ဟိုးရှေးယခင် ကတည်းက မှန်( ကြေးမုံ) တွေကို အလှအပအတွက် သာမက ဂမ္ဘီရ နယ်ပယ်တွေ၊ မှော်နဲ့ မမြင်ရတဲ့ အတားအဆီးတွေ၊ ကံအညံ့တွေကို ဖယ်ရှားရန်အတွက်လည်း တပ်ဆင် အသုံးပြုကြလေ့ ရှိပါတယ်။ မှန်တွေဟာ ကောင်းတဲ့ ဖုန်းရွှေစွမ်းအင်ကို ပံ့ပိုး ပေးနိုင်သလို သုံးစွဲတာ မမှန်ကန်ဘူးဆိုရင်လည်း အိမ်ရဲ့ စီးပွားရေး၊ အိမ်မှာနေထိုင်သူတို့ရဲ့ စိတ်စွမ်းအင်၊ စဉ်းစားဆင်ခြင်တွေးတောမှု ပုံစံတွေမှာ မကောင်းတဲ့ အကျိုးဆက်တွေ သက်ရောက်စေနိုင်ပါတယ်။ ယနေ့ခေတ်မှာတော့ မှန်တွေကို ပုံသဏ္ဌာန် အရွယ်အစား မျိုးစုံနဲ့ အလွယ်တကူဝယ်ယူလို့ ရနေပြီ ဖြစ်ပေမယ့် မှန်တွေကို တလွဲမသုံးမိစေဖို့နဲ့ အိမ်မှာလိုတာထက်ပို မထားမိစေဖို့ ဂရုစိုက်သင့်ပါတယ်။ 

တစ်ချို့အိမ်တွေမှာဆိုရင် အိမ်ရှေ့မှာ မှန်ချိတ်ထားတာတို့၊ ထုတ်တန်းမှာ မှန်ချိတ်ထားတာတို့ မြင်တွေ့ရလေ့ ရှိပါတယ်။ ဒါဆိုရင် ကြည့်မှန်လေးတစ်ချပ် ချိတ်ဆွဲထားရုံနဲ့ ဘယ်လိုကိစ္စတွေမှာ အဆင်ပြေ ချောမွေ့စေလဲ? အိမ်တွေဆိုင်တွေ အနေနဲ့ ဘယ်လိုနေရာတွေမှာ ချိတ်ဆွဲထားသင့်လဲ? စတဲ့ မှန်တစ်ချပ်ရဲ့ အသုံးဝင်ပုံတွေကို အောက်မှာ ဆက်ဖတ်ကြည့်လိုက်ကြစို့။ 

ဆန်းဗေဒင်မှာ မိမိအိမ်ထက် ခြေရင်းခေါင်းရင်းအိမ်က မြင့်နေရင် အိမ်မှာအညံ့ ရှိတတ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး၊ စီးပွားရေး ညံ့တတ်တာမျိုး ရှိတတ်ပါတယ်။ နောက်ပြီး အိမ်ရှေ့အိမ်က အရမ်းမြင့်ပြီး ခေါင်မိုးအရိပ်က မိမိအိမ်ကို ထိုးကျနေရင်လည်း ကံညံ့တတ်တယ်လို့ ဆိုပါတယ်။



အဲဒီလို နေအိမ်တွေဆိုရင် ပြတင်းပေါက်မှာ ကြည့်မှန်တစ်ချပ် တပ်ထားလိုက်ခြင်းဖြင့် ကံအညံ့တွေပြယ်စေပြီး လုပ်ကိုင်သမျှ အကြံအစည်များ အားလုံးအောင်မြင်စေနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ကြည့်မှန်မှာ အစင်းကြောင်းရာ၊ အက်ကွဲကြောင်းရာ စတဲ့ ပြစ်ချက်လေးတွေ ထင်မနေဖို့တော့ လိုပါတယ်။ တကယ်လို့ အစင်းကြောင်းရာတွေ ထင်လာပြီဆိုရင်တော့ မှန်အသစ်တစ်ချပ်သာ လဲတပ်သင့်ပါတယ်နော်။ 

