့စည်းထားပါတယ်။ Messi ဟာ သူ့ရဲ့ကလေးတွေနဲ့အတူ ဘောလုံးကွင်းထဲမှာ မကြာခဏဆော့လေ့ရှိပါတယ်။



Messi ရဲ့အိမ်ကြီးထဲမှာ သူ့ရဲ့ဘောလုံးအင်္ကျီတွေနဲ့အတူ နာမည်ကျော်ဘောလုံးသမားတွေရဲ့အင်္ကျီတွေစုစည်းထားရာ သီးသန့်အခန်းတစ်ခန်းရှိတဲ့အပြင် ဧည့်ခန်းဟာလည်း ကျယ်ဝန်းလှပပြီး Luxury ဆန်မှန်းသိသာစေတဲ့ Sofa တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အနွေးဓာတ်ရနေစေတဲ့ မီးလင်းဖိုတစ်ခုလည်းရှိပြီး တီဗီကြည့်ရတာနှစ်သက်တဲ့ Messi တို့မိသားစုအတွက် နွေးထွေးစွာအနားယူနိုင်မယ့် ဧည့်ခန်းလေးလည်း ဖြစ်ပါတယ်။

အိမ်နံရံတွေကို လှပဆန်းသစ်တဲ့ အညိုရောင်နဲ့ အသားရောင် ရောစပ်သုတ်ထားပြီး တစ်အိမ်လုံးကိုလည်း အညိုရောင်နဲ့ မီးခိုးရောင်ဖောက်ထားကာ ခမ်းနားပြီးတန်ဖိုးကြီးမားတဲ့ ဇိမ်ခံအသုံးအဆောင်ပစ္စည်းတွေနဲ့ ခေတ်မီတဲ့ဒီဇိုင်းအသွင် ပုံဖော်ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ လက်ရာကောင်းပြီး သေသပ်လှပတဲ့လှေကားတွေကလည်း အိမ်ကြီးရဲ့အလှကိုပံ့ပိုးပေးနေတာမြင်တွေ့ရမှာပါ။ 

Messi ဟာ ကားတွေလည်းစုဆောင်းရတာဝါသနာပါသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကားစီးရေ တန်ဖိုးတင် ယူရိုငွေ (၃) သန်းနီးပါးရှိပါတယ်။ ရှားပါးလွန်းတဲ့ Pagani Zonda ပြိုင်ကားတစ်စီးတင် ယူရိုငွေ ၁.၅ သန်းရှိပြီး Range Rover ၊ Maserati စတဲ့ တန်ဖိုးကြီးမားတဲ့ကားတွေကို အမြတ်တနိုး စုဆောင်းတတ်တဲ့ Greedy Collector တစ်ဦးပါ။ Messi က ကြေးမြင့်တဲ့ဘောလုံးကစားသမားတစ်ယောက်ပီပီ ယူရို (၁၂) သန်းတန် ကိုယ်ပိုင်ဂျက်လေယာဉ်လည်းပိုင်ဆိုင်ထားပြီး လေယာဉ်အမြီးမှာဆိုရင် သူအကြိုက်ဆုံး နံပါတ် (၁၀) ရေးထိုးထားပါတယ် ။ အဲဒီဂျက်လေယာဉ်ထဲမှာ သီးသန့်မီးဖိုချောင်တစ်ခု၊ရေချိုးခန်းအိမ်သာ ၂ ခန်း ၊ လူ ၁၆ ယောက်စာ ထိုင်ခုံတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ထိုင်ခုံတွေဟာ ခေါက်နိုင်ဆန့်နိုင်တဲ့အတွက် အိပ်ရာတွေအဖြစ်လည်း အသွင်ပြောင်းလဲနိုင်ပါသေးတယ်တဲ့။ ဒါ့အပြင် မိသားစုကို သံယောဇဉ်ကြီးတဲ့ Messi က လှေကားအတက်အဆင်းတွေမှာ အမျိုးသမီးနဲ့ ကလေးတွေရဲ့ နာမည်ကို ထည့်သွင်းရေးသားထားသေးတယ်လို့လည်းသိရပါတယ်။



အခုပြောပြသွားတာကတော့ နာမည်ကြီးဘောလုံးကစားသမား Messi ရဲ့ ယူရို (5) သန်းခွဲဝန်းကျင်ရှိတဲ့ တန်ဖိုးကြီး ဇိမ်ခံအိမ်ကြီးအကြောင်းပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရော  Team Messi လား၊ Team Ronaldo လား။  Messi လိုမျိုး အိပ်မက်ဆန်တဲ့ကမ်းခြေအိမ်ကြီးကို ပိုင်ဆိုင်ရဖို့ရော စိတ်ကူးယဉ်ဖူးကြလား။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ထဲကိုလာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

ဗိုလ်ကြီးတို့စုံတွဲ HYUN BIN နဲ့ SON YE JIN ရဲ့ မင်္ဂလာဦးအိမ်ကြီးကို အလည်သွားကြမယ်

လီမင်ဟိုပိုင်ဆိုင်တဲ့ US $4 သန်းကျော်တန်အိမ်ကြီးကို အလည်တစ်ခေါက်

စော်ကြည်ဘဲ LEONARDO ပိုင်ဆိုင်တဲ့ဒေါ်လာသန်းကျော်တန် အိမ်ကြီးတွေအကြောင်း

ကမ္ဘာ့အဝယ်လိုက်ဆုံး အိမ်ကြီးတွေအကြောင်း

Posted By : Ra Wai (ShweProperty.com)