နာမည်ကျော်ဟောလိဝုဒ်မင်းသားချော Brad Pitt ဟာဆိုရင် အခုချိန်ထိ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကိုခြွေထားနိုင်ဆဲ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ Brad Pitt ဟာ အနုပညာကြေးအမြင့်ဆုံး အနုပညာရှင်စာရင်းဝင်တစ်ယောက်ဖြစ်ပြီး သိပ်မကြာသေးခင်ကာလတုန်းက ဒေါ်လာ သန်း (၄၀) တန်အိမ်ကြီးတစ်လုံးဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

Brad Pitt ရဲ့ ကယ်လီဖိုးနီးယားပြည်နယ် Monterey County မှာရှိတဲ့ ဒေါ်လာသန်း (၄၀) တန်အိမ်ကြီးကို ဘယ်လိုတွေဖွဲ့စည်းတည်ဆေက်ထားလဲ၊ စံအိမ်ကြီးထဲမှာ ဘယ်လို ထူးခြားမှုတွေရှိနေလဲဆိုတာ..သိချင်ကြတဲ့ ပရိသတ်တွေအတွက် Shwe Property က တင်ဆက်ပေးလိုက်ပါတယ်ရှင်။



အခုပြောပြမယ့် Brad Pitt ပိုင်ဆိုင်တဲ့ စံအိမ်ကြီးဟာ ပင်လယ်နဲ့ကပ်ရက် Carmel မြို့လေးထဲမှာတည်ရှိပြီး (၂၀) ရာစုခေတ်က စံအိမ်ကြီးဆိုရင်လည်း မမှားပါဘူး။ ဒီစံအိမ်ကြီးကို  D.L. James လို့ခေါ်တွင်တဲ့ အမေရိကန်စာရေးဆရာတစ်ယောက်က ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာဖြစ်လို့ D.L. James အိမ်ကြီးလို့လည်း လူသိများပါတယ်။ အဲဒီ အိမ်ကြီးဟာ Brad Pitt (၁၉၉၀) ခုနှစ်ကတည်းက သဘောကျခဲ့ရတဲ့အိမ်ကြီး ဖြစ်တယ်လို့လည်းသိရပါတယ်။

Brad Pitt ရဲ့ (၂၀) ရာစုခေတ်စံအိမ်ကြီးနဲ့ပတ်သက်လို့ ထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ထိုအိမ်ကြီးဟာ အိမ်ခြံမြေစျေးကွက်ထဲမှာ လူသိရှင်ကြားရောင်းချခဲ့တာမျိုးမဟုတ်ပဲ ရောင်းသူ ၊ဝယ်သူတိုက်ရိုက်ဆွေးနွေးညှိနှိုင်းနိုင်တဲ့ သီးသန့်အိမ်ခြံမြေစျေးကွက်ထဲမှာတင် ကြော်ငြာခဲ့တာဖြစ်ပြီး ကံကောင်းစွာနဲ့ပဲ Brad Pitt  က သူ လူငယ်ဘဝကတည်းက ဝယ်ယူချင်နေတဲ့အိမ်ကြီးကို လက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ 

ကမ်းပါးစောင်းမှာ မေးတင်နေသလို ဆွဲဆောင်မှုတစ်ခုရှိနေတဲ့ အဲဒီ အိမ်ကြီးဟာ အနီးပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ စျေးအမြင့်ဆုံးနဲ့ ရောင်းထွက်ခဲ့တဲ့အိမ်ကြီးဖြစ်တယ်လို့လည်း သိရပါတယ်။

အနုပညာလက်ရာတွေ၊ ဗိသုကာလက်ရာတွေကို နှစ်သက်မြတ်နိုးတဲ့ Brad Pitt အတွက် ဒီအိမ်ကြီးက ရှေးခေတ်လက်ရာတွေရောပြွန်းပြည့်နှက်နေတဲ့ နှစ်သက်စရာ အိမ်ကြီးတစ်လုံးဖြစ်ခဲ့ပါတယ်။ စံအိမ်ကြီဟာ (၂.၅၁) ဧကမြေအကျယ်အဝန်းရှိတဲ့အပြင် စံအိမ် အသေး (၂)လုံးပါဝင်ပြီးသားဖြစ်ပါတယ်။ အိမ်ကြီးတစ်ခုလုံးကို သစ်သားအစား ဒေသထွက် သဲကျောက်တွေ၊ ဂရန်နိုက်ကျောက်တွေနဲ့ ဝန်းရံတည်ဆောက်ထားပြီး အိမ်ကြီးထဲမှာဆိုရင် (၁၉၁၄) ခုနှစ်ကဆောက်လုပ်ခဲ့တဲ့ အိပ်ခန်း(၃)ခန်း၊ ရေချိုးခန်း(၄)ခန်း၊ စတုရန်းပေ (၅၅၀)ကျယ်ဝန်းတဲ့ သစ်ပင်ပန်းမန်စိုက်ပျိုးရာ ဖန်လုံအိမ်တစ်လုံး၊ (၅၀၄) စတုရန်းပေ ကျယ်ဝန်းတဲ့ ကားဂိုဒေါင်၊ မီးလင်းဖို (၅)ခုနဲ့ဖွဲ့စည်းထားတဲ့အပြင်  (၅၈၈) စတုရန်းပေကျယ်ဝန်းတဲ့ဟောလ်ခန်းကျယ်တစ်ခုရှိနေတာကိုလည်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။



