မြေချပါမစ် ရထားသည့် မြေကွက်အတွက် မည်မျှကြာလျှင် မြေဂရန်လျှောက်နိုင်သည် ဟူသည့် သတ်မှတ် ပြဌာန်းချက်ကို မတွေ့ဖူးပါ။ မြေချပါမစ် ဟူသည် ဥပဒေအရ အစိုးရမြေကို တရားမဝင် အသုံးပြုခွင့်ပေးထားခြင်း သာ ဖြစ်ပါသည်။ မြေငှားဂရန် ရရှိမှသာ တရားဝင် အသုံးပြုခွင့် ရရှိခြင်း ဖြစ်ပါသည်။ လျှောက်ထားရေးအတွက် ဆိုပါမူ ရှေးဦးစွာ မြေပုံမြေရာဇဝင်ကို ကူးယူခွင့် လျှောက်ထားရပါမည်။ ရန်ကုန်နှင့် မန္တလေးမြို့ပေါ်ဖြစ်ပါက မြို့တော်စည်ပင်၊ နေပြည်တော် နယ်မြေဖြစ်ပါက နေပြည် တော် စည်ပင်၊ ကျန်ဒေသများဖြစ်ပါက မြေစာရင်းဌာန ဟု သိကြသည့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့တွင် လျှောက် ထားရမည်ဖြစ်ပါသည်။ ယင်းမြေပုံ၊ မြေရာဇဝင် ရရှိပါက သတ်မှတ်လျှောက်လွှာပုံစံတွင် မြေချပါမစ်ကိုပါ ပူးတွဲ၍ လိုအပ်သော အထောက် အထားများနှင့်တကွ လျှောက်ထားရပါမည်။ ဤတွင်လည်း ရန်ကုန်နှင့် မန္တလေးမြို့ပေါ်ဖြစ်ပါက မြို့တော်စည်ပင်၊ နေပြည်တော် နယ်မြေဖြစ်ပါက နေပြည်တော် စည်ပင်၊ ကျန်ဒေသများဖြစ်ပါက မြို့နယ် အထွေထွေ အုပ် ချုပ်ရေး ဦးစီးဌာန မှတဆင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သို့ လျှောက်ထားရန် ဖြစ်ပါသည်။



သို့ရာတွင် ဤနေရာတွင် သတိပေးလိုသော အချက် တစ်ရပ် ရှိပါသည်။ မြေချပါမစ် ရရှိထားသည့် နေရာ အများစုသည် ယခင်က မြို့မြေတိုးချဲ့ရေး ကော်မတီက မြေကွက်ရိုက်ကာ၊ မြေစည်ပင်စရိတ် ပေးသွင်းစေ လျှက်၊ ပါမစ်များ ထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ မြို့မြေ စီမံခန့်ခွဲရေး သဘော တရား အရ ယင်းမြေကွက်များကို မြေ နယ်သတ်အက်ဥပဒေအရ ပိုင်ဆိုင်မှု စုံစမ်းခြင်း Tenure Enquiry ပြုလုပ်ခြင်း၊ နယ်နိမိတ် ကြပ်မတ်ရေး အရာရှိ Demarcation Officer ၊ နယ်နိမိတ် သတ်မှတ်ရေးအရာရှိ Boundary Officer တို့က ဦးပိုင်အမှတ်များနှင့်တကွ ၆၄ လက်မ လျှင် တစ်မိုင် စကေးရှိသည့် မြို့မြေပုံ နှင့် မြို့မြေစာရင်း Town Land Roll ပြုစုခြင်း တို့ ဆောင်ရွက် ထားသည့် မြေဖြစ်ရန် လိုအပ်ပါသည်။ သို့မှသာ မြေချပါမစ် ပါ မြေကွက်အမှတ် သတ်မှတ်ထားသည့် မြေကွက် သည် မည်သည့် မြေတိုင်းရပ်ကွက် မှ မည်သည့် ဦးပိုင်အမှတ် ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားစေမည် ဖြစ်ပါ သည်။ သို့မှသာ မြေငှားဂရန် ထုတ်ပေးပြီးနောက် အရှုပ်အရှင်း ကင်းမည် ဖြစ်ပါသည်။

ယင်းသို့မဆောင်မရွက်မှု ကြောင့် မြန်မာနိုင်ငံဒေသ အချို့တွင် ပါမစ်ပါ မြေကွက် အမှတ်များ ထပ်နေခြင်း၊ မြေ ကွက်နေရာ လွဲမှားစွာ မြေဂရန် ထုတ်ပေးမိခြင်း၊ မြေတစ်ကွက်တည်း ဂရန် နှစ်ခု ထုတ်ပေးမိခြင်း စသည့် ပြ ဿနာများ ပေါ်ပေါက်နေရပါသည်။ သို့ပါ၍ မြေချပါမစ်ရထားပြီး မြေဂရန်လျှောက်မည့် မြေသည် မြေနယ် သတ်အက်ဥပဒေ အရ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ ရှေးဦးစွာ စုံစမ်းပါရန် အကြံပြုလိုပါသည်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ဂရန်သက်တမ်းကုန် မြေနှင့် အိမ်ကိုဝယ်လျှင်

အိမ်ခြံမြေ ဝယ်ယူ/ရယူ/လွှဲပြောင်းပြီးအမည်ပေါက် ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ရမည့်အချက်များ

မြေကိစ္စများအတွက် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ အရေးပါပုံ

တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

Credit By: DVB LawLab
Posted By: Ra Wai (ShweProperty.com)