လူအများစုက တိုက်ခန်းမှာ နေရတာကို နှစ်သက်ကြပါတယ်။ ခရီးခဏခဏထွက်တတ်တဲ့ တစ်ကိုယ်တည်းသမား သို့မဟုတ် ခြံဝန်းနဲ့နေရတာကို မနှစ်သက်တဲ့မိသားစု သို့မဟုတ် သက်ကြီးရွယ်အိုတွေကို ထားခဲ့ရတာ စိတ်မချတဲ့ လူတွေအတွက် တိုက်ခန်းရွေးချယ်မှုမှန်ကန်မှသာ ထိန်းသိမ်းပြုပြင်စရိတ်နည်းပါးပြီး သက်သောင့်သက်သာရှိတဲ့ လူနေမှုဘဝစတိုင်လ်ကို ပိုင်ဆိုင်နိုင်မှာပါ။


ဒါပေမယ့် ငှားတာပဲဖြစ်ဖြစ်၊ အပိုင်ပဲဖြစ်ဖြစ် တိုက်ခန်းမှာနေတဲ့လူတွေဟာ လုံခြုံရေးပြသနာတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုပြသနာတွေကို ဘယ်လိုကြိုတင်ကာကွယ်မလဲဆိုတာနဲ့ ပတ်သက်ပြီး အဓိက အရေးကြီးတဲ့ အချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။


၁။ လူအဝင်အထွက်စစ်ဆေးမှုရှိတဲ့ တိုက်ခန်းကို ရွေးချယ်ပါ။


တိုက်ခန်းဝယ်တဲ့အခါ ကျယ်ဝန်းတဲ့ ကြမ်းခင်းပုံစံ၊ ခေတ်မီမီးဖိုချောင်အပြင်အဆင်တွေကို ကြည့်ရမယ့်အပြင် လုံခြုံရေးအပြင်အဆင်ကိုပါ ထည့်စဉ်းစားသင့်ပါတယ်။ ကိုယ်ဝယ်မယ့် တိုက်ခန်းမှာ အကာအရံနဲ့ စစ်ဆေးရေးဂိတ်ရှိရဲ့လား။ ဝင်ပေါက်တွေကို သော့သေချာပိတ်ရဲ့လား။ လူအဝင်အထွက်စောင့်ကြည့်တဲ့ အင်တာကွန်းစနစ်တွေကောင်းရဲ့လား။


ကိုယ်ရွေးချယ်လိုက်တဲ့ တိုက်ခန်းမှာ လူအဝင်အထွက်သေချာစစ်ဆေးတဲ့ ပစ္စည်းကိရိယာတွေ ရှိနေဖို့ လိုပါတယ်။ ဧည့်ကြိုကနေ ဧည့်သည်အဝင်အထွက် စာရင်းအထိ စစ်ဆေးပုံအလွှာအဆင့်ဆင့် ရှိသင့်ပါတယ်။ ဒီလိုလုံခြုံရေးစနစ်ရှိတဲ့နေရာက အိမ်ငှားခဈေးကြီးတတ်တာကြောင့် ကိုယ်တတ်နိုင်တဲ့ လုံလောက်မယ့် ပမာဏကိုသာ ရွေးချယ်သင့်ပါတယ်။


၂။ ညီတူညီမျှအားထုတ်ကြိုးပမ်းမှုနဲ့ ဆက်သွယ်မှုလိုအပ်ပါတယ်။


ကိုယ်နေတဲ့တိုက်ခန်းမှာ အင်တာကွန်းစနစ်ရှိတယ်ဆိုရင် တိုက်ခန်းအတွင်းကနေ အရှေ့တံခါးကို လှမ်းဖွင့်လိုရပါတယ်။ ဒီလိုစနစ်ရှိတယ်ဆိုရင် အသုံးပြုတဲ့သူတွေကလည်း ကောင်းဖို့လိုအပ်ပါတယ်။ အမည်မဖော်နိုင်တဲ့သူစိမ်းတွေက တိုက်ခန်းကို ပုံမှန်ဝင်ထွက်နေတယ်ဆိုရင် အင်တာကွန်းစနစ်ရှိနေလည်း ဘာမှအသုံးမဝင်ပါဘူး။ တိုက်ခန်းလုံခြုံရေးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ တိုက်ခန်းမှာနေတဲ့လူတွေအားလုံးကို နားလည်အောင်ရှင်းပြထားဖို့လိုအပ်ပါတယ်။