မျက်နှာကျက် မရှိတဲ့ နေအိမ်တွေမှာဆိုရင် ထုတ်တန်းတွေကို အရှင်းသားမြင်ရတာကြောင့် အိပ်တဲ့အခါ ဘီလူးစီးသလို အသက်ရှုကြပ်တာမျိုး၊ ထုတ်တန်းအောက် တည့်တည့်မှာ အလုပ်လုပ်ရင်လည်း အလုပ်ဝန်ပိသလို၊ မနိုင်ဝန် ထမ်းရသလို စတဲ့ မအီမသာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ အဲ့ဒီ့လို ခံစားရလေ့ ရှိရင်တော့ ထုတ်တန်းမှာ မှန်တစ်ချက် ချိတ်ဆွဲထားလိုက်ခြင်းဖြင့် မကောင်းတဲ့ အငွေ့အသက်တွေကို ပျောက်ကွယ်စေပါတယ်။  

အိမ်မှာ အိမ်အကူ မမြဲခြင်း၊ အိမ်အကူမှ ငွေလိမ်ပြေးခြင်း စတဲ့ ကိစ္စတွေ ကြုံလာရပြီဆိုရင်လည်း မီးဖိုချောင်မှာ မှန်ကြီးကြီးတစ်ချပ် ချထားလိုက်ခြင်းဖြင့် အိမ်အကူမြဲခြင်း၊ အစားအသောက်ပေါများခြင်းဆိုတဲ့ ကောင်းတဲ့ကံတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထို့အတူပဲ ဝန်ထမ်းမမြဲတဲ့ ရုံးတွေ၊ ကုမ္ပဏီတွေမှာဆိုရင် ဝန်ထမ်းတွေ ထမင်းစားခန်းမှာ မှန်ချိတ်ထားမယ်ဆိုရင် ဝန်ထမ်းမြဲစေတယ်၊ အလုပ်တွင်စေတယ်လို့ မှတ်သားရပါတယ်။

စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင် ငွေသိမ်းကောင်တာတွေမှာလည်း မှန်ကြီးကြီးတစ်ချပ် ချိတ်ထားမယ်ဆိုရင် စီးပွားတက်ခြင်း၊ ဈေးရောင်းကောင်းခြင်း ဝင်ငွေ ၂ ဆ တိုးခြင်းတို့ ဖြစ်ပေါ်လာစေပါတယ်။ 

နောက်ပြီး မိမိနေအိမ်ဟာ လှေဦးတိုက်၊ လှည်းဦးတိုက် နေရာမှာ တည်ရှိရင်လည်း ကံအညံ့တွေ ဝင်လာတတ်တာကြောင့် မှန်တစ်ချပ် အိမ်ရှေ့မှာ ချိတ်ထားမယ်ဆိုရင် ဆိုးကံတွေ ရှောင်ဖယ်တိမ်းစေတယ်လို့ မှတ်သားရပါတယ်။ 

ကဲ.....ဒါဆိုရင် အိမ်မှာ ကံဆိုးခြင်းတွေ ရှောင်ဖယ်စေပြီး ကံကောင်းခြင်းတွေ ရောက်ရှိလာစေဖို့ ကြည့်မှန်လေးတွေကို နေရာမှန်မှန် ချိတ်ဆွဲထားရအောင်နော်။

ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဆောင်းပါးများ

သင့်အိမ် မျက်နှာမူရာ အရပ်နှင့် အဓိပ္ပာယ်များ

သင့်အိမ်နံပါတ်ကပြောတဲ့ သင့်ကံတရား

မြောက်အရပ်လှည့်တဲ့ အိမ်တွေအတွက် အန္တရာယ်ကင်းစေမယ့် ဖုန်းရွှေနည်းလမ်းများ

အိမ်တွင်းသာယာပြီး စီးပွားဖြစ်ဖို့ သိထားသင့်တဲ့ အခြေခံ ဖုန်းရွှေစည်းမျဉ်းများ

Posted By : Ra Wai (ShweProperty.com)