တရုတ်လူမျိုးတွေ၊သူဌေးတွေရဲ့ အိမ်မှာ ပီခြူးကို အဆောင်ရုပ်တုအဖြစ်ရော လက်ကောက်၊ လက်စွပ်၊ဆွဲကြိုးစတဲ့ ရတနာတွေအဖြစ်ရော ဆောင်ထားကြတာ တွေ့ဖူးကြမယ်ထင်ပါတယ်။ တရုတ်လူမျိုးတွေဒီလောက် စွဲစွဲလန်းလန်း၊ ရူးရူးသွပ်သွပ်ဆောင်ထားကြတဲ့ ပီခြူးကတကယ်ရော စွမ်းလို့လား၊ ဘာအကျိုးအာနိသင်တွေရှိလို့ပါလိမ့်။ ဒါတွေကို ဒီနေ့ Shwe Property က ပရိသတ်တွေအတွက် ပြောပြပေးချင်ပါတယ်။

ပီခြူးရတနာ

ပီခြူးလို့ခေါ်တဲ့အရုပ်ဟာ တရုတ်ရိုးရာဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်ပြီး နဂါးဦးခေါင်း၊ မြင်းခန္ဓာကိုယ်၊ ယူနီကွန်းရဲ့လက်သည်းခြေသည်းတွေနဲ့ အတောင်ပံပါတဲ့ သတ္တဝါတစ်မျိုးပါ။ ပီခြူးဟာ ရုတ်တရက်ကြည့်မယ်ဆိုရင် ခြင်္သေ့နဲ့အတော်တူပါတယ်။ ပီခြူးဟာ ရွှေငွေရတနာတွေနဲ့ချမ်းသာကြွယ်ဝမှုတွေကို ကြိုက်နှစ်သက်တဲ့ သတ္တဝါဖြစ်တာကြောင့် ပီခြူးကို ဆောင်ထားမယ်ဆိုရင် ရွှေငွေရတနာတွေပေါကြွယ်ဝပြီး ကြီးပွားချမ်းသာလာမယ်လို့ အယူရှိကြပါတယ်။ ဒါ့အပြင် ပီခြူးဟာ အိမ်မှာ အစောင့်အရှောက်အနေနဲ့ မကောင်းတဲ့ အရာတွေ၊ ကံကြမ္မာတွေကနေ ကာကွယ်ပေးပြီး ကံကောင်းမှုတွေ ယူဆောင်လာပေးမယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ 

ပီခြူးအထီးနဲ့အမ 

ဒဏ္ဍာရီတွေအရ ပီခြူးဟာ အထီးနဲ့အမရှိတယ်လို့ သိရပြီး အထီးက ခေါင်းကို ဘယ်ကို စောင်းနေပြီး အမရုပ်လေးဆိုရင်တော့ ခေါင်းကို ညာဘက်ကိုစောင်းထားတတ်ပါတယ်။ ပီခြူးကို အထီးဖြစ်စေ၊ အမဖြစ်စေ ဆောင်ထားလို့ရပြီး တစ်စုံ အစုံလိုက်ဆောင်ထားမယ်ဆိုရင်တော့ စီးပွားဥစ္စာတွေ နှစ်ဆပိုပြီး တိုးတက်စေမှာဖြစ်ပါတယ်။ ဒါပေမယ့် အစုံလိုက်ဝယ်မယ်ဆိုရင် တစ်ခုချင်းစီဆောင်ထားတာထက် ပိုပြီး ဂရုစိုက်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ 

ပီခြူးရတနာ ဆောင်ထားရင် ရမယ့်အကျိုးကျေးဇူးများ 

ပီခြူးရတနာကို အရုပ်နဲ့ဖြစ်စေ၊ လက်ဝတ်ရတနာအဖြစ် ဖြစ်စေ ဆောင်ထားမယ်ဆိုရင်... 

ပီခြူးဆောင်ထားသူနဲ့ အဲဒီလူရဲ့နေထိုင်ရာအနီးတစ်ဝိုက်ကို မကောင်းတဲ့ ဝိညာဉ်တွေ၊ နတ်ဆိုးတွေရန်ကနေ လွတ်အောင်ကာကွယ်ပေးခြင်း
ချမ်းသာကြွယ်ဝမှုတွေ ယူဆောင်လာပေးပြီး ချမ်းသာသည်ထက် ပိုချမ်းသာစေခြင်း
ကံကောင်းမှုတွေယူဆောင်လာပေးခြင်း၊ ဆုတောင်းပြည့်စေခြင်း
အိမ်မှာဆောင်ထားမယ်ဆိုရင် အိမ်ကလူတွေရဲ့စိတ်ကို မကောင်းမှုတွေမလွှမ်းခြုံနိုင်အောင်၊ လမ်းမှားမရောက်အောင်နဲ့ မလိုလားအပ်တဲ့ မကောင်းတဲ့ ပတ်သက်မှုတွေဖြစ်မလာနိုင်အောင် ကာကွယ်စောင့်ရှောက်ပေးခြင်း 
ဒီလိုအကျိုးကျေးဇူးတွေ ရမှာဖြစ်ပါတယ်။ 