၃။ တိုက်ခန်းတံခါးသော့တွေကို ပြောင်းပစ်ပါ။


တိုက်ခန်းအသစ်ဝယ်လိုက်ပြီဆိုတာနဲ့ အိမ်ပြင်ဘက်သော့တွေအားလုံးကို လဲပစ်လိုက်တာ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါပဲ။ ဒါပေမယ့်တိုက်ခန်းသစ်ဝယ်လိုက်တာမဟုတ်ဘဲ တိုက်ခန်းငှားတဲ့အခါ လူအများစုကသော့တွေကို လဲပစ်ဖို့ ဝန်လေးနေတတ်ကြပါတယ်။ ပိုင်ရှင်က သော့တွေကို လဲထားပြီးပြီလို့ပြောရင်တောင် သော့တွေကို လဲပစ်ဖို့လိုအပ်ပါတယ်။ ပိုင်ရှင်အများစုက အိမ်ငှားပြောင်းသွားတဲ့အခါ အိမ်ရာတစ်ခုတည်းက အခန်းသော့တွေကိုပဲ အလဲအလှယ်လုပ်ပစ်တတ်ကြပါတယ်။


ဒါကြောင့် အဲ့ဒီအိမ်ရာမှာ မကြာသေးခင်ကမှ နေသွားတဲ့ လူ တစ်ယောက်ယောက်က ကိုယ့်အခန်းသော့ကိုဖွင့်ဖို့ အလွယ်တကူနည်းလမ်းရှာနိုင်နေပါလိမ့်မယ်။ ပိုင်ရှင်က ရှိပြီးသားသော့တွေကို လဲခွင့်မပြုဘူးဆိုရင် အိမ်ဝင်ပေါက်တံခါးအတွက် သော့တစ်ချောင်းထပ်ထားဖို့ ခွင့်တောင်းလိုက်ပါ။ အိမ်ပိုင်ရှင်အများစုကတော့ သူတို့ကို သော့တစ်ချောင်းအပိုပေးထားမယ်ဆိုရင် ခွင့်ပြုပေးတတ်ကြပါတယ်။ ဒါဆိုရင် ပိုပြီးလုံခြုံစိတ်ချရတဲ့ အကောင်းစားသော့ကို ရွေးချယ်လိုက်ပါ။ ဖောက်ထွင်းချင်တဲ့လူတွေလည်း ဝေးဝေးက ရှောင်သွားကြပါလိမ့်မယ်။


၄။ ကားပါကင်နှင့် ဂိုထောင်လုံခြုံရေး


အပြင်ဘက်မှာပဲဖြစ်ဖြစ်၊ ဂိုထောင်ထဲမှာပဲဖြစ်ဖြစ် ကားပါကင်နေရာတွေက အလင်းရောင်မှိန်ပြီး သီးခြားစီဖြစ်နေမယ်ဆိုရင် အန္တရာယ်ရှိစေနိုင်ပါတယ်။ ပစ္စည်းခိုးမှုတွေရဲ့ ၁၀ ရာခိုင်နှုန်းကျော်လောက်က ကားပါကင်မှာဖြစ်လေ့ရှိတာလို့ လေ့လာဆန်းစစ်မှုတွေမှာ ဖော်ပြထားပါတယ်။


ကိုယ်နေတဲ့ တိုက်ခန်းမှာ ကားပါကင် သို့မဟုတ် ဂိုထောင်ရှိတယ်ဆိုရင် ၂၄ နာရီအချိန်ပြည့် မီးလင်းနေဖို့ လိုအပ်ပါတယ်။ နောက်ပြီးကားပါကင်ရဲ့ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်မှတ်တမ်းတင်နေမယ့် စီစီတီဗီကင်မရာလည်း ရှိနေသင့်ပါတယ်။ ဂိုထောင်ထဲမှာ လမ်းလျှောက်ရတဲ့အချိန်နဲ့ အကာအဝေးကို လျှော့ချဖို့ ဖြစ်နိုင်ရင် ဝင်ပေါက်နားမှာပဲ ကားရပ်ထားပါ။ တိုက်ခန်းမှာ ကိုယ့်အတွက် ကားဖို့ သီးသန့်နေရာလုပ်ပေးထားပြီးသားဆိုရင် ဝင်ပေါက်နားမှာ နေရာတစ်ခုထပ်တောင်းဖို့ ဝန်လေးမနေပါနဲ့။


