ခုနောက်ပိုင်း အစိုးရက မြေတွေသိမ်းတယ်၊ အိမ်ဆောက်ထားတာတွေ ဖျက်ချခိုင်းတယ် စသဖြင့် သတင်းတွေ ကြားလာရပါတယ်။ အိမ်ခြံမြေတွေဟာ ဈေးအကြီးဆုံး အရာတွေထဲမှာ ပါဝင်တာကြောင့် နေအိမ်အခိုင်အမာ ဆောက်ထားသူတွေအဖို့ ဒါဟာ အလွန်နှမြောစရာ ဆုံးရှုံးမှုတွေပါပဲ။ အထူးသဖြင့် ဒီလို အသိမ်းခံရတဲ့ မြေတွေဟာ အကွက်ရိုက်ရောင်းကြတဲ့ လယ်ယာမြေတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ လယ်ယာမြေနဲ့ ပတ်သတ်တဲ့ ဗဟုသုတလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ 

လယ်ယာမြေမှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု ပုံစံ(၇) ၊ ၁၀၅/ ၁၀၆ ပါရင် ခိုင်မာမှု ရှိနိုင်လား? 

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု ပုံစံ(၇)ရဲ့ စည်းကမ်းချက်တွေထဲမှာ 

- လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။ 
- သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က တရားဝင် ချထားခြင်း မရှိဘဲ ကျူးကျော်လုပ်ကိုင်ခြင်း မပြုရ။
- လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရ။
- လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော ရာသီသီးနှံ အမျိုးအစားမှ နှစ်ရှည်ပင် အမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်း မပြုရ။
- လယ်ယာမြေ လုပ်ပိုင်ခွင့် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက် မရှိဘဲ မည်သည့်နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသား ပါဝင်သည့် အဖွဲ့အစည်းကိုမျှ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း ( သို့မဟုတ် ) ပေးကမ်းခြင်း မပြုရ ဆိုပြီး ပါဝင်ပါတယ်။ 



၁၀၅/၁၀၆ ဆိုတာကတော့ မြေစာရင်းဌာနတွေမှာ အသုံးပြုတဲ့ မြေယာပုံစံ - ၁၀၅ ၊ မြေယာပုံစံ -၁၀၆ ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ 

မြေယာပုံစံ-၁၀၅ ဆိုတာဟာ ဦးပိုင်တခုရဲ့ မြေပုံကို ပြောတာဖြစ်ပြီး

မြေယာပုံစံ-၁၀၆ ဆိုတာကတော့ ဦးပိုင်တခုရဲ့ မြေရာဇဝင်ကို ပြောတာဖြစ်ပါတယ်။

ဒါကြောင့် ပုံစံ-၇ ဆိုတာဟာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်သပ်သပ်သာ ဖြစ်ပြီး လူနေထိုင်လို့ရတဲ့ မြေမဟုတ်ပါဘူး...

ပုံစံ-၁၀၅/၁၀၆ ဆိုတာဟာလည်း မြေပုံ၊ မြေရာဇဝင် သက်သက်သာ ဖြစ်ပြီး ရေးကူးပေးထားတဲ့ အကြောင်းအရာများမှ အပ မည်သည့် အရာမှ အာမခံချက် မပေးနိုင်ပါဘူး။ ဒါကြောင့် လုပ်ပိုင်ခွင့်ပြု ပုံစံ(၇) ၊ ၁၀၅/ ၁၀၆ ပါလို့ ခိုင်မာတယ်၊ လူနေလို့ရတယ်ဆိုတာဟာရာနှုန်းပြည့် မဟုတ်မှန်ပါဘူးလို့ပဲ ဆိုချင်ပါတယ်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

ခွင့်ပြုချက်ဘောင် ကျော်လွန်ဆောက်လုပ်ထားသည့်အိမ်ကို ဝယ်မိလျှင်

မြေကွက်ဝယ်တဲ့အခါ ပြသာနာမဖြစ်ဖို့ အခြေခံသိထားသင့်တဲ့ အရာများ

အိမ်ငှားထားရှိတဲ့အိမ်ကို ဝယ်မယ်ဆိုရင်

Posted By : Ra Wai (ShweProperty.com)