ကျွန်တော်တို့နိုင်ငံမှာတော့ ပိုးဟပ် ကြောက်တဲ့သူတွေရော၊ ပိုးဟပ်တွေ ရှိတဲ့နေအိမ်တိုက်ခန်းတွေ အရမ်းများတာ သတိထားမိမှာပါ။ ပိုးဟပ်ကို အကောင်အနေနဲ့ မြင်ရင်ကြောက်တာမျိုးလည်း ရှိသလို ရုတ်တရက် ထပျံလာရင် အားကနဲအော်ပြီး လန့်သွားတတ်တဲ့သူတွေလည်း အများကြီးပါပဲ။ ပိုးဟပ်တွေက လူတွေကို ကြောက်ရွံ့စေရုံသာမက ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဒုက္ခဖြစ်စေနိုင်တဲ့ အရာတွေကို သယ်ဆောင်လာနိုင်တယ်ဆိုတာကို မမေ့ထားသင့်ပါဘူး။

ပိုးဟပ်တွေက မိသားစု ကျန်းမာရေးကို အခုလိုတွေ ထိခိုက်စေနိုင်ပါတယ်။

ပိုးဟပ်က ကိုက်နိုင်လား။

တခြားသော အင်းဆက်ပိုးမွှားတွေလိုမဟုတ်ဘဲ ပိုးဟပ်တွေက လူတွေကို ကိုက်တာမျိုးတော့ မလုပ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခြေထောက်မှာရှိတဲ့ ဆူးချွန်လေးတွေက လူ့အရေပြားနဲ့ ထိမိတဲ့အခါ ကုတ်မိသလို ဖြစ်သွားတတ်ပြီး အလွယ်တကူ ပွန်းပဲ့ရှနာဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပေါင်းစုံ သယ်ဆောင်နေတဲ့ ပိုးမွှားအုပ်စုဖြစ်တဲ့အတွက် ဒီကုတ်မိလိုက်တဲ့ ဒဏ်ရာကနေ ပိုးဝင်သွားနိုင်ပါတယ်။

ပိုးဟပ်သည် ဘယ်လိုရောဂါပိုးမွှားတွေကို သယ်ဆောင်နိုင်လဲ။
မြေပြင်နေရာအနှံ့ကို လျှောက်သွားနေတဲ့ ပိုးဟပ်တွေမှာ Salmonella၊ Staphylococcus၊ Streptococcus အစရှိတဲ့ ရောဂါပိုးမွှားတွေကို တွေ့ရတတ်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ကာလဝမ်းရောဂါ၊ တိုက်ဖွိုက်ရောဂါ အစရှိတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် ပိုးဟပ်တွေက အစားအစာတွေပေါ် ဖြတ်ပြေးလိုက်တာ၊ နားနေတာ၊ အညစ်အကြေးစွန့်လိုက်တာ၊ ဥ ဥလိုက်တဲ့အခါမျိုးမှာ ဒီရောဂါပိုးတွေက အစာပေါ်ကို ရောက်သွားပြီး အဲ့ကနေတစ်ဆင့် လူတွေရဲ့ ဝမ်းဗိုက်ထဲသို့ တိုက်ရိုက်ရောက်သွားပါတယ်။

နောက်ထပ်ရော ဘယ်လိုကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်လဲ။

လူတွေသတိမထားမိတဲ့ ဓာတ်မတည့်ခြင်း အကြောင်းရင်းတွေထဲမှာ ပိုးဟပ်လည်း ပါဝင်နေပါတယ်။ ပိုးဟပ်ရဲ့ ကိုယ်ခန္ဓာမှာ ရှိတဲ့ အနံ့တွေအပြင်၊ မစင်၊ ကျွတ်သွားတဲ့ အတောင်ပံနဲ့ ကိုယ်လက်အင်္ဂါအပိုင်းအစတွေ၊ ဥတွေ၊ သွားရည်တွေကြောင့် ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်တယ်။ ရောဂါလက္ခဏာအနေနဲ့ အရေပြားမှာ အနီကွက်၊ အင်ပျဉ်များထခြင်း၊ အဖုအပိမ့်တွေ ထွက်လာခြင်း၊ အလွန်အမင်းယားယံခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရှိသူတွေနဲ့ အသက်ငယ်သေးတဲ့ ကလေးငယ်တွေမှာ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။