၅။ မီးလောင်ရင် ကြုံရမယ့်အခြေအနေအတွက် ပြင်ဆင်ထားပါ။


ဘယ်မှာပဲနေနေ အကယ်၍ မီးလောင်ခဲ့မယ်ဆိုရင် အရေးပေါ်ထွက်နိုင်ဖို့ ကြိုတင်စီစဉ်ထားသင့်ပါတယ်။ အဆောက်အဦကြီးကြီး သို့မဟုတ် မြင့်မြင့်မှာနေတယ်ဆိုရင် အပြင်ကို မြန်မြန်ထွက်နိုင်ဖို့ဆိုတာ ထင်တာထက်တောင်ပိုခက်နေပါဦးမယ်။ မီးလောင်ရင်ထွက်မယ့်လမ်းကို ကြိုမပြင်ထားရင် အရေးကြုံတဲ့အခါ အသက်ပေးလိုက်ရနိုင်ပါတယ်။ အိမ်ရာအသစ်ကိုပြောင်းလာပြီဆိုရင် အရေးပေါ်ထွက်လမ်းကို ပိုင်ရှင်က နံရံမှာကပ်ထားတာပဲဖြစ်ဖြစ်၊ မြေပုံနဲ့ပြထားတာပဲဖြစ်ဖြစ် လုပ်ပေးထားတတ်ပါတယ်။ ဒါပေမယ့်ကိုယ်နေတဲ့တိုက်ခန်းမှာမရှိဘူးဆိုရင် အရေးပေါ်ထွက်မယ့်လမ်းကို ကိုယ်တိုင်ဆွဲထားဖို့လိုပါတယ်။





မီးလောင်တဲ့အချိန်မှာ ဓာတ်လှေကားသုံးမရတဲ့အတွက် ကိုယ့်အခန်းနဲ့ အနီးဆုံးလှေကားကို သိထားဖို့လိုအပ်ပါတယ်။ အပြင်မှာ အရေးပေါ်လှေကားရှိတဲ့ တိုက်ခန်းတစ်ခုမှာနေတယ်ဆိုရင် လှေကားကမြေကြီးပေါ်ရောက်တဲ့အထိ အန္တရာယ်ကင်းကင်းဆင်းလို့ရရဲ့လားဆိုတာ သေချာအောင် စစ်ဆေးထားပါ။ ကိုယ့်အခန်းမှာ မီးသတ်ဆေးဘူးလည်းထားဖြစ်အောင်ထားပါ။ အိမ်ရာမှာဆိုရင်လည်း မီးသတ်ဆေးဘူးနဲ့ မီးသတိပေးဘဲလ်ထားတဲ့နေရာကို သိအောင်လုပ်ထားပါ။


၆။ မီးခိုးနဲ့ ကာဗွန်မိုနောက်ဆိုဒ် ကိရိယာတွေထားပါ။


တိုက်ခန်းမှာ မီးခိုးအာရုံခံကိရိယာရှိတယ်ဆိုရင်တောင် တိုက်ခန်းမှာရှိတဲ့လူက ဘက်ထရီလဲပေးတာ၊ ပုံမှန်စစ်ဆေးပေးတာမျိုးတွေလုပ်ဆောင်သင့်ပါတယ်။ ကိုယ်နေတဲ့အခန်းမှာ ကာဗွန်မိုနောက်ဆိုဒ် အာရုံခံကိရိယာမရှိဘူးဆိုရင် ထပ်တပ်ဆင်လိုက်ပါ။ အထူးသဖြင့် ကိုယ်နေတဲ့အခန်းမှာ မီးဖို သို့မဟုတ် သဘာဝဓာတ်ငွေ့ ပုံမှန်အသုံးပြုတယ်ဆိုရင် ပိုတပ်သင့်ပါတယ်။ ဒီလိုအာရုံခံကိရိယာတွေကို နေ့စဉ်ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


မြေငှားဂရန် လျှောက်လွှာနှင့် ဥပဒေ ၊ နည်းဥပဒေကို ကျော်လွန်နေသော ညွှန်ကြားချက်များ


မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ


စပေါ်စနစ်နှင့် နှစ်ချုပ်စနစ် ခြားနားချက်


စက်မှုဇုန်မြေနေရာမှာ လုပ်ငန်းလိုင်စင်လျှောက်ထားမယ်ဆိုရင် ဘာတွေလိုအပ်မလဲ


Ref & Photo Credit: MM Home Decor
Posted By: Sint Sint (ShweProperty.com)