အိမ်အတွင်းပိုင်းဖွဲ့စည်းပုံကိုကြည့်မယ်ဆိုရင်လည်း ရှေးခေတ်စတိုင်ထူးခြားလှပတဲ့ဝင်ပေါက်တွေ၊ သစ်သားတံခါးတွေ၊ နံရံမှာမြှုပ်ထည့်ထားတဲ့မှန်တွေ၊ စကျင်ကျောက်နဲ့လုပ်ထားတဲ့မီးလင်းဖိုတွေအပြင် သူ့နေရာနဲ့သူ နေရာအပိုအလိုမရှိ ဖွဲ့စည်းထားတဲ့ မီးအိမ်တွေ၊ မီးဆိုင်းတွေ၊ ပန်းချီကားတွေကိုမြင်တွေ့ရပါတယ်။

Brad Pitt ဟာ Angelina Jolie နဲ့ကွာရှင်းပြတ်စဲပြီးနောက်ပိုင်း ဒီ စံအိမ်ကြီးကိုဝယ်ယူခဲ့တာဖြစ်ပြီး စတုရန်းပေ (၃၀၀၀) ကျော်ကျယ်ဝန်းတဲ့အိမ်ကြီးမှာ သူ့ရဲ့ကလေး (၆) ယောက် အလည်လာတဲ့အခါ နားနေနိုင်ဖို့ အခန်းပေါင်းများစွာလည်းပါဝင်ပါတယ်။



အိမ်ရဲ့ဘေးပတ်ပတ်လည်ကိုကြည့်လိုက်မယ်ဆိုရင်တော့ ကျယ်ပြန့်လှတဲ့ပင်လယ်ပြင်ရှုခင်းကို ခံစားရမှာဖြစ်ပြီး အိမ်ကြီးထဲမှာတော့ (၂၀) ရာစုခေတ်ကအငွေ့အသက်တွေကို ပြန်လည်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ Brad Pitt မှာ အခြားတန်ဖိုးကြီးဇိမ်ခံအိမ်တွေလည်း များစွာပိုင်ဆိုင်ထားပြီး အခုပြောပြခဲ့တာကတော့ သူနောက်ဆုံးဝယ်ယူထားတဲ့ ကမ်းပါးစောင်းက (၂၀)ရာစုစတိုင် စံအိမ်ကြီးအကြောင်းပဲဖြစ်ပါတယ်။ Brad ဟာ ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်လက်ရိုက်ကူးနေပြီး အနားယူချင်တဲ့အခါ ပင်လယ်ရှုခင်းကိုလှမ်းမျှော်ကြည့်နိုင်တဲ့ သူ့ရဲ့စံအိမ်ကြီးကို မကြာခဏလာရောက်လည်ပတ်လေ့ရှိတယ်လို့လည်းသိရပါတယ်။



လက်ရှိမှာတော့ Brad Pitt ကို ဇနီးဟောင်း Jolie က လက်ရောက်မှုနဲ့ တရားစွဲဆိုထားတာကြောင့် Brad Pitt တစ်ယော​က် သူဝယ်ယူထားတဲ့ ဇိမ်ခံအိမ်ကြီးထဲမှာ အေးအေးဆေးဆေးအနားမယူနိုင်ဘဲ တရားရင်ဆိုင်ဖို့ ပြင်ဆင်နေရမယ့်ပုံပါပဲ။  အခုပြောပြသွားတာကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် Brad Pitt ရဲ့ (၂၀) ရာစုခေတ်က စံအိမ်ကြီးအကြောင်းပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

ဗိုလ်ကြီးတို့စုံတွဲ HYUN BIN နဲ့ SON YE JIN ရဲ့ မင်္ဂလာဦးအိမ်ကြီးကို အလည်သွားကြမယ်

လီမင်ဟိုပိုင်ဆိုင်တဲ့ US $4 သန်းကျော်တန်အိမ်ကြီးကို အလည်တစ်ခေါက်

စော်ကြည်ဘဲ LEONARDO ပိုင်ဆိုင်တဲ့ဒေါ်လာသန်းကျော်တန် အိမ်ကြီးတွေအကြောင်း

ကမ္ဘာ့အဝယ်လိုက်ဆုံး အိမ်ကြီးတွေအကြောင်း

Posted By : Ra Wai (ShweProperty.com)