ယခုအခါ အိမ်ငှားနယ်ပယ်တွင် "စပေါ်" စနစ်သည် တစ်စတစ်စ လျော့ပါးသွားပြီး "နှစ်ချုပ်" စနစ်သည် ကျယ်ပြန့်စွာ နေရာယူလာသည်ကို တွေ့ရပါသည်။ယခင်ကဆိုလျှင် အိမ်ကောင်းလျှင် ကောင်းသလောက်၊အိမ်ညံ့လျှင် ညံ့သလို "စပေါ်ငွေ" များကို ခွဲခြား၍ ယူတတ်ပါသည်။ငှားရမ်းခမှာလည်း အိမ်အခြေအနေ၊ရပ်ကွက်အခြေအနေအလိုက် ကွဲပြားပါသည်။


ယခုအခါ မြို့ပြတိုက်ခန်းများ တိုးတက် များပြားလာပြီး တိုက်ခန်းများ ငှားရမ်းရာတွင် "စပေါ်" ဖြင့် ငှားရမ်းမှုသည် သိသိသာသာ လျော့ပါးသွားသည်ကို တွေ့ရပါသည်။ (၁)လလျှင် ၅၀၀၀၀ိ/-၊ ၁၀၀၀၀၀ိ/- ကျပ် စသည်ဖြင့် (၁)နှစ်အတွက် ငှားရမ်းခကို (၁)ကြိမ်တည်း ကြိုတင်ရယူကာ (၁)နှစ်သက်တမ်း "နှစ်ချုပ်" ငှားရမ်း လာကြသည်ကို တွေ့ရပါသည်။


"စပေါ်" စနစ်နှင့် "နှစ်ချုပ်" စနစ်၏ ခြားနားခြင်းများအနက် ခြားနားချက်တစ်ရပ်ကို တင်ပြပါမည်။"စပေါ်" စနစ်သည် အစဉ်အလာအားဖြင့် ငှားရမ်းကာလ သတ်မှတ်ချက် မရှိဟု ဆိုရပါမည်။"စပေါ်" ယူ၍ ငှားရမ်းထားသောစာချုပ်များတွင် ငှားရမ်းခကို ရပ်ဆိုင်းခြင်းကိစ္စနှင့် ပတ်သက်၍ "အိမ်ရှင်ကသော်လည်းကောင်း၊ အိမ်ငှားကသော်လည်းကောင်း မထားလို၊ မနေလိုပါက ၁ လ (သို့မဟုတ်) ၂ လ ကြိုတင်အကြောင်းကြားရမည် ဖြစ်သည်။" ဟူ၍ ထည့်သွင်းချုပ်ဆိုတတ်ကြပါသည်။


သို့ဖြစ်ရာ မထားလို၊ မနေလိုသူဘက်က သတ်မှတ်ချက်အတိုင်း ကြိုတင် အကြောင်းမကြားမချင်း ငှားရမ်းမှုကို တည်ရှိနေသည်ဟု မှတ်ယူစရာ ဖြစ်ပါသည်။တစ်နည်းဆိုသော် ငှားရမ်းမှု ရပ်ဆိုင်းခြင်းကို အိမ်ရှင်ဘက်နှင့် အိမ်ငှားဘက် နှစ်ဘက်စလုံးကို အခွင့်အရေးပေးခြင်း ဖြစ်ပါသည်။





"နှစ်ချုပ်" ငှားရမ်းမှုစာချုပ်မှာမူ မထားလို၊ မနေလိုက ကြိုတင် အကြောင်းကြားရန်ကိစ္စ ပါရှိရန်မလိုဘဲ စတင်ငှားရမ်းသည့် အချိန်မှအစပြု၍ (၁)နှစ်တိတိ ငှားရမ်းခြင်းဖြစ်ရာ (၁)နှစ်သက်တမ်းပြည့်သည်နှင့် စာချုပ်သက်တမ်းလည်း စေ့၊ ငှားရမ်းခြင်းလည်း ဆုံးခန်းတိုင် ရောက်ပါသည်။