ကိုယ့်အိမ်က ပိုးဟပ်တွေကို ဘယ်လိုရှင်းထုတ်မလဲ။

၁။ တစ်အိမ်လုံးမှာ ရှိတဲ့နံရံတွေ (အထူးသဖြင့် မီးဖိုချောင်၊ အိမ်သာနဲ့ ရေချိုးခန်းနံရံ) ကို အပေါက်တွေ၊ အက်ကွဲကြောင်းတွေ ရှိ၊ မရှိ စစ်ဆေးပါ။ ရှိတယ်ဆိုရင် အမြန်ဖာထေးပါ။ ပိုးဟပ်တွေက ဒီအက်ကွဲကြောင်းတွေထဲမှာ အမြဲနေထိုင်သွားလာကျက်စားတတ်ကြပါတယ်။

၂။ တစ်အိမ်လုံးမှာ ဆက်သွယ်ထားတဲ့ ရေပိုက်တွေကိုလည်း ရေယိုစိမ့်မှု၊ အပေါက်တွေ ရှိ၊ မရှိ စစ်ဆေးပါ။

၃။ အိမ်ကြမ်းပြင်၊ မျက်နှာကျက်တွေကို တတ်နိုင်သလောက် ခြောက်သွေ့အောင် ထားပေးပါ။

၄။ စားစရာတွေ ချက်ပြီးတိုင်း အုပ်ဆောင်းနဲ့ လုံခြုံစွာ ဖုံးအုပ်ထားပါ။ မချက်ရသေးတဲ့ စားစရာတွေကို လေလုံတဲ့ အိတ်၊ အထုပ်၊ ဘူးတွေထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။

၅။ အမှိုက်တွေကို ပုံနေအောင်မထားပါနဲ့၊ နေ့တိုင်းစွန့်ပစ်ပါ။ အမှိုက်ပစ်စရာမရှိရင် အမှိုက်ပုံးကို အဖုံးအုပ်ပေးထားပါ။ စားစရာတွေကိုလည်း အမှိုက်ပုံးဘေးမှာ စုပုံထားတာမျိုး လုံးဝမလုပ်ပါနဲ့။

၆။ စားပြီးသားပန်းကန်ကို ချက်ချင်းဆေးပါ။

၇။ အိမ်မှာ တိရစ္ဆာန်လေးတွေ မွေးထားတယ်ဆိုရင် သူတို့ရဲ့ အိပ်ရာတွေ၊ အစားစားတဲ့ ရေသောက်တဲ့ ပန်းကန်၊ ခွက်တွေကို အမြဲသန့်ရှင်းရေး လုပ်ပေးပါ။

၈။ စားပွဲ၊ ကြမ်းခင်းမှာ ထမင်းဟင်း အစအနတွေ ကျမကျန်ခဲ့အောင် ဂရုစိုက်ပါ၊ အမြဲတမ်း တံမြက်စည်းလှဲပြီး သန့်ရှင်းရေးလုပ်ပေးပါ။

၉။ အိမ်ကို ဖုန်တက်နေအောင် ပစ်မထားပါနဲ့။

၁၀။ အဝတ်ဘီဒိုတွေ၊ ပန်းကန်ထားတဲ့စင်၊ အံဆွဲတွေကို အမြဲဖွင့်စစ်ပါ၊ သန့်ရှင်းရေးလုပ်ပါ။

နောက်ထပ် ဘာတွေသတိထားသင့်လဲ။
ပိုးဟပ်ကို နင်းမိသွားတဲ့အခါ ခြေထောက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာပြောင်စင်အောင် တိုက်ချွတ်ဆေးကြောပါ။ ပိုးဟပ် အသေကို အမြန်လွှင့်ပစ်ပြီးတာနဲ့ နင်းမိတဲ့ကြမ်းပြင်ကို ဆပ်ပြာ သို့မဟုတ် အရက်ပြန်နဲ့ ပြန်တိုက်ပြီး ဆေးကြောရပါမယ်။ ဓာတ်မတည့်လက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ နီးရာဆေးခန်းကနေ ဓာတ်မတည့်တာ သက်သာစေတဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ပြင်းထန်ရင်တော့ ဆေးရုံ၊ ဆေးခန်းသွားသင့်ပါတယ်။

ပိုးဟပ်က မသန့်ရှင်းတဲ့အိမ်တွေနဲ့ အိုဟောင်းနေတဲ့ တိုက်ခန်းများမှာ အတွေ့များပြီး တစ်အိမ်မှာ ပိုးဟပ်တွေ စုပုံနေပြီဆိုတာနဲ့ ကိုယ့်အိမ်ဘေးမှာ ရှိတဲ့တိုက်ခန်း၊ အိမ်တွေဆီကိုပါ လျင်မြန်စွာ ပျံ့နှံ့သွားတာကြောင့် တစ်ရပ်ကွက်လုံး ညီညီညွတ်ညွတ်နဲ့ အိမ်သန့်ရှင်းရေးလုပ်မှသာ ပိုးဟပ်ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာပါ။

Credit By : Hello Sayarwon
Posted By : Ra Wai (ShweProperty.com)