အမွေဆိုင်ဖြစ်စေ၊ အရေးတကြီး ငွေလိုခြင်းကြောင့်ဖြစ်စေ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေတို့ကို ခွဲစိတ်ရောင်းချကြလေ့ ရှိပါတယ်။ မြေခွဲစိတ်ခြင်းဟာ ဥပဒေနဲ့အညီ ခွဲစိတ်မှသာ တရားဝင်ပါတယ်။ မိဘတွေ ကွယ်လွန်သွားခြင်းကြောင့် အမွေချန်ခဲ့တဲ့ အိမ်ခြံမြေကို ကျန်ရစ်သူ သားသမီးတွေက အညီအမျှ ခွဲစိတ်ရောင်းချမယ် ( သို့မဟုတ် ) နေထိုင်မယ် ( သို့မဟုတ် ) အကြွေးကျန်တွေ ရှိနေခြင်းကြောင့် ခြံတစ်ခုလုံးလည်း မရောင်းချင်ဘူး၊ နည်းနည်းချင်းစီ ဖဲ့ပြီးပဲ ရောင်းချင်တယ် ဆိုသူတွေအတွက် မြေခွဲစိတ်ရာမှာ သိထားသင့်တဲ့ အချက်လေးတွေကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်နော်။ 

ဂရန်မြေ၊ ဘိုးဘွားပိုင်မြေတွေကို ခွဲစိတ်မယ် ဆိုရင်

(က) ခွဲစိတ်ပြီးမြေဟာ မျက်နှာစာ အနည်းဆုံးပေ (၂၀) ရှိရပါမယ်။
(ခ) ခွဲစိတ်ပြီး မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၁၂၀၀ ရှိရပါမယ်။
(ဂ) ခွဲစိတ်ပြီး မြေကွက်အားလုံး ဝင်လမ်းထွက်လမ်း ရှိရပါမယ်

မြေခွဲစိတ်ဖို့အတွက် လျှောက်ထားရာမှာ လိုအပ်တဲ့ အထောက်အထားတွေကတော့

၁။ နိုင်ငံသားစိစစ်ရေးကတ်မိတ္ထူ
၂။ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ 
၃။ တရားရုံးအမိန့် ဒီဂရီ၊
၄။ သေတမ်းစာ အတည်ပြု လက်မှတ်၊ 
၅။ အမွေဆက်ခံခွင့်လက်မှတ်၊ 
၆။ ကျမ်းကျိန်လွှာ၊ 
၇။ မှတ်ပုံတင်ထားတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (သို့) အထွေထွေ ကိုယ်စားလှယ်လွှဲစာ မိတ္ထူများ။
၈။ မြေကွက်ပူးတွဲပိုင်ရှင်ရဲ့ သဘောတူညီချက်နဲ့ သူ့ရဲ့မှတ်ပုံတင်မိတ္ထူတို့ လိုအပ်ပါတယ်။



မြေကွက်ခွဲစိတ်ရာမှာ အောက်ပါလုပ်ငန်းတွေ ဆောင်ရွတ်ဖို့ လိုအပ်ပါတယ်။

၁။ မြေပုံ၊ မြေရာဇဝင်လျှောက်ထားခြင်း။
၂။ မြေတိုင်းလျှောက်ထားခြင်း။
၃။ လိုင်စင်ရ အင်ဂျင်နီယာနဲ့ မိမိနှစ်သက်တဲ့အတိုင်း ခွဲစိတ်မြေပုံရေးဆွဲခြင်း။
၄။ မြေတိုင်းလျှောက်ထားခြင်း။
၅။ အမှားပြင်၊ မြေပုံရာဇဝင်လျှောက်ထားခြင်း။
၆။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အမှားပြင်ဆင် စာချုပ်ချုပ်ဆိုခြင်း။
၇။ ဂရန်မြေဖြစ်ပါက မြေစာရင်းမှာ ဂရန်စာချုပ် ခွဲစိတ်ပေးရန် လျှောက်ထားရမှာဖြစ်ပြီး မြေပိုင်မြေဖြစ်ပါက မြေကွက်ခွဲစိတ်ခြင်း မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းတို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေ ပြည့်စုံမှန်ကန်ပြီဆိုရင်တော့ လုပ်ထုံးလုပ်နည်းများနဲ့ အညီတိုင်းတာပြီး မြေစာရင်းမှာ တရားဝင် ခွဲစိတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ 

အထက်ပါဖော်ပြချက်ထဲမှ အချက်အလက်တွေကို ဆရာကြီး Kyi Soe (I.C) ၏ သင်ပြချက်တွေထဲမှ ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မသိသူကျော်သွား၊ သိသူဖော်စား အိမ်တန်ဖိုး ပိုမြင့်စေမယ့် လျို့ဝှက်ချက်များ

သိထားသင့်တဲ့ အိမ်ရှင်၊ အိမ်ငှားပြဿနာများ

ဂရန်မြေအကြောင်း သိကောင်းစရာ

အိမ်၊ခြံ၊မြေ အမြန်ရောင်းထွက်စေဖို့ အစီအရင်များ

Posted By : Ra Wai (ShweProperty.com)