သို့သော် အချို့သော "နှစ်ချုပ်" ငှားရမ်းမှုစာချုပ်တို့တွင် အောက်ပါစာပိုဒ်ကို မလိုအပ်ဘဲ  ထည့်သွင်းချုပ်ဆို ကြသည်ကို တွေ့ရသည်။" အိမ်ရှင်ကသော်လည်းကောင်း၊အိမ်ငှားကသော်လည်းကောင်း မထားလို၊ မနေလိုက ၁ လ (သို့မဟုတ်) ၂ လ ကြိုတင်၍ အကြောင်းကြားရမည်" ဆိုသည့်အချက် ဖြစ်ပါသည်။


စင်စစ် "နှစ်ချုပ်" ငှားရမ်းမှုစာချုပ်အရ သက်တမ်း(၁)နှစ်ပြည့်သည်နှင့် ကြိုတင်အကြောင်းကြားရန်မလိုဘဲ အလိုအလျောက် စာချုပ်သက်တမ်းကုန်ဆုံးပါသည်။ငှားရမ်းမှုမှာလည်း ဆုံးခန်းသို့ ရောက်ပါသည်။သို့သော် ဖော်ပြပါ အချက်ကို "နှစ်ချုပ်" ငှားရမ်းမှုစာချုပ်တွင် ထည့်သွင်းချုပ်ဆိုလိုက်သောအခါ (၁)နှစ်သက်တမ်းပြည့်သည်ပင်ဖြစ်သော်လည်း ၂ လ ကြိုတင် အကြောင်းကြားခြင်းမရှိပါက စာချုပ်သက်တမ်း မကုန်ဆုံးသေးသည့်သဘော၊ ငှားရမ်းမှု ဆုံးခန်းမတိုင်သေးသည့်သဘော ဖြစ်သွားပါသည်။


ထို့အပြင် အငြင်းပွားစရာများ ပေါ်ပေါက်ပါသည်။"နှစ်ချုပ်" ငှားရမ်းမှု စာချုပ်သက်တမ်း  ကုန်ဆုံးသောရက်သည် ငှားရမ်းမှု ဆုံးခန်းတိုင်သောရက် ဖြစ်သလော၊ သို့မဟုတ် သုံးလသာနေထိုင်ပြီး မထားလိုတော့သဖြင့် ကြိုတင် ၂ လ အကြောင်းကြားသောရက် စေ့ရောက်ချိန်သည် ငှားရမ်းမှု ဆုံးခန်းတိုင်သောရက် ဖြစ်သလော၊ သို့မဟုတ် (၁)နှစ်ကျော်ပြီးနောက်တွင် ၂ လ ကြိုတင် အကြောက်းကြားရာ အဆိုပါ အကြောင်းကြားသော ၂ လပြည့်မြောက်သောနေ့သည်ပင် ဆုံးခန်းတိုင်သောရက် ဖြစ်သလော ဆိုသည့် အငြင်းပွားစရာများ ဖြစ်ပါသည်။





ထိုသို့ ရှုပ်ထွေးမှုများ၊ အငြင်းပွားစရာများ မဖြစ်စေရန် "နှစ်ချုပ်" ငှားရမ်းသော စာချုပ်တွင် "မထားလို မနေလိုက ၂ လ ကြိုတင် အကြောင်းကြားရမည်" ဆိုသည့် မဆီမဆိုင်ကိစ္စများ ထည့်သွင်း မချုပ်ဆိုမိကြဖို့  အရေးကြီးကြောင်း အသိပေး ဖော်ပြလိုက်ရပေသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ်ရှင်အိမ်ငှားကိစ္စ သိမှတ်ဖွယ်ရာအဖြာဖြာ


အိမ်မြေဝယ်လျှင် အထူးသတိပြုရမည့် စာရွက်စာတမ်း အတုများ


သစ်တံခါးဆရာတော်၏ မြေပိုင်ရှင် အိမ်ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း


ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ


Credit : realestatejunction1
Posted By : Sint Sint (ShweProperty.com)