ပီခြူးရတနာရဲ့ ဆောင်ရန်ရှောင်ရန်များ 

 လူရဲ့ခန္ဓာကိုယ်မှာ အသက်ဓာတ်ဟာ ဘယ်ဘက်ကနေ ညာဘက်ကို စီးဆင်းနေတာကြောင့် ပီခြူးကိုဝတ်မယ်ဆိုရင် ဘယ်ဘက်လက်မှာဝတ်သင့်ပါတယ်။ ဒါပေမယ့် မီးတောင်ကျောက်နဲ့လုပ်ထားတဲ့ ပီခြူးအရုပ်တွေဆိုရင်တော့ ဘယ်ဘက်မှာမဝတ်သင့်ပါဘူး။ 
ပီခြူးကို လက်ဝတ်ရတနာအနေနဲ့ ဝတ်ဆင်မယ်ဆိုရင် ပီခြူးရဲ့ခေါင်းကို လူနဲ့ဝေးရာဘက်ကို လှည့်ထားရပါမယ်။ အဲဒါမှ ပီခြူးက အပြင်ကနေ ချမ်းသာကြွယ်ဝမှုတွေနဲ့ရွှေငွေတွေကို ဆွဲယူပေးနိုင်မှာပါ။
ပီခြူးကို ကိုယ်ဝန်ဆောင်များ၊ ကိုယ်ခံအားကျဆင်းနေသူများ၊ ရာသီချိန်ရောက်နေတဲ့အမျိုးသမီးများနဲ့ အစာအိမ်ရောဂါခံစားနေရသူများ၊ ဝမ်းချုပ်နေသူများနဲ့ ခွေးနှစ်၊ ကျားနှစ်နဲ့ ယုန်နှစ်ဖွားများ မဝတ်ဆင်သင့်ပါဘူး။ 
ပီခြူးကို အိမ်မှာအရုပ်အနေနဲ့ဆောင်ထားမယ်ဆိုရင် သန့်ရှင်းပြီး မြင့်မြတ်တဲ့နေရာမှာ ထားရပါမယ်။

ပီခြူးကို မထားသင့်တဲ့နေရာများ 

ပီခြူးကို အိမ်မှာအရုပ်အနေနဲ့ ဆောင်ထားမယ်ဆိုရင် အိမ်ရဲ့တံခါးဝ၊ဒါမှမဟုတ်ပြတင်းပေါက်ကိုမျက်နှာမူပြီး အပြင်ဘက်ကို မျက်နှာမူထားတဲ့ ပုံစံမျိုးနဲ့ထားရပါမယ်။ ပီခြူးကို အိမ်အတွင်းက ရေနဲ့ နီးတဲ့နေရာ၊ ငါးကန်၊ အိပ်ရာခေါင်းရင်း၊ အိပ်ခန်း၊ အလုံပိတ်နေရာ၊ မှန်နဲ့နီးတဲ့နေရာနဲ့ ဗုဒ္ဓဆင်းတုတော်တွေနဲ့အနီးတစ်ဝိုက်မှာ မထားသင့်ပါဘူး။ အဲဒီလိုနေရာတွေမှာ ထားမိမယ်ဆိုရင် အိမ်ကလူတွေကို ခိုက်စေတတ်ပါတယ်။ 

Shwe Property ရဲ့ စာဖတ်သူတွေထဲမှာ ပီခြူးရတနာကိုယုံကြည်သူတွေရှိမယ်ဆိုရင် ဒီဆောင်းပါးလေးက အကျိုးတစ်စုံတစ်ရာဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်ရှင်။ ပီခြူးရတနာကို နည်းမှန်လမ်းမှန်နဲ့ ဆောင်ထားနိုင်ပြီး စီးပွားဥစ္စာတွေ ဒီရေအလားတိုးပွားကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

MERCURY RETROGRADE ကို ဖုန်းရွှေပညာနဲ့ ကာကွယ်နိုင်မယ့် နည်းလမ်းများ 

အိမ်တွင်းရေးသာယာပြီး စီးပွားတက်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလမ်းများ 

နှစ်သစ်မှာ အိမ်မှာ ကံအဆိုးအညံ့တွေပျောက်အောင် ဖုန်းရွှေနည်းအရ ဒီလိုသန့်စင်ပါ 

ချစ်စရာကောင်းတဲ့ အိမ်ရှေ့မျက်နှာစာလေးဖြစ်ဖို့ ပြင်ဆင်နည်း အသွယ်သွယ် 

Posted By : John (ShweProperty